ဘယ်နိုင်ငံမှာမှ မရှိတဲ့ ကမ္ဘာ့အထူးဆန်းဆုံး မြန်မာ့ဘမ်းစကားများ (ဘမ်းစကားပေါင်းချုပ်)

“မက်ဆင်ဂျာမှာ ဆော်ကဲရင် ဘော်ကမ်း တယ်နော်” ဆိုတဲ့ ပိုစ့်လေးကို တချို့တွေက နားမလည်။ နားလည်တဲ့သူ အများစုကလည်း နားသာလည်တာ၊ အဲလို ဘမ်းစကားနဲ့ပြန်ပြောဆိုရင် မပြောတတ်။ ဒီလိုစကားတွေကို ဘာပဲလာလာ ပရိုကျကျ ပြောတတ်စေဖို့ ဒီပိုစ့်လေးကို ရေးမိတယ်။

ဘမ်းစကားတွေဟာ ခုခေတ်မှာသာ အယ်လ်ဂျီဘီတီတွေ ပြောတဲ့စကားဆိုပြီးတွင်ကျယ်နေပေမယ့် ၁၉၉၇ ဝန်းကျင်ကဆို ကိုယ်တွေလို လမ်းသရဲတွေ အင်မတန်ပြောကြပါတယ်။ တနယ်နဲ့ တနယ် မတူကြပေမယ့် အခြေခံလေးကိုသိရင် စကားအားလုံးကို နားလည်ပါတယ်။ ပြန်ပြောတတ်ပါတယ်။

ခုနက မတ်စင်ဂျာမှာ ဆော်ကဲရင် ဘော်ကမ်းတယ်ဆိုတာ ”ကော်”စကားပါ။ ဥပမာ “စိုးထိုက် ထမင်း စားမယ်” ဆိုပါစို့။ စကားလုံး တစ်လုံးချင်းစီနောက်မှာ ကော်ကိုထည့်လိုက် ၊ ပြီးရင် ပြောင်းပြန်ပြော အိုကေပြီ။ “စိုးကော် ထိုက်ကော် ထမင်းကော် စားကော် မယ်ကော်” လို့ စိတ်ထဲမှာ အရင် စာစီလိုက်။ ပြီးရင် ပါးစပ်ကနေ ပြောင်းပြန်ပြောတော့။ “စော်ကိုး ထော်ကိုက် ထမော်ကင်း စော်ကား မော်ကယ်” ဖြစ်သွားပြီ။ လွယ်လွယ်လေးပါ။

မတ်စင်ဂျာမှာ ဆော်ကဲ (ဆဲကော်) ရင် ဘော်ကမ်း(ဘမ်းကော်) တယ်နော်။ တွေ့လား အတူတူပဲ။ အဲဒါက ကော်စကား၊ ကော်စကား လိုပဲ ပြောချင်တဲ့စကားတစ်လုံးချင်းစီ အနောက်မှာ ထားရတဲ့ ဘမ်းစကားတွေထဲ အသုံးများတာက “ရှီဘာ” စကား သူကနည်းနည်းမြင့်သွားပြီ။ ဒါပေမဲ့ အတူတူပဲ။

စိုးထိုက် ထမင်း စားမယ်။ “စိုးရှီဘာ ထိုက်ရှီဘာ ထမင်းရှီဘာ စားရှီဘာ မယ်ရှီဘာ” “စာရှီဘိုး ထာရှီဘိုက် ထမာရှီဘင်း စာရှီဘား မာရှီဘယ်” သူကနည်းနည်းတော့ခက်ပေမယ့် အမြန်ပြောရင် ဂျပန်စကားလိုလို ဘာလိုလို။ နားထောင်လို့တောင် ကောင်းသေးတယ်။ ကော်စကား ၊ ရှီဘာစကားတို့လို ပြောချင်တဲ့ စကားလုံးရဲ့နောက်မှာ အသံထွက်တစ်ခုကိုကပ်ပြီး ပြောင်းပြန်ပြောရတဲ့ စကားတွေ အများကြီးပဲ။ ထွင်ရင် ထွင်သလို ထွက်တယ်။

