မြန်မာ့သုခုမ သဘင်လောကရဲ့ ထူးထူးခြားခြား အင်္ဂလိပ် ဇာတ်မင်းသား (သို့) အင်္ဂလန်စိန်

ထူးထူးခြားခြား ဘိုမင်းသား (မောင်ချိုမင်း-ကန္တာရဝတီ)၊ မြန်မာ့သုခုမဇာတ်ခုံပေါ်တွင် မြန်မာတိုင်းရင်းသား ဇာတ်မင်းသားများ ဇာတ်ကခဲ့ကြသည်မှာ လုံးဝမဆန်း၊ သို့သော် နယ်မြေရင်းခံ တိုင်းတပါးမှ ပေါက်ဖွားလာသူမျက်နှာဖြူ လူမျိုးခြား စစ်စစ်တဦးက မြန်မာဇာတ်မင်းသားများနှင့်အတူ မြန်မာ့ဇာတ်ခုံပေါ်တွင် ကျော်ကြားခဲ့သည်မှာ နယ်ချဲ့ခေတ်တန်ခိုးထွားခဲ့ချိန်က ဖြစ်သည်။ ယင်းမင်းသား၏ အမည်ကား အင်္ဂလန်စိန်ပင်။

သူ၏ ဘိုးဘွားများက ဩစတြေးလျနိုင်ငံသား စစ်စစ်များ ဖြစ်ကြ၏။ သူ့ဖခင် (အဲဖရက်) သည် ၁၉၀၅ ခုနှစ်ခန့်က မြန်မာနိုင်ငံတွင် မြင်းပွဲပေါ်စ မြင်းစီးဂျော်လီအဖြစ် အသက်မွေးရန် တိုင်းတပါးမှ ရောက်ရှိလာသူ ဖြစ်ပြီး ခြောက်လသားအရွယ် သားငယ်ကလေး အာသာလည်း မိဘနှင့် အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာရသူဖြစ်၏။

သူငယ်စဉ်က သူ့မိခင် ဖခင်တို့သည် နေ့စဉ်လိုလို ညစာစားပွဲ၊ ကပွဲများသို့ သွားရောက် ပျော်ပါးလေ့ ရှိပြီး အာသာကလေးကို ကလေးထိန်းနာနီကြီးနှင့် လွှဲထားသည်က များသည်။ နာနီကြီးမှာ မိခင်စိတ်အပြည့်အဝရှိသော မွန်အမျိုးသမီးကြီး တဦး ဖြစ်၍ ဇာတ်၊ ရုပ်သေးတို့ကိုလည်း အလွန်ဝါသနာပါသည်။ ကျေးလက်ဆိုင်ရာ တောက်တိုမည်ရ သီချင်း အတိုအစများကိုလည်း အရများသည်။ ထို့ကြောင့်ပင် ပုခက်တွင်းမှ ရင်ခွင်ပိုက်အရွယ် သူထိန်းကျောင်းရသော အာသာကလေးကို သီချင်းတကြော်ကြော် သီဆိုချော့သိပ်ရင် မြန်မာ့ကျေးလက် တေးသံများနှင့် မျက်နှာဖြူကလေးငယ်တို့ နားယဉ်စေခဲ့သည်။

ဆံပင်က ပြောင်းဖူးမွှေးကဲ့သို့ နီကြန့်ကြန့်၊ မျက်ဝန်းက လဲ့ပြာပြာ၊ အသားအရေက နို့နှစ်ရောင်ကဲသို့ ဆွတ်ဆွတ်ဖြူ။ ဝဝတုတ်တုတ် နှစ်နှစ်သားအရွယ် ချစ်စဖွယ်ဘိုကလေးကို ရင်ခွင်ပိုုက်၍ အိမ်အနီးအနားတွင် လာကသော ဇာတ်၊ ရုပ်သေး၊ နတ်ကန္နားပွဲမှန်သမျှာကို သူ့၏ နာနီမိန်းမကြီးက သွားကြည့်လေ့ ရှိသည်။ ထိုအခါ နာနီကြီးစာတတ်သည့် မုန့်လေပွေ၊ မုန့်ဆီကြော်၊ ကောက်ညှင်းပေါင်းနှင့် လက်ဖက်၊ ချင်းသုပ်များကို သူချစ်သည့် ကလေးပါးစပ်ထဲသို့ ပွဲကြည့်ရင် ခွံ့ခွံ့ပေးတတ်သေး၏။

ယုတ်စွအဆုံး ထမင်းစားရာ၌ပင် နာနီကြီးက သူကြိုက်တတ်သည့် ငါးပိရည်၊ တညင်းသီးဆားစိမ်တို့မှအစ ပုန်းရည်ကြီးတို့ကို အာသာကလေးအား ကျွေးတတ်သေး၏။ ဤသို့ဖြင့် မြန်မာ့စိတ်ဓာတ်နှင့် မျက်နှာဖြူခန္ဓာကိုယ် ပေါင်းစပ်နေသော အာသာတို့ စိန်ပေါ(လ်) ကျောင်းသားဘဝ ခုနှစ်နှစ်သား အရွယ်ကပင် အိမ်နေရင်း နာနီကြီး လက်ခုပ်တီးဆိုသော နန်းဘုံသီဟာဘွေ၊ မြမန်းဂီရိစသည့် သီချင်းမျိုးဖြင့် ခန်းဆီးကို တောင်ရှည်ပုဆိုးလုပ်ဝတ်၍ မင်းသားလို ကနေလေ့ရှိပြီ။

