မော်လမြိုင်ရထားပေါ်မှာ လိုက်ရောင်းနေတဲ့ ထူးဆန်းလှတဲ့ ဖက်ကိုးလွှာ ပုဇွန်ချဉ်

မြန်မာပြည်ရဲ့ ရထားဘူတာ၊ ကားဂိတ်၊ သင်္ဘောဆိပ် အစရှိတဲ့ ခရီးသွားပြည်သူတွေ အများအပြား လာရောက်ကြတဲ့ နေရာမျိုးမှာ ဒေသထွက် စားစရာတွေကို ဂျင်းထည့်ရောင်းတဲ့ ဓလေ့ဟာ ဟိုယခင်ခေတ်ကတည်းက တွင်ကျယ်နေတာပဲ ဖြစ်ပါတယ်။

ဒေသထွက် စားစရာတွေအကြောင်း သိပ်မသိတဲ့ ခရီးသွားဧည့်သည်တွေကို မတန်တဆ ဈေးနဲ့ အရည်အသွေး နိမ့်တဲ့ ပစ္စည်းတွေ အတင်း ထိုးရောင်းတဲ့ ဓလေ့ဟာ မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အပြုအမူ တခုပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ရထားပေါ်မှာ လိုက်ရောင်းတဲ့ ပစ္စည်းတွေ အများစုဟာ ဂျင်းထည့်တဲ့ ပစ္စည်းတွေ ဖြစ်လေ့ ရှိပါတယ်။ ယခင်က ရန်ကုန် မန္တလေး ရထားပေါ်မှာ ဂျင်းထည့်လေ့ ရှိတာကတော့ ထမင်းဆီဆမ်းနဲ့ ကြက်ကြော် ရောင်းတဲ့သူတွေ အများစု ဖြစ်ပါတယ်။

ဈေးရောင်းတဲ့ အချိန်မှာ ထမင်းဆီဆမ်းနဲ့ ကြက်ကြော်ကို ၅၀၀ လို့ ပြောပေမယ့် တကယ်ဝယ်စားတဲ့ အချိန်မှာ ထမင်းဆီဆမ်းက ၅၀၀ ဖြစ်ပြီး ကြက်ကြော်က တတုံး ၁၀၀၀ ဆိုပြီး အတင်းတောင်းတတ်ပါတယ်။ ဝယ်စားမိတဲ့သူခမျာ စားပြီးကာမှ အောင့်သက်သက်နဲ့ ပေးလိုက်ရတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။

ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်တွေနဲ့ ဂျင်းထည့်တဲ့နေရာမှာ နာမည်ကြီးတာကတော့ ပဲခူးမြို့ပဲ ဖြစ်ပါတယ်။ ပဲခူးဘူတာနဲ့ ကားဂိတ်တွေမှာ သေသေသပ်သပ် လှလှပပ ထုပ်ပိုးထားတဲ့ ငါးချဉ်ထုပ်လေးတွေကို လိုက်ရောင်းနေသူ အများအပြား ရှိပါတယ်။

၅ ထုပ်ပါတဲ့ တတွဲကို ဘယ်လောက်ပဲ ပေးဆိုပြီး ရောင်းလို့ တန်တယ်ဆိုပြီး သွားမဝယ်လိုက်ပါနဲ့။ ဖက်ရွက်တွေကို ပိုက်ဆံ ပေးဝယ်ရသလို ဖြစ်သွားပါလိမ့်မယ်။ ဖက်ရွက်တွေနဲ့ အထပ်ထပ် အုပ်ထားတဲ့ အထုပ်ထဲမှာ ၂ လက်မ အရွယ် ထမင်းချဉ်တုံးလေး ၁ တုံးကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။

ယခုပို့စ်မှာ ဖော်ပြမယ့် အကြောင်းအရာကတော့ မော်လမြိုင် ရထားပေါ်မှာ ဂျင်းမိခဲ့တဲ့ ဖက်ကိုးလွှာ ပုဇွန်ချဉ် အကြောင်းပဲ ဖြစ်ပါတယ်။ နာမည်ကြီး ပဲခူး မနီ ပုဇွန်ချဉ် နာမည်နဲ့ ဆင်တူယိုးမှား ပဲခူး မနီပြည့် တံဆိပ်ဆိုပြီး ပြုလုပ်ကာ ခရီးသွားပြည်သူတွေကို ဂျင်းထည့်ရောင်းနေတာပါ။

အထုပ်ထဲမှာ ဖက်ကိုးလွှာနဲ့ ထုပ်ထားပြီး ဆိုးဆေးအပြည့်ပါတဲ့ ထမင်းချဉ်လေး တတုံးပဲ ပါဝင်ပါတယ်။ စားသုံးသူတွေအပေါ် စေတနာထားမှုကတော့ အံ့ဩလောက်စရာပါပဲ။ ဒီလိုမျိုး ဝိသမလောဘသားတွေ ရှိနေသရွေ့ကတော့ မြန်မာပြည်သူတွေ အနေနဲ့ ဒုက္ခတွေ ခံစားနေရဦးမှာပဲ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့လည်း အစားအသောက်ကို ဒီလို ဂျင်းထည့်ရောင်းနေသူတွေကို စိစစ်ကြပ်မတ်သင့်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း အသိနဲ့ သတိကို နှိုင်းယှဉ်ပြီး ဂျင်းအစားအသောက်တွေကို ရှောင်ရှားနိုင်ကြပါစေလို့ အသိပေးလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page