တိုင်းမ်စီးတီးက ခုတ်မရတဲ့ ညောင်ပင်ကြီးရဲ့ နိဂုံးနဲ့ ထူးခြားဆန်းကြယ်မှု ဖြစ်ရပ် နောက်ဆက်တွဲများ

ကမာရွတ်မြို့နယ် ကျွန်းတောလမ်း နှင့် ဟံသာဝတီလမ်းကြား တိုင်းမ်စီတီးတွင် ရှိသောညောင်ပင်ကြီးမှာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ လဲကျသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ညောင်ပင်ကြီးမှာ မကျွတ်မလွတ်သေးတဲ့သူတွေ အများအပြား ရှိတယ်လို့ နာမည်ကြီးတဲ့ ညောင်ပင်ကြီး ဖြစ်ပါတယ်။

ယခုလို သူ့အလိုလို ပြိုလဲသွားခြင်းကြောင့် မကျွတ်မလွတ်သူတွေ ဘဝကူးသွားပြီဆိုတာလား တခြားဘေးနေရာတွေကိုပဲ ပြောင်းရွှေ့သွားတာလားဆိုတာ ဘယ်သူမှ သေသေချာချာ မသိသေးပါဘူး။

နိုင်ငံရေး အခြေအနေကြောင့် တိုင်းမ်စီးတီးကို လူသွားလူလာနည်းသွားကြပေမယ့် ဒီကာလအတောအတွင်းမှာ ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်အချို့ ဖြစ်ခဲ့သေးတယ်လို့ အဲဒီနားမှာ နေထိုင်တဲ့သူတွေက ပြောပါတယ်။

တိုင်းမ်စီးတီး အလယ်က ခုတ်လို့ မရတဲ့ ညောင်ပင်ကြီးနဲ့ မြေအောက်ကားပါကင်က ရွှေ့မရတဲ့ အုတ်ဂူ ၂ လုံး အကြောင်းကို ပြန်လည်ဖော်ပြ လိုက်ပါတယ် ခင်ဗျာ။

လတ်တလော နာမည်ကြီးနေတဲ့ အကြောင်းအရာကတော့ တိုင်းမ်စီးတီး အလယ်ကောင်က ခုတ်မရတဲ့ ညောင်ပင် အကြောင်းနဲ့ ကားပါကင်က ရွှေ့မရတဲ့ အုတ်ဂူ ၂ လုံး အကြောင်းပဲ ဖြစ်ပါတယ်။

တိုင်းမ်းစီးတီး မတည်ဆောက်ခင်ကတော့ အဲဒီနေရာဟာ ကားပွဲစားတန်းပါ။ ကားပွဲစားတန်း မတိုင်ခင်ကတော့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ကြံတောသချိုင်္င်း နေရာဖြစ်ခဲ့တာပေါ့။ ရန်ကုန်တမြို့လုံးက လူတွေကို နှစ် ပေါင်းရာနဲ့ ချီပြီး မြှုပ်နှံသဂြိုင်္ဟ်ခဲ့ရာ နေရာတခု ဖြစ်ပါတယ်။

ကြံတောမှာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အုတ်ဂူတွေသာမက ဗြိတိသျှ စစ်သားတွေရဲ့ အုတ်ဂူတွေပါ ရှိနေခဲ့ပါတယ်။ တခု ထူးခြားတာကတော့ ၁၉၉၄ ခုနှစ်တုန်းက တာမွေသချိုင်္င်းမှာ စူပါမားကတ် တခု ဆောက်ဖို့ စီစဉ်တော့ အဲဒီက အုတ်ဂူအများအပြားကို ကြံတောသချိုင်္င်းကို ပြောင်းရွှေ့ မြှုပ်နှံခဲ့ကြပါတယ်။

ရန်ကုန်စိန့်ဂျွန်းက အုတ်ဂူတွေကိုလည်း ကြံတောကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ၁၉၉၆ မှာတော့ အစိုးရက ကြံတောသချိုင်္င်းကို တလအတွင်း ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။

ခေတ်တွေ နှစ်တွေ ကြာပြီး ကြံတောသုသာန် အဟောင်းရဲ့ မြေနေရာမှာ တည်ဆောက်ထားတဲ့ တိုင်းမ်စီးတီးကတော့ မကြာခင်က ဖွင့်လှစ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ မဖွင့်ခင်ကတည်းက မှန်တံတားနဲ့ နာမည်ကြီးနေတဲ့ တိုင်းမ်စီးတီးမှာ ထူးဆန်းအံ့သြဖို့ကောင်းတဲ့ နေရာ ၂ နေရာ ရှိပါတယ်။

