ဆန် ၂ ဘူး အကြွေး မဆပ်မိလို့ သုံးဘဝတိုင်တိုင် ပြန်ဆပ်ခဲ့ရတဲ့ ဖြစ်ရပ်မှန် (တောင်တွင်းကြီးမှာ ဖြစ်ခဲ့တာပါ)

အကြွေးမဆပ်ဘဲ သေဆုံးသွားရင် သံသရာမှာ အကြွေးဆပ်ရတတ်ပါတယ်။

အထူးသဖြင့် အပါယ်ကျရောက် တတ်ပါတယ်။ အကြွေးပေး သူက ခွင့်မလွှတ်ဘဲ ဒေါသအာဃာတ တရားထားနေမယ်ဆိုရင်လဲ အပါယ်ကျတတ်ပါတယ်။

ဒေါသအာဃာတဆိုတာ မထားကောင်းပါဘူး။ ဘုရားရှင်လက်ထက်က ဒေါသအာဃာတကြောင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ရှင်းရင်း တစ်ဘဝပြီး တစ်ဘ၀ ဖြစ်ခဲ့သေခဲ့ရတယ်ဆို တဲ့အကြောင်းကို ဓမ္မာပဒအဋ္ဌကထာ ကာဠယက္ခိနီ၀တ္ထုဖြင့် သိနိူင်ပါတယ်။

တကယ်လို့ ခွင့်လွတ်မယ်ဆိုရင်တော့ စိတ်ထားကောင်းတဲ့အတွက် ဘ၀သံသရာမှာ ကျင်လည်ရပေမဲ့လဲ ခုနင်ကလို ဒုက္ခမဖြစ်နိူင်ပါ။

ဒီတော့ အကြွေးပေးတဲ့ သူက ခွင့်လွတ်တာဖြစ်စေ၊ ခွင့်မလွတ်တာဖြစ်စေ အကြွေးမဆပ်လိုက်ရဘဲ သေသွားမယ်ဆိုရင် အပါယ်လေးပါး အနက်တစ်ပါးပါးကျရောက်တတ်ပြီး သံသရာမှာ ပုံစံအမျိုးမျိုးနဲ့ အကြွေးပြန်ဆပ်ရတတ်ပါတယ်။ ဒါနဲ့စပ်လို့ တောင်တွင်းကြီးမြို့ရဲ့ အနောက်မြောက်ဘက် ဆယ်မိုင်လောက်အကွာမှာ ချောင်းဆုံရွာဆိုတာရှိတယ်။

အိမ်ခြေလေးရာ လောက်ရှိတယ်။ ဒီရွာမှာ ငညိုနဲ့ ကံကြီးဆိုတဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်။ သူတို့ဟာ ကွမ်းထမ်းအလုပ်ကို လုပ်ကိုင်ကြတယ်။ တစ်နေ့ ကွမ်းထမ်း ရောင်းရာက ပြန်အလာ စားစရာဆန်မရှိတော့တဲ့အတွက် ကံကြီးက သူငယ်ချင်းဖြစ်သူ ငညိုဆီမှာ ဆန် တစ်စလယ်ချေးပြီး ချက်စားပါတယ်။

ဒီလိုနဲ့ ကံကြီးဟာ အကြွေးယူထားတဲ့ဆန်ကို အဆင်ပြေတဲ့ တစ်နေ့ ပြန်ဆပ်ဖို့ စိတ်ကူးထားပါတယ်။ အကြွေးပြန်မဆပ်သေးမီမှာပဲ ပိုးထိလို့ သေဆုံးသွားရှာတယ်။ ဒီတုန်းက သူတို့အသက်ဟာ ၂၀ ၀န်းကျင်လောက်ပဲရှိပါဦးမယ်။

ဒီလိုနဲ့ ငညိုအိမ်မှာ ကြက်သွားဖြစ်တယ်။ သေခါနီး အကြွေးယူထားတဲ့ ဆန်တစ်စလယ်ကို စွဲသွားဟန်တူပါတယ်။ ကြက်လေးဟာ တိုက်ကြက်ဖြစ်တဲ့အတွက် ငညိုက အခြားကြက်တွေနဲ့တိုက်တယ်။ သုံးကြိမ်တိတိအနိူင်ရခဲ့ပါတယ်။

