မြန်မာပြည်သူတွေ စားနေရတဲ့ မရဏငရုတ်သီးမှုန့်နဲ့ ရောဂါကို ပိုက်ဆံပေးဝယ်နေရတဲ့ အဖြစ်
ဟိုတလောက ဈေးထဲမှာ ကုန်ခြောက်ဆိုင်ရောက်ပြီး “ငရုတ်သီးခွဲခြမ်းမှုန့်ဘယ်ဈေးလဲ” လို့ မေးတော့ “၃ စားရှိတယ် ၁ ပိဿာကို ၁၀၀၀၀ တန်ရယ် ၁၆၀၀၀ တန်ရယ် ၂၀၀၀၀ တန်ရယ်”တဲ့ (အခု အဲ့ဒီဈေးမရလောက်တော့ပါဘူး)
ဒါနဲ့ “ဘယ်လိုကွာလဲ”ဆိုတော့ “၁၀၀၀၀ တန်က ဆိုးဆေးပါတယ်၊ ၁၆၀၀၀ တန်ကလည်း ဖလံဖြူပါလို့ ဆိုးဆေးနည်းနည်းပါတယ် ၂၀၀၀၀ တန်ကတော့ အိမ်တင်ကြိတ်ထားတာမို့ အသန့်ပါ ဆိုးဆေးလုံးဝ မပါပါဘူး” တဲ့။
ဒါနဲ့ ကျနော်က “နင်တို့က အဲ့လိုတောင် ပေါ်တင်ပြောရောင်းတဲ့အဆင့်ရောက်နေပြီလား” လို့ မေးလိုက်မိပါသေးတယ်။ အစစအရာရာ ဈေးတွေတက်နေတဲ့အချိန်မှာ စားသုံးသူတွေအနေနဲ့ မှန်ကန်တဲ့ရွေးချယ်မှုရဖို့ ဘောင် ပိုကျဉ်းလာပြီလို့ပဲ မြင်မိပါတယ်။
သင်ဟာ သင့်အိမ်မှာ ချက်ပြုတ်ဖို့အတွက် ငရုတ်သီးမှုန့် (၃) စားအထဲက ဘယ်ဟာယူမလဲမေးရင် ၂၀၀၀၀ တန်ကို ရွေးချယ်ကောင်း ရွေးချယ်မိပါလိမ့်မယ် ဒါပေမယ့် လမ်းဘေးမှာ ရောင်းချနေတဲ့ ထမင်းဆိုင်လေးတွေအပါအဝင် စားသောက်ဆိုင်တွေကရော ငရုတ်သီးမှုန့် (၃) မျိုးမှာ ဘယ်အမျိုးအစားကို ဝယ်ယူအသုံးပြုကြမယ်ထင်ပါသလဲ။
အဖြေကတော့ ရှင်းရှင်းလေးပါ ဈေးအသက်သာဆုံးကို ဝယ်ယူပါလိမ့်မယ်။ ကဲ ဒီတော့ အိမ်မှာ ချက်ပြုတ်မစားနိုင်တဲ့သူတွေ အရောင်းအဝယ်ကိစ္စနဲ့ သွားရင်းလာရင်း တွေ့ရာဆိုင်မှာ ဝမ်းစာကို ဖြေရှင်းနေရတဲ့သူတွေအတွက်တော့ ငရုတ်သီးက ပေးလာမယ့် အဆိပ်အတောက်တွေကတော့ မတွေးရဲစရာပါပဲ။
ဒါတောင် ဆိုးဆေးကိစ္စတစ်ခုတည်းပဲ ပြောသေးတာပါ။ ဖလံဖြူတွေနဲ့ ငရုတ်သီးမှို ကိစ္စတွေ မပါသေးဘူး။ အစားအသောက် လုံခြုံမှု (Food Safety) ဆိုတာကို ဥပမာတစ်ခုနဲ့ နှိုင်းပြောရရင် ဆီလည်ရေလည်ဟင်းတစ်ခွက်ချက်ပြီး မီးဖိုပေါ်တည်ထားတယ် ဆိုပါတော့ ဟင်းရည်က မီးပူနဲ့ ပွက်နေတော့ အပေါ်ယံက ဆီတွေကို သေချာမမြင်ရဘူး ဒီတော့ ခပ်ထုတ်ပစ်ဖို့ မလွယ်ဘူး။
အဲ အဲ့ဟင်းအိုးကို မီးဖိုပေါ်က ချပြီး ငြိမ်အောင်ထားလိုက်ရင် ဟင်းထဲထည့်ချက်ထားတဲ့ ဆီတွေဟာ အပေါ်ကို ဝှေ့တက်လာပါလိမ့်မယ် ဒီအခါမှာ ဆီမကြိုက်ဘူးဆိုတဲ့သူတွေ ဆီကိုခပ်ထုတ်ချင်သပဆိုရင် လွယ်ကူသွားပြီပေါ့။ နိုင်ငံရေး၊ စီးပွါးရေး၊ လူနေမှုအရေးတွေ အကုန်ဖရိုဖရဲဖြစ်နေချိန်ဟာ ဟင်းအိုးကြီးဆူပွက်နေချိန်နဲ့ တူတာမို့ Food Safety ကို နှောက်ယှက်နေတဲ့ အကြောင်းအရာတွေနဲ့ တူတဲ့ ဆီတွေကို ခပ်ထုတ်ပစ်ဖို့ မလွယ်လှပါဘူး။ အမှန်တကယ် ခပ်ထုတ်ပစ်ချင်တယ် food safety ရချင်တယ်ဆိုရင်တော့ တိုင်းပြည် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတစ်ခုမှာမှ ခပ်ထုတ်ပစ်လို့ ရပါလိမ့်မယ်။ ကိုတွေး (ဆေး/မန်း)