အဲဒါကတော့ တိုင်းမ်စီးတီး ရင်ပြင်မှာ ရှိတဲ့ ခုတ်လက်စ ညောင်ပင်မှာ ပုံစံစုံ ဘုရားဆင်းတုတော်တွေ ဝိုင်းပတ်ထားပြီး အပူဇော်ခံထားတဲ့ နေရာနဲ့ မြေအောက်ထပ် ကားပါကင်မှာ ရှိတဲ့ အုတ်ဂူ ၂ လုံးပါပဲ။

ကြီးမားတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ မတော်တဆဖြစ်မှုကြောင့် အသက်အန္တရာယ် ဆုံးရှုံးခဲ့ရ တာတွေ ရှိပါတယ်။ ဒါပေမယ့် တိုင်းမ်စီးတီးက ဖြစ်ရပ်ကတော့ ထူးဆန်းပါတယ်။ ညောင်ပင် ခပ်လတ်လတ် တခုကို ခုတ်ဖို့ ကြိုးစားချိန်မှာ မမျှော်လင့်ဘဲ အလုပ်သမား ၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရှိသူများက ဆိုပါတယ်။

အဲဒီညောင်ပင်မှာ နေတဲ့ ပရလောကသားဟာ နှစ်ချို့ပြီး အတော်ကြမ်းတမ်းတယ်လို့ ဆိုကြပါတယ်။ အဲဒီ ညောင်ပင်ကြီးကို တိုင်းမ်းစီးတီး စတင်တည်ဆောက်တဲ့ ၂၀၁၂ လောက်မှာ မြေညှိဖို့ ကြိုးစားစဉ်ကတည်းက ခုတ်ဖို့ ကြိုးစားကြတာမှာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဘူဒိုဇာ ၃ စီးနဲ့ ဖြိုဖို့ ကြိုးစားခဲ့ပေမယ့်လည်း အခက်အခဲ တခု မဟုတ် တခု တွေ့ခဲ့လို့ ညောင်ပင်ကို ခုတ်ပစ်ဖို့ အစီအစဉ်ကို လက်လျှော့ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခကြေးငွေ ဘယ်လောက်ပေးပေး အဲဒီညောင်ပင်ကို မခုတ်ရဲကြတော့ဘူးလို့ သိရပါတယ်။

အဲဒီအနီးအနားမှာ နေတဲ့သူတွေရဲ့ ပြောပြချက်အရတော့ တိုင်းမ်းစီးတီး မဖွင့်ခင်ကတည်းက အဲဒီနေရာမှာ ညစဉ်ညတိုင်း ပရိုဂျက်တာထိုးပြီး မီးတွေထွန်း တရားခွေတွေ ဖွင့်ထားရတယ်လို့ သိရပါတယ်။

တရားပွဲ ကျင်းပနေတာ မဟုတ်ဘဲ တရားခွေကို ပရိုဂျက်တာနဲ့ ထိုးပြီး ဆောင်းဘောက်နဲ့ ဖွင့်ထားရတာပါတဲ့။ နိုင်ငံစုံက ဘုရားဆင်းတု မျိုးစုံ ထားရှိရတာ ကလည်း အဲဒီနေရာက ပရလောကသားက ဘာလူမျိုး ဘာနိုင်ငံသားမှန်း မသိလို့ လုပ်ထားတာလို့ ဆိုပါတယ်။

အဲဒီဘုရားရင်ပြင်ကို တနေ့ ၃ ခါ သန့်ရှင်းရေး လုပ်ပေးရတယ်လို့ ဆိုပါတယ်။ အဲဒီညောင်ပင်မှာ နေတဲ့ ပရလောကသားကို နှင်ထုတ် မရတဲ့အတူတူ အနှောင့်အယှက် မပေးအောင် အစီအရင် လုပ်ထားတဲ့ ပုံစံမျိုး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ထူးခြား တာ တခုခု မရှိဘဲနဲ့ ဒီလို အိမ်ရာကြီး တခုရဲ့ အလယ်မှာ ဘုရားဆင်းတုတွေ ချထားမှာတော့ မဟုတ်ပါဘူး။

