ကမ္ဘာ့အထူးဆန်းဆုံး ရန်ကုန်လေဆိပ်ရဲ့ ကမ္ဘာကျော် ရိုက်စားခွင်များ အကြောင်း

လူမှုကွန်ရက်မှာ ယနေ့ လူပြောများနေတဲ့ အကြောင်းကတော့ လေဆိပ်ထဲဝင်ချင်ရင် ပိုက်ဆံကောက်တဲ့ ကမ္ဘာ့အထူးဆန်းဆုံး ရန်ကုန် လေဆိပ်အကြောင်းပဲ ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ထဲကို လေယာဉ် လက်မှတ်ရှိသူများမှအပ ကျန်လူများ ဝင်ချင်ပါက ပိုက်ဆံ သုံးသောင်း ပေးရတဲ့ သတင်းထွက်ပေါ်လာပြီး မကြာမီမှာ လူတယောက်ကို ငါးသောင်း ပေးမှ ဝင်ခွင့်ရတယ်ဆိုတဲ့ သတင်းတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ရန်ကုန်လေဆိပ်ဟာ ရိုက်စားခွင်ဆင်ဖို့ အကောင်းဆုံး နေရာတခု ဖြစ်လာတာ ငြင်းလို့ မရပါဘူး။ လေဆိပ်အဝင်တင် မကဘဲ ကျန်းမာရေး၊ လဝက၊ အကောက်ခွန်ကအစ နောက်ဆုံး လှည်းတွန်းသမား အထိ အပြိုင်အဆိုင် ခွင်တွေ ဆင်နေကြတာပဲ ဖြစ်ပါတယ်။ အဆိုပါ ရိုက်စားခွင် တခုချင်းစီရဲ့ အကြောင်းကို ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

လူတိုင်းသိပြီးသား ရိုက်စားခွင်ကတော့ လေဆိပ်ဝင်ကြေး ရိုက်စားခွင်ပါပဲ။ လေယာဉ်လက်မှတ်ရှိသူသာ လေဆိပ်ထဲ ဝင်ခွင့်ရှိပြီး လိုက်ပို့ချင်တဲ့သူ၊ အကြောင်းကိစ္စရှိလို့ ခေတ္တဝင်ချင်တဲ့သူမှန်သမျှ လုံခြုံရေး အကြောင်းပြကာ တယောက် ငါးသောင်းတောင်းတာပဲ ဖြစ်ပါတယ်။ ပိုက်ဆံတောင်းတဲ့ အဖွဲ့အစည်းက အရပ်ဝတ်နဲ့ လေဆိပ်လုံခြုံရေးအမည်ခံ အဖွဲ့ဖြစ်ပါတယ်။ သက်ဆိုင်ရာ လေဆိပ်ရဲနဲ့ အခြားအဖွဲ့အစည်းတွေပါ အကျိုးအမြတ် မျှဝေခံစားကြတယ်လို့ သိရပါတယ်။

နောက်တခွင်ကတော့ ကျန်းမာရေးခွင်ပါပဲ။ ကမ္ဘာမှာ ကိုဗစ်စည်းမျဉ်း ဘယ်လောက်အထိ လျှော့ပေးပေး မြန်မာပြည် လေဆိပ်ကို ဝင်တဲ့သူမှန်သမျှ ကိုဗစ်စစ်ရမယ်ဆိုပြီး ထုတ်ထားတဲ့ အမိန့်ကို အခုထိ မဖြုတ်သေးပါဘူး။ ဟိုဖက်က လာတဲ့ လေဆိပ်ကနေ စစ်တဲ့ စာရွက်ပါ ယူလာရမယ်လို့ ထပ်မံ အမိန့်ထုတ်ပြီး ခရီးသည်တွေကို နှစ်ခါကုန်အောင် လုပ်ပါတယ်။