ဒါဟာ ကံကြီးတစ်ဖြစ်လဲ ကြက်လေးဟာ သူ့သခင် ငညိုကို ကြက်တိုက်ပြီး အကြွေးပြန်ဆပ်နေရတာပါ။ ဒီလိုနဲ့ လေးကြိမ်မြောက် ကြက်တိုက်ရာမှာ ပြိုင်ဘက်ကြက်က အသက်ကလဲကြီး၊ အားကလဲ ကြက်လေးထက်အများကြီးသာတာဆိုတော့ ရှုံးသွားပါတယ်။

အဲဒီမှာ ငညိုက ကြက်တိုက်ရှုံးတဲ့အတွက် သူ့ကြက်ရဲ့ ခြေနှစ်ချောင်းကိုကိုင်ပြီး ရိုက်သတ်လိုက်တယ်။ ကြက်လေး မသေမရှင်ဖြစ်နေတဲ့အချိန်မှာ ငညိုရဲ့နွားမတစ်ကောင်က ကြက်လေးကို လာနမ်းပါတယ်။ အဲဒီမှာပဲ ကြက်ကလေးသေပြီး နွားမ၀မ်းမှာ သွားဖြစ်တယ်။

အချိန်တန်တော့ နွားမလေးတစ်ကောင်ပေါက်လာတယ်။ အရွယ်ကြီး အတော်အတန်ကြီးလာတဲ့အခါ ငညိုသူငယ်ချင်းများက လေးကျပ်နဲ့ပေး၀ယ်ပြီး နွားမကလေးကို ပေါ်စားလိုက်ကြတယ်။

ဒီလိုနဲ့ လှီးဖြတ်ပြီး အမဲဖျက်နေတဲ့အချိန်မှ တောင်တွင်းကြီးက စာရေးကြီးနဲ့ စာရေးကတော်တို့ရောက်လာတယ်။ သေခါစနွားမကလေးရဲ့အသား တဆတ်ဆတ်တုံနေတာကို ကြည့်ပြီး နွားမကလေးအပေါ်မှာ ကရုဏာသက်မိကြတယ်။

စာရေးကတော်က “ငါ့နွားသာဆိုရင် မသတ်ဘူး၊ သူ့အလိုလိုပဲသေပါစေ၊ သေရင်လဲ အခုလိုမျိုးမရောင်းစားဘူး၊ မြေမြုပ်ပင့်မယ်” လို့ သနားကရုဏာစိတ်နဲ့ပြောပါတယ်။ ဒါနဲ့ မကြာမီမှာပဲ စာရေးကတော်ကြီးမှာ ကိုယ်၀န်ရလာပါတယ်။

အချိန်တန်တော့ သားယောင်္ကျားလေး မွေးပါ တယ်။ သားကလေးဟာ ခုနှစ်နှစ်အရွယ်အထိ စကားလုံး၀မပြောပါဘူး။ တစ်နေ့တော့ ဖခင်က “ သား မင်းကစကားလဲမပြောဘူး။ ဒီနေ့အဖေတို့လခထုတ်ရမယ်လေ၊ လခထုတ်ပြီးရင် အ၀တ်လှလှလေးတွေ သားအတွက်၀ယ်လာခဲ့မယ်” ဆိုပြီး ညနေပြန်လာတဲ့အခါ “သားကလေး..ဒီမှာသားအတွက်အ၀တ်လှလှလေးတွေလေ ယူပါ။ ပြီးတော့ စကားလဲပြောပါလားသားကလေး” လို့ အဖေဖြစ်သူက မေးတော့ သားကလေးက “ ငညို ဆန်တစ်စလယ်” လို့ပြောပါတယ်။

တိုတိုပြောရရင် အဖေက “သားရယ် သားကသာ စကားပြောပါ။ ဆန်တစ်စလယ်မက ဆန်တစ်အိပ် အကြွေး ဆပ်ပေးပါ့မယ်” လို့ သားအားပြောသတဲ့။

ဒီလိုနဲ့ သားကလေးဟာ ငညိုအိမ်ကို အခုပဲသွားပြီး အကြွေးဆပ်ချင်တယ်လို့ဆို တဲ့အတွက် အဖေက ဆန်တစ်အိတ်ကို လှည်းပေါ်တင် ပြီး သားကလေးလမ်းညွန်တဲ့အတိုင်းလာလိုက်တာ ချောင်းဆုံရွာကို ရောက်လာတယ်။ ရွာထဲရောက်တော့ ဒီက၀င် ဟိုကထွက် ဆိုပြီး သားကလေး ညွန်တဲ့လမ်းအတိုင်း လာခဲ့ရာ ဦးညိုအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။