နောက်တခုကတော့ မြေအောက်ထပ်က ကားပါကင်မှာ ရှိတဲ့ အုတ်ဂူ ၂ ခု အကြောင်းပါ။ အဲဒီအုတ်ဂူ ၂ ခုကို ဘယ်လိုမှ ပြောင်းရွှေ့လို့ မရတဲ့အတွက် ကားပါကင်မှာပဲ ကွန်ကရစ်လောင်းပြီး တခါထဲဖို့လိုက်တယ်လို့ သိရှိတဲ့သူတွေက ပြောပြ ပါတယ်။

Basement 3 မှာ ရှိတဲ့ ခပ်ခုံးခုံးဖြစ်နေတဲ့ ကမူဟာ အဲဒီ အုတ်ဂူ ၂ ခု ဖြစ်တယ်လို့ သိတဲ့ လူအချို့က ပြောပြပါ တယ်။ တချို့ကလည်း တိုင်းမ်းစီးတီးရဲ့ နေရာတချို့နဲ့ မှန်တံတားပေါ်မှာ အရိပ်လိုလို လူတချို့ကို ညဖက်မှာ ဖြတ်ကနဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် သုသာန်ဟောင်းတွေရဲ့ နေရာမှာ ထူးခြားဆန်းကြယ်မှုတွေကတော့ ရှိတတ်ပါတယ်။ သုသာန်တွေ ပြောင်းရွှေ့ဖို့အတွက် မင်းမိန့်နဲ့ ပရလောကသားတွေကို အမိန့်ပြန်တမ်းထုတ်ပြီး ရွှေ့ခိုင်းခဲ့တဲ့ သာဓကတွေ အခိုင်အမာ ရှိပါတယ်။ မင်းမိန့်ကို သက်ရှိလူတွေတောင် အာခံကြသေးတာ ပရလောကသားမှာလည်း အာခံပြီး မလိုက်နာဘဲ မပြောင်းရွှေ့တဲ့ သူတွေ ရှိချင်လည်း ရှိနိုင်ပါတယ်။

နှစ်ပေါင်း အကြာကြီး ဒီနေရာမှာ နေခဲ့ပြီး အစွမ်းရှိတဲ့သူတွေ ဆိုရင်တော့ မပြောင်းမရွှေ့နဲ့ မင်းမိန့်ကို အာခံကြမှာပဲ။ ကားပွဲစားတန်း လုပ်တုန်းကလည်း ဒီလို ဇာတ်လမ်းတွေ ကြားခဲ့ရပေမယ့် အခုလို အင်တာနက်ခေတ်မဟုတ်တော့ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ဘဲ ကောလဟလာ လောက်ပဲ သိ ခဲ့ ရပါတယ်။

နောက်တချက်က ကြံတောသုသာန်ကို ၁၉၉၆ ခုနှစ်က တလအတွင်း အမြန်ရွှေ့ပြောင်းခဲ့ရတာပါပဲ။ အဲဒီလို အမြန်ပြောင်းရွှေ့ခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ သုသာန်ထဲက ပရလောကသားအချို့ဟာ အသစ် ပြောင်းရွှေ့ ခဲ့တဲ့ ထိန်ပင်နဲ့ ရေဝေးသုသာန်တွေကို ပါမသွားဘဲ ကြံတောသုသာန်နေရာမှာပဲ ကျန်နေရစ် ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အခုအကြောင်းအရာတွေကို ရေးရတာက တိုင်းမ်စီးတီးကို နာမည်ပျက်အောင်၊ လူတွေကို ကြောက်ရွံအောင် ခြောက်လှန့် တာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတခုရဲ့ သမိုင်းကြောင်းကို နောက်လူတွေ သိဖို့နဲ့ တိုင်းမ်စီးတီးက ပရလောကသားတွေ ကို မေတ္တာပို့ အမျှပေးဝေပြီး ကျွတ်တမ်းဝင်စေချင်တဲ့ ဆန္ဒတွေကြောင့်ပါ။

အုတ်ဂူရဲ့နေရာကိုတော့ သိရှိသူများအနေနဲ့ ဓာတ်ပုံ မှတ်တမ်းပါတင်ပေးမယ်ဆိုရင်တော့ ကျေးဇူးအလွန်တင်မိမှာပါ။ အားလုံးပဲ သွားသတိ၊ လာသတိ၊ စားသတိလေးတွေ ထားနိုင်ကြပါစေ။ (မောင်လေးလုံး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page