မြန်မာပြည်သူတွေ အထူးဂရုပြုရမယ့် အအေးဓာတ်အန္တရာယ် (ဆောင်းတွင်းရဲ့ ဘေးထွက်ဆိုးကျိုးများ)

အအေးဓါတ်အန္တရာယ်။ ဇန်နဝါရီလထဲ ဝင်လိုက်တာနဲ့ တပြိုက်နက် အအေးဓါတ်က ဗြုန်းကနဲ ဝင်ရောက်လာပါတယ်၊ အပူပိုင်းဖြစ်တဲ့ မြန်မာပြည် အလယ်ပိုင်းကမြို့တွေမှာ ညဖက် ၁၄-၁၅ စင်တီ ၊ ၅၇-၆၀ ဖာရင်ဟိုက်ထိ ကျဆင်းလာပါတယ်၊ အအေးပိုင်းဒေသတွေဆို ဆိုဘွယ်မရှိတော့ပါဘူး။ အအေးလွန်ကဲတဲ့အခါ အန္တရာယ်တွေ ပါလာတတ်တာမို့ သတိပြု ဆင်ခြင်စရာလေး ဖော်ပြလိုပါတယ်-

ခန္ဓာကိုယ်အပေါ် အအေးဓါတ်သက်ရောက်မှု၊ လွန်ကဲတဲ့အအေးဓါတ်ဟာ ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်၊ ကိုယ်ခန္ဓာအပူချိန် ကျဆင်းသွားရင် နှလုံး၊ အာရုံကြောစံနစ်နဲ့ ကိုယ်တွင်းအင်္ဂါများ အလုပ်ကောင်းစွာ မလုပ်ဆောင်တော့ပါဘူး၊ နှလုံးလုပ်ငန်း ပျက်ခြင်း၊ အသက်ရှူစနစ် ပျက်ခြင်းကနေ အသက်သေစေခြင်းထိ ဖြစ်စေနိုင်ပါတယ်။

အအေးဓါတ်ကို ခန္ဓာကိုယ်က ဘယ်လိုတုန့်ပြန်သလဲ။ အအေးဓါတ်လွန်ကဲလာတဲ့အခါ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကြီးနှစ်ခုနဲ့ တုန့်ပြန်ပါတယ်။ (၁) ခြေဖျားလက်ဖျား အစွန်အဖျားက သွေးကြောများ ကြုံ့စေခြင်းဖြင့် အပူဓါတ်ဆုံးရှုံမှုမဖြစ်အောင် ကာကွယ်ပါတယ်။ (၂) တခိုက်ခိုက်တုန်ခြင်းဖြင့် ကိုယ်ကာယလှုပ်ရှားမှုဖြစ်စေ၍ အပူဓါတ်ထုတ်လုပ်မှုကို မြှင့်တင်ပါတယ်။

အအေးဓါတ်က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။ အေးတဲ့ရာသီဥတုက အသက်ရှူလမ်းကြောင်းရောဂါများကို ပိုမိုဆိုးရွားစေပါတယ်၊ ဥပမာ ရင်ကြပ်ပန်းနာရောဂါ၊ နာတာရှည်လေပြွန်ရောင်ရောဂါ၊ အဆုပ်လေခိုရောဂါတို့ ပိုဆိုးလာတတ်ပါတယ်။

အအေးဓါတ်လွန်ကဲခြင်းက ဖျားနာမှု ဖြစ်နှုန်းတွေ တိုးလာစေပါတယ်၊ လေအေးများ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းတွင်း ဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်က ဗိုင်းရပ်ပိုးများကို တိုက်ခိုက်နိုင်သည့်စွမ်းရည် ထိခိုက်သွားပါတယ်၊ ထို့ကြောင့် အအေးမိခြင်း၊ တုပ်ကွေးမိခြင်း၊ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွါးခြင်းတွေ ဖြစ်လာပါနိုင်တယ်။

အအေးဓါတ်က အဆစ်အမြစ်ကိုက်ခဲခြင်းကို ပိုဆိုးစေပါတယ်၊ အအေးဓါတ်လွန်ကဲလာတဲ့အခါ အဆစ်များအတွင်းရှိ ဓါတ်ငွေ့များ အရည်များဟာ အဆစ်များကို တင်းလာစေပါတယ်၊ တင်းတောင့်လာမှုကြောင့် အာရုံကြောများ ဖိနှိပ်ခံရသဖြင့် နာကျင်မှုတွေ ပိုဆိုးလာစေပါတယ်။

အအေးဓါတ်က အဆစ်များအတွင်းရှိ တစ်ရှူးများကို ကြုံ့သွားစေပါတယ်၊ ထိုသို့ကြုံ့သွားသည့်အတွက် အာရုံကြောများအပေါ် ဆွဲအားသက်ရောက်သဖြင့် နာကျင်မှုများ တိုးလာစေပါတယ်၊ ဒူးဆစ် တင်ပါးဆုံအဆစ်တို့မှာ ပိုသိသာပါတယ်။

အအေးဓါတ်က သွေးတိုးအပေါ် သက်ရောက်မှုရှိသလား။ သွေးပေါင်ချိန်ဟာ နွေအခါမှာ နည်းတတ်ပြီး ဆောင်းအခါမှာ တက်တတ်ပါတယ်၊ အေးတဲ့အခါ သွေးကြောများ ပိုမိုကျဉ်းမြောင်းသွားသည့်အတွက်ဖြစ်ပါတယ်။

အအေးဓါတ်က ဘယ်သူတွေကို ထိခိုက်စေတတ်လဲ၊ အအေးလွန်ကဲမှုက ငယ်ရွယ်သည့်ခလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများအတွက် ကြီးမားတဲ့အန္တရာယ်ကြီးဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။ (Dr. Myint Thein)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page