ရန်ကုန် မူကြိုတခုမှာ ဖြစ်သွားခဲ့တဲ့ စိတ်မချမ်းမြေ့စရာ အဖြစ် (တာဝန်ရှိသူတွေ အမြန်အရေးယူသင့်ပါတယ်)

ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပြီး လူပြောများနေတဲ့ ဗီဒီယိုဖိုင်တခုကတော့ အသက် တနှစ်နီးပါး ရှိတဲ့ ကလေးငယ်တဦး ငိုနေတာကို အမျိုးသမီးတဦးက ခေါင်းကနေ ရေလောင်းနေတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ငိုနေတဲ့ ကလေးငယ်ကို အငိုတိတ်အောင် အမျိုးသမီးက ရေလောင်းနေပြီး ဗီဒီယို ပြီးဆုံးကာနီးမှာ ကလေးငယ်ကို ရေစည်ထဲ နှစ်ပြီး ပါးစပ်ကို လက်နဲ့ အတင်းပိတ်ကာ ငိုသံမထွက်အောင် ပြုလုပ်နေတာကို တွေ့ရပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ကို ကြည့်ရသူတိုင်း ကလေးအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်ကြကာ အမျိုးသမီးကို ဒေါသ ထွက်နေကြပါတယ်။ မူရင်း ဗီဒီယိုက ရှဲပြုလုပ်ခွင့် မပေးတာကြောင့် screen recorder ကနေတဆင့် ဖမ်းယူထားတာ ဖြစ်ပါတယ်။

မူရင်းပို့စ်မှာတော့ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် (၁၀၄) ရပ်ကွက်မှာ ရှိတဲ့ ဖူဆယ်ကွင်းရှေ့က မေသန်းခိုင် စာသင်၊ စာကျက်ဝိုင်း၊ မူကြိုမှာ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပေမယ့် သေချာစေအောင် စုံစမ်းနေဆဲပဲ ရှိပါသေးတယ်။

လူမှုကွန်ရက် အသုံးပြုသူတချို့ကလည်း အဆိုပါ ဗီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဖြစ်ပွားခဲ့တဲ့ တောင်ဥက္ကလာ မူကြိုက ဗီဒီယိုဖိုင် ဖြစ်ကြောင်း ပြောဆိုနေကြပေမယ့် တိကျခိုင်လုံတဲ့ အထောက်အထားတော့ မရရှိသေးပါဘူး။

မည်သို့ပင် ဖြစ်စေကာမူ စကားမပြောတတ်သေးတဲ့ ကလေးငယ်လေးကို ယခုကဲ့သို့ ပြုမူနေတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ မိဘတွေအနေနဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတာကြောင့် မိမိကလေးကို မူကြိုမှာ မဖြစ်မနေ သွားအပ်ရတာပါ။

မူကြိုဖွင့်တဲ့သူ အနေနဲ့လည်း မိဘနဲ့ မခြား စောင့်ရှောက်နိုင်တဲ့ စိတ်ဓာတ်နဲ့ အရည်အချင်း ရှိမှသာ မူကြို ဖွင့်သင့်ပါတယ်။ ငွေရလိုမှု တခုတည်းနဲ့ မဖွင့်သင့်ပါဘူး။ ငယ်ရွယ်တဲ့ ကလေးတွေအနေနဲ့ ယခုလို ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါက တသက်လုံး စိတ်ဒဏ်ရာတွေ ရရှိသွားနိုင်ပါတယ်။

ကလေးသူငယ် စောင့်ရှောက်ရေး ဥပဒေတွေ အတိအလင်း ပြဌာန်းထားပြီး ဖြစ်တာကြောင့် တာဝန်ရှိသူတွေ အနေနဲ့လည်း ယခုကိစ္စကို တိကျသေချာအောင် ဖော်ထုတ်ပြီး အရေးယူသင့်ပါတယ်။ အပြစ်မဲ့တဲ့ ကလေးငယ်တွေကို တတ်နိုင်သမျှ စောင့်ရှောက်ပေးဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြောင်း အသိပေး ရေးသားလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page