ကော်စကား ရှီဘာစကားတို့နဲ့ နည်းနည်း ကွဲပြားသွားတဲ့ ဘမ်းစကားတစ်ခုက ပြောချင်တဲ့ စကားရဲ့ရှေ့မှာ အသံထွက်ကိုထားတာ။ ဥပမာ E စကား။ စိုးထိုက် ထမင်း စားမယ် ကိုပြောရင် E ကို ရှေ့မှာထား။ Eစိုး Eထိုက် Eထမင်း Eစား Eမယ်။ အိုးစီး အိုက်ထီး အင်းထမီး အားစီး အယ်မီး။

အသံထွက်ကို အရှေ့မှာထားတဲ့ စကားထဲ ခစ် စကား က အခက်ဆုံးပဲ။ ခစ် စကား ကျတော့ အမြန်ပြောရင် တိုင်းရင်းသားစကားနဲ့ တော်တော်တူတာ စိုးထိုက် ထမင်း စားမယ်။ ခစ်စိုး ခစ်ထိုက် ခစ်ထမင်း ခစ်စား ခစ်မယ်။ ခိုးစစ် ခိုက်ထစ် ခင်းထမစ် ခါးစစ် ခယ်မစ် အမြန်ပြောရင် တကယ်လျှာခေါက်တယ်။ ဒီစကားတွေကို ကျွမ်းပါတယ်ဆိုတဲ့သူတွေတောင် ပြောနေကျမဟုတ်ရင် နားမလည်ဘူး။

ခစ်စကားကို ၂၀၀၀ ခုနှစ်ဝန်းကျင်က သိမ်ကြီးစျေးက ဇယားတွေ အရမ်းပြောတာ။ ကျွန်တော်တောင် ဘုံမြင့်က ဇယားတစ်ပွေနဲ့ ရည်းစားတွေဖြစ်သွားပြီး သူက သင်ပေးလို့တတ်တာ။ ထားပါတော့။ ဘမ်းစကားတွေကို အနှစ်ချုပ်ရင် အသံထွက်တစ်ခုကို မူသေကိုင် ပြောချင်တဲ့ စကားလုံးရဲ့ ရှေ့မှာထားပြီး ပြောင်းပြန်ပြောတာနဲ့ နောက်မှာထားပြီး ပြောင်းပြန်ပြောတာ ရယ်လို့ နှစ်ခုပဲ အနှစ်ချုပ် မှတ်သားနိုင်ပါတယ်။

ကဲ အခုဆိုရင် မိတ်ဆွေတို့ ဒီပိုစ့်လေးကိုဖတ်ပြီး ကိုယ့်ရှေ့မှာ ဘမ်းစကားနဲ့ အတင်းတုတ်နေတာကို တော်တော်များများ နားလည်သွားကြပါတော့မယ်။ ဇူဇူ အဘမ်းခံရတဲ့ အဖြစ်ကနေ လွတ်အောင် ဖဘ မှာ ပြောလို့ရသွားပါပြီ။ ယူတို့ကသာ ဖဘလေးပေါ်ကနေ အလွယ်တကူ သင်ယူပြီး တက်သွားကြတာနော်

အိုင်တို့ခေတ်ကဆိုရင် ဒီစကားတွေကိုသင်ချင်လို့ ဆရာ့ဆရာကြီးတွေကို မျက်နှာလေးငုံ့ တရိုတသေ တလေးတစားနဲ့ ဘီအီးတစ်ပုလင်း ဂါ မှ သင်ပေးတာ။

ကိုင်း ဒီလို ဗဟုသုတ အင်မတန်ကြွယ်ဝတဲ့ မဟာ ဘာသာဗေဒ ကျမ်းတော်ကြီးကို ဖတ်ပြီး ကျေးဇူးတင်တယ်ဆိုရင် အိုင့်ကေပေးထဲ သင်တန်းကြေးလေးတော့ စေတနာရှိသလောက် လွှဲပေးကြအုံး။ ကိုစိုးထိုက် (ဖဒို) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page