တဖက် လေဆိပ်မှာ စစ်လာတဲ့ စာရွက်ကိုလည်း သေသေချာချာ မစစ်ပါဘူး။ ငွေသွင်းတဲ့နေရာကလည်း ပိုက်ဆံ တသောင်းခွဲသာ အဓိက လိုချင်ပြီး ၁၉၇၀ က နည်းလမ်းအတိုင်း လယ်ဂျာစာအုပ်ကြီးမှာပဲ စာရင်းသွင်းပါတယ်။ Swab ယူတဲ့သူကလည်း နှာခေါင်းအဝပဲ တေ့ယူပါတယ်။ အားလုံး negative ဖြစ်နေတဲ့ စာရွက်ကို နာမည်ခေါ်ပေးတဲ့သူက နာမည်ရှေ့မှာ လေးစားသမှုနဲ့ ဦး၊ ဒေါ် ထည့်မခေါ်ဘဲ အချုပ်ထဲမှာ နာမည်ခေါ်သလို တုံးတိ ခေါ်ပါတယ်။ အဆိုးဆုံးက ပြန်အထွက်မှာ အဖြေလွှာကို စစ်တဲ့သူက ညဖက်ဆို မူးနေတာပဲ ဖြစ်ပါတယ်။ အဲဒီလို ပစ္စလက္ခတ်လုပ်နေကြတာကို ကြည့်ရင် ရန်ကုန်လေဆိပ်ရဲ့ ကိုဗစ်စစ်ခြင်းဆိုတာ ရိုက်စားခွင် တခုပါပဲ။

နောက်တခွင်ကတော့ လဝကရဲ့ ရိုက်စားခွင် ဖြစ်ပါတယ်။ လဝကရဲ့ ခွင်နဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သင်္ဘောသားတယောက်ရဲ့ ရေးသားမှုကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ထူးဆန်းပါပေ့ မီယမ်မာ လဝက။ လဝက နဲ့ သင်္ဘောသား ရာထူးတိုး ထွက်ခွာနဲ့ ဘယ်လိုများပတ်သက်ပါသလဲ။

ရန်ကုန်လေဆိပ်အထွက် သင်္ဘောသားမှတ်ပုံတင် (CDC) ထဲမှ နောက်ဆုံးရာထူးနှင့် ထွက်ခွာရာထူး မတူပါက လဝက မှ ရာထူးတိုးထောက်ခံစာ တောင်းပါတယ်။ မပါရင် အဆင်ပြေအောင် သုံးသောင်း တောင်းနေပါတယ်။ ရေကြောင်းပို့ဆောင်ရေး ဌာန (DMA) က သတ်မှတ်ချက်တွေ ကိုက်ညီ လို့ ထွက်စာတောင် ထုတ်ပေးထားပြီး တာတောင် လဝက က ပိုက်ဆံတောင်းနေတာပါ။ သို့ဖြစ်ပါ၍ ရာထူးတိုးဖြင့် ထွက်ခွာမည့်သူများ ရာထူးတိုးထောက်ခံစာလေးတွေ လုပ်သွားကြပါ။ (U Than Win)

လဝကရဲ့ တခြားခွင်တွေကတော့ တက်တူးထိုးလာရင် အနည်းငယ်ရစ်တာ၊ မအူမလည် ပုံစံဆို ဖြဲခြောက်ပြီး ရစ်တာ စတဲ့ ခွင်အသေးစားတွေလည်း ရှိပါသေးတယ်။ အကောက်ခွန်ကတော့ ဝယ်လာတဲ့ ပစ္စည်းတွေအပေါ် မူတည်ပြီး ရစ်တာ၊ မထင်ရင် မထင်သလို ရစ်တာတွေ ပါပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဟာ လူပေါင်းစုံ ခွင်ရိုက်ရာ နေရာတခု ပြန်ဖြစ်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကလို တဂိတ်ဖြတ်ရင် ပိုက်ဆံတခါပေးရ၊ လက်ထဲ ဒေါ်လာတွေ့ရင် ရစ်လွန်းလို့ ဖိနပ်ထဲကို ဒေါ်လာ ထည့်ဖွက်သွားရတဲ့ အဖြစ်တွေ ပြန်ဖြစ်လာနိုင်ပါတယ်။ ဝန်ဆောင်မှုနဲ့ လေဆိပ်အရည်အသွေးတွေက တခြားလေဆိပ်တွေနဲ့ လုံးဝ မယှဉ်နိုင်ဘဲ ရိုက်စားခွင်မှာတော့ ကမ္ဘာ့နံပါတ်တစ် စွဲတဲ့ ရန်ကုန်လေဆိပ်ကြီး အဖြစ် နာမည်တွင်နေပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page