အိမ်ထဲက လူကြီးတစ်ယောက်ထွက်လာတယ်။ အဖေက “ဒါက ဦးညိုဟုတ်ပါသလားခင်ဗျ” ဆိုတော့ ဦးညိုက “ဟုတ်ပါတယ်ချင်ဗျာ၊ အိမ်ထဲကို ကြွကြပါ” လို့ ပြောတော့ ကလေးလေးက “ဟဲ့..ငညို…မင်းငါ့ကို မှတ်မိသေးရဲ့လား” လို့ပြောတော့ သူ့အဖေလောက်ရှိတဲ့ငါ့ကိုများ ဒီလိုပြောရကောင်းလားဆိုပြီး ဦးညိုက စိတ်ဆိုးနေတော့ တယ်။

ဒိအချိန်မှာ စာရေးကြီးက “ ဦးညိုရေ စိတ်မဆိုးပါနဲ့ ဒီကလေးမှာ ထူးခြားတဲ့အကြောင်းရှိတယ်” လို့ ဦးညိုအားပြောကာ တောင်းပန်ရှာပါ တယ်။ အိမ်ပေါ်ရောက်တဲ့အခါ ကလေးက… “ ဟေ့ ..ငညို မင်းကငါ့ကို မမှတ်မိတော့ဘူးလား၊ ဟိုတုန်းက ကွမ်းထမ်းပြီးရောင်းကြတယ် ငါက မင်းဆီမှာ ဆန်တစ်စလယ်ချေးဖူးတယ် ။ အကြွေးမဆပ်ခင်မှာပဲ ငါပိုးထိလို့သေခဲ့ရတယ်။ မင်းအိမ်မှာကြက်ဖြစ်ရတယ်။

ကြက်ဖြစ်တဲ့အခါ မင်းကို သုံးပွဲအထိနိူင်အောင် ငါခွပ်ပေးခဲ့ပေမဲ့ လေးကြိမ်မြောက်မှာ အားမတန်လို့ ငါရှုံးခဲ့တယ်။ မင်းက ငါ့ကို ရှုံးရကောင်းလားဆိုပြီး ရိုက်တယ်။ ငါမသေမရှင်ဖြစ်နေချိန်မှာ မင်းအိမ်က နွားမကြီးက ငါ့ကိုလာနမ်းတယ်။

ဒီလိုနဲ့နွားမကြီး၀မ်းမှာဖြစ်ရပြီး မွေးလာတော့ နွားမကလေးဖြစ်ခဲ့ရတယ်။ အရွယ်ရောက်တော့ မင်းတို့ကငါ့ကို ပေါ်စားကြတယ်။ အဲဒီချိန်မှာ စာရေးကြီးနဲ့စာရေးကြီးကတော်တို့ရောက်လာပြီး သနားစရာစကား ပြောသွားပါတယ်။

နွားမဘ၀ကသေတော့ အခု ဟောဒီအမေအဖေရဲ့သားကလေး လာဖြစ်ရပါတယ်။ အခုမင်းအကြွေးဆန်တစ်စလယ်ပြန်ဆပ်ဖို့ လာတာ” လို့ ကံကြီးတစ်ဖြစ်လဲ ကလေးက ပြောပါတယ်။ ပြောသမျှအားလုံးက မှန်နေတဲ့အတွက် ဦးညိုဟာ သူပြုခဲ့သမျှတွေကို သတိရပြီး ငိုကြွေး ရှာပါတယ်။ (ဒီအကြောင်းကို ဦးညိုကိုယ်တိုင် ရေစကြိုမြို့နယ်က ဦးဘသွင်ကို ၁၃၁၃ ခုနှစ်လောက်မှာ ပြောကြားလိုက်ကြောင်း သိရပါတယ်)။
(ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရတနာသုံးပါးကျေးဇူး)

အကြွေးမဆပ်ရင် ဘ၀သံသရာမှာ အထက်ပါသာဓကလို ကြက်ခွပ်ပီးတော့ပဲဖြစ်စေ၊ အခြားတစ်မျိုးမျိုးနဲ့ဖြစ်စေ အကြွေးပြန်ဆပ်ရတတ် တယ်ဆိုတာပါပဲ၊ သံဝေဂအမြင် ရှင်သန်ပြီး တိုတောင်းလှတဲ့လူ့ဘဝလေးမှာ ကောင်းအောင်နေတတ်၊ပြောတတ်၊တွေးတတ်ပါစေလို့ပြောရင်း…

စာရေးသူ- ဦးကောဝိဒ(မြိတ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page