ကမ္ဘာကျော် သူဌေးကြီးတွေ ချမ်းသာလာရခြင်း အကြောင်းအရင်းနဲ့ အမူအကျင့်များ အကြောင်း

မီလျံနာသူဌေးတွေရဲ့ အကျင့်များ၊ စာရေးဆရာနဲ့ မီလျံနာသူဌေး တင်ကော်လေးက မီလျံနာသူဌေးပေါင်း ၂၃၃ ယောက်ကို သူတို့ရဲ့ အချိန်ကို ဘယ်လိုသုံးကြသလဲဆိုတာ ၅ နှစ်ကြာ တွေ့ဆုံမေးမြန်းခဲ့တယ်။ သူတို့မှာ တူညီကြတဲ့ အကျင့် ၆ ခုရှိကြတာကို တွေ့ရတယ်။ အဲဒါတွေက

၁။ အမြဲတမ်းသင်ယူလေ့လာနေကြတယ်။ မီလျံနာသူဌေးတွေရဲ့ ၄၉ ရာခိုင်နှုန်းက သူတို့ဟာ နေ့စဉ် မိနစ်အနည်းငယ်အကြာ စကားလုံးအသစ်တွေကို ကျက်မှတ်ကြတယ်။ ၆၁ ရာခိုင်နှုန်းက ပညာရပ်တစ်ခု (ဥပမာ အားကစားတစ်ခု သို့မဟုတ် အွန်လိုင်းကနေ ဘာသာရပ်တစ်ခု) ကို တစ်နေ့ အနည်းဆုံး ၂ နာရီအချိန်ပေးလေ့ကျင့်ကြတယ်။ ၆၃ ရာခိုင်နှုန်းက အလုပ်အသွားအပြန် ကားထဲမှာ ကက်ဆက်နဲ့ အသံသွင်းထားတဲ့ စာအုပ်တွေကို နားထောင်ကြတယ်။ ၇၁ ရာခိုင်နှုန်းကတော့ စိတ်ဓာတ်မြှင့်တင်ရေးစာအုပ်တွေကို ဖတ်ကြတယ်။ သူတို့ထဲက အများစုဟာ အောင်မြင်ကျော်ကြားသူတွေအကြောင်း ရေးထားတဲ့ အထုပ္ပတ္တိစာအုပ်တွေကို ဖတ်ကြတယ်။

၂။ စကားပြောခြင်းထက် နားထောင်ခြင်းကို ပိုလုပ်ကြတယ်။ သူတို့ဟာ ၅ဆ ၁ဆ နားထောင်တဲ့ ဥပဒေကို လိုက်နာကြတယ်။ အဲဒါက သူတို့ဟာ စကားပြောတဲ့ အချိန်ထက် နားထောင်တာ အချိန် ၅ ဆပိုလုပ်ကြတယ်။ သူတို့ဟာ အကြောင်းအရာတစ်ခုအပေါ် အမြင်ရှုထောင့်အမျိုးမျိုးက ဝေဖန်သုံးသပ်တာတွေကို အလေးပေးနားထောင်ကြတယ်။ သူတို့ထဲက ၈၁ ရာခိုင်နှုန်းဟာ အလုပ်ထဲကရော အလုပ်ပြင်ပက လူတွေရဲ့ အကြံပေးချက်တွေကို နားထောင်ကြတယ်။

၃။ အသင်းအဖွဲ့နဲ့ လုပ်တတ်ကြတယ်။ သူတို့ထဲက ၈၆ ရာခိုင်နှုန်းဟာ တစ်ယောက်တည်း အလုပ်မလုပ်တတ်ကြဘူး။ သူတို့ရဲ့ အားသာချက်တွေကို အာရုံထားလုပ်ကြပြီး အားနည်းချက်တွေကိုတော့ ကျွမ်းကျင်သူတွေကို လုပ်ခိုင်းတတ်ကြတယ်။ သူတို့ဟာ ရည်မှန်းချက်တူသူတွေနဲ့ ပူးတွဲလုပ်ကိုင်ကြတယ်။

၄။ အိပ်မက်ကြီးကြီး မက်ကြတယ်။ မီလျံနာသူဌေးအများစုဟာ အိပ်မက်ကြီးကြီးမက်သူတွေဖြစ်ရုံမကဘဲ သူတို့ရဲ့ အနာဂတ် (ဥပမာ ၁၀ နှစ်အကြာ)မှာ ဘာဖြစ်ချင်တယ်ဆိုတာကို စာနဲ့ရေးထားတတ်ကြတယ်။ သူမေးခဲ့တဲ့ မီလျံနာသူဌေးတစ်ယောက်က ပြောပြခဲ့တယ်။ သူဟာ ဝိုင်လုပ်ငန်းကို စိတ်ဝင်စားလို့ လုပ်ကိုင်ချင်တယ်။ သူ့မိသားစုနဲ့ မိတ်ဆွေတွေက မအောင်မြင်နိုင်ဘူးလို့ ပြောပြီး တားကြတယ်။ ဒါပေမဲ့ သူဟာ သူလုပ်ချင်တာကို ဆက်လုပ်တယ်။ ၁၅ နှစ်အကြာမှာ သူဟာ ဝိုင်လုပ်ငန်းနဲ့ ချမ်းသာသွားတယ်။

၅။ ကျန်းမာရေးကို ဂရုစိုက်ကြတယ်။ ကျန်းမာမှ အသက်ရှည်ရှည်နေရမယ်။ အလုပ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်နိုင်မယ်ဆိုတာ သူတို့သိကြတယ်။ သူတို့ဟာ ချမ်းသာတယ်၊ သုံးဖြုန်းနိုင်တယ်ဆိုပြီး သောက်စားမူးယစ်မနေကြဘူး။ အဆီအဆိမ့်တွေ စားမနေကြဘူး။ အရသာရှိတာထက် ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအသောက်ကိုပဲ စားပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ကြတယ် သို့မဟုတ် အားကစားတစ်ခုခု (ဂေါက်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်းစတာ) သို့မဟုတ် လမ်းလျှောက်တာ လုပ်ကြတယ်။

၆။ သူတို့ဟာ တွက်ချက်တဲ့ ကံစမ်းမှုလုပ်ကြတယ်။ သူတို့ထဲက ၉၄ ရာခိုင်နှုန်းက ပြောကြတယ်။ သူတို့ဟာ ဘယ်တော့မှ လောင်းကစားမလုပ်ကြဘူးတဲ့။ လောင်းကစားခြင်းဖြင့် ချမ်းသာမယ်လို့ မယုံကြည်ကြဘူး။ ဒါပေမဲ့ အခွင့်အလမ်းတစ်ခုတွေ့တဲ့အခါ အဲဒါအောင်မြင်နိုင်မယ်လို့ ယုံကြည်ရင် ရှိသမျှကို ပုံအောရင်းပြီး လုပ်တတ်ကြတယ်။ သင့်မှာ အဲဒီအကျင့်တွေရှိ မရှိဆန်းစစ်ကြည့်ရင် ချမ်းသာသူတစ်ယောက်ဖြစ်လာမလားဆိုတာ ခန့်မှန်းလို့ ရပါတယ်။ (ဗန်းမော်သိန်းဖေ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page