၂၀၂၂ ကို တပွဲမှ မနိုင်ဘဲနဲ့ အဆုံးသတ်ပြီး မှတ်တမ်းဝင် စံချိန်ချိုးသွားတဲ့ အာရှဗြားကြီး အသင်း
ယနေ့ ညနေက ယှဉ်ပြိုင်သွားတဲ့ အာဆီယံအဖွဲ့ချုပ်ဖလား ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အုပ်စုတွင်း အားအနည်းဆုံး အသင်းဖြစ်တဲ့ လာအိုအသင်းနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့ပါတယ်။
လာအိုအသင်းဟာ မြန်မာအသင်းကို ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ် သွင်းယူပြီး မိနစ် ၉၀ ကျော်အထိ ၂-၁ ဂိုးနဲ့ ဦးဆောင်ထားတာ ဖြစ်ပါတယ်။ မိနစ် ၉၀ ကျော်မှ မြန်မာအသင်းဟာ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပွဲတပွဲလုံးမှာ လာအိုအသင်းဟာ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပေမယ့်လည်း ထို ၂ ကြိမ်ကနေ ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ငယ်နိုင်ဖြစ်တဲ့ လာအိုအသင်းကို အသည်းအသန် နောက်က လိုက်ကစားခဲ့ပြီး သရေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုပွဲ သရေကျတာကြောင့် မြန်မာအသင်းဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ကစားခဲ့တဲ့ ၁၀ ပွဲမှာ တပွဲမှ အနိုင် မရရှိခဲ့ဘဲ သရေ ၂ ပွဲ၊ ရှုံးပွဲ ၈ ပွဲနဲ့ မှတ်တမ်းဝင် စံချိန်ချိုးသွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၇-၁၂-၂၀၂၂ ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲတွေမှာ စင်ကာပူနဲ့ ဗီယက်နမ်တို့က ပြိုင်ဖက် အသီးသီးကို အနိုင်ရရှိခဲ့တာကြောင့် မြန်မာအသင်းဟာ ယခုပွဲကို မကန်ခင်ကတည်းက ပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာ သွားခဲ့ရပြီ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ချုပ်ဖလားမှာ တပွဲမှ မနိုင်ခဲ့ပါက မြန်မာအသင်းရဲ့ ကမ္ဘာ့အဆင့်ဟာ ထပ်မံကျဆင်းသွားမှာ ဖြစ်ပြီး အာဆီယံမှာလည်း ၁၁ နိုင်ငံရှိရာမှာ အဆင့် (၈) နေရာကို ပိုင်ပိုင်နိုင်နိုင် ရရှိသွားမှာပဲ ဖြစ်ပါတယ်။ အိပ်ပျော်နေတဲ့ အာရှကျားကြီးဟာ မနိုးသော အိပ်ခြင်းတွေနဲ့ အိပ်သွားပြီလားဆိုတာကတော့…