ကျောင်းကပွဲတိုင်းတွင် မင်းသားအဖြစ်ပါဝင်ရသည်က များပြီး ကျောင်းသားများ အလယ် လူသိများလာခဲ့သည်။ သို့သော် ကျောင်းစာဘက်၌ ထူးချွန်မှု မရှိဘဲ စာမေးပွဲနီးနေပါလျက် ရေကျော်တွင် ကပြသည့် ဘိုးဘိုးရာမဇာတ်ကို ၄၅ ညလုံး ညစဉ်မပြတ် သွားကြည့်နေမှုကြောင့် စာမေးပွဲ တဗုန်းဗုန်း ကျခဲ့ရသည်။ သို့သော် သူကမမှု။

ဇာတ်မင်းသားအကျော် ဦးစိန်ကတုံးထံတွင် သဘင်ပညာကို မရမက ဆည်းပူးခဲ့သည်။ ဦးစိန်ကတုံးကလည်း သူ့ဖခင်ဂျော်လီထံမှ မြင်း (တစ်) ကောင်းကောင်း ရတတ်သည်ဖြစ်၍ အာသာ့အား ကြိုးစားပြသသင်ပေးခဲ့ရာ အာသာတို့ ဇာတ်ပညာ အသင့်အတင့် ရလာခဲ့ပြီ။

သို့သော် ပထမ သူက ဇာတ်လုပ်စားရန် စိတ်ကူးမရှိ။ ဦးစိန်ကတုံးကလည်း သူ့ကို ညကြေးတို့၊ လခတို့မပေးဘဲ မုန့်ဖို့ပဲဖိုးမျှသာပေးကာ သူ၏ အကောင်းဆုံး အကဖြစ်သည့် အမဲခြောက်ဖုတ်အက၊ တပင်တိုင် မင်းသား လက်နှစ်ပါးသွားအကမျိုးစုံကို သင်ပေးခဲ့သည်။ ထို့ပြင် သူနှင့် ခေတ်ပြိုင်မင်းသား ဖိုးစိန်ကြီး မခံချင်အောင် သူ့ဇာတ်ခုံပေါ်မှ နေ၍ ကြုံးဝါးလိုက်သေး။ “ဖိုးစိန်က ဘိုကပြားမတွေကို ခေါ်ပြီး သူ့ဇာတ်ခုံပေါ်မှာ ယိမ်းသမလုပ်ခိုင်းတာ။ စိန်ကတုံးဆိုတဲ့ ကျုပ်ကတော့ တပည့်ဖြစ်သူ အာသာကို ဘိလပ်သွေးအစစ်မှန်း လူတကာ သိအောင် “အင်္ဂလန်စိန်” လို့ မှည့်လိုက်ပြီ ခင်ဗျား”

အမှန်စင်စစ် အင်္ဂလန်စိန်သည် စိန်ကတုံးထံမှ အကများကို ပိုင်နိုင်စွာ သင်ကြား တတ်မြောက်လာခဲ့သည်။ သို့သော် နောက်ပိုင်းကိုမူ လုံးဝဆိုနိုင်၊ ပြောနိုင်သူ မဟုတ်။ သဘာဝ အနေအထားအားဖြင့် မျက်နှာဖြူစစ်စစ် ဖြစ်နေ၍ မြန်မာစကားကို အလွန်ပီသအောင် ပြောဆိုနိုင်သည့်တိုင် နောက်ပိုင်းဇာတ်ကတတ်၊ လွမ်းတတ်၊ ပြောတတ်ရန်မှာ ပရိသတ်အလယ် ရယ်စရာ ဖြစ်နေပေလိမ့်မယ်။

ထို့ကြောင့်လည်း သူ့ကို ငွေအရင်းအနှီးစိုက်ထုတ် ထူထောင်ပေးထားသည့် ပုသိမ်မြို့မှ ဦးစိန်၊ ဒေါ်ခင်သန်းတို့က နောက်ပိုင်းအတွက် အသံကောင်း၊ ရုပ်ချော မင်းသားငယ်တဦးကို ရှာဖွေထည့်လိုက်ကြရပါပြီ။ ထို့နောက်ပိုင်း တာဝန်ယူ ကပြရမည့် မင်းသားကလေးမှာ နောင်အခါ သဘင်ကောင်စီဥက္ကဌ ဖြစ်လာမည့် အောင်ထွန်းရွှေခေါ် ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်းပင်တည်း။

အင်္ဂလန်စိန်က နဖူးစည်းခေါင်းဆောင် မင်းသားပီပီ တညလျှင် တဆယ်ကျပ် ညကြေးရ၍ သူ့လက်ထောက် အောင်ထွန်းရွှေက သုံးကျပ်မျှသာ ရသည်။ “ဟားဟား ဘိုမင်းသားစန်းကောင်းနေတဲ့ ၁၉၃၄ ခုနှစ်လောက်က ဇလွန်-ဟင်္သာတ-မြန်အောင်-ကြံခင်းနဲ့ ပုသိမ်နယ်တွေဟာ သူစားကျက်ချည်းပဲပေါ့။ သူကလည်း ခြေတို့ခပ်ကောင်းကောင်း၊ အကကလည်း တောင်းဆိုတော့ ပိုးကြပန်းကြတဲ့ အမျိုးသမီးတွေ၊ ညစဉ်ရလိုက်တဲ့ လက်ဆောင်တွေ နည်းရော့လား။ ကျုပ်ကတော့ သူ့ကို ကြောက်နေရတယ်။ သူက ထွက်ဆိုမှ ကရတယ်။ သူ မကနဲ့ ပြန်ဝင်ဆိုရင် ကားကြားထဲဝင်ရပြီ။ ဒီလောက်ကို စန်းရှိိခဲ့တဲ့ ဘိုမင်းသားကွ” ဟု ဦးစိန်အောင်မင်းက အတိတ်ကိုဆောင်ရင်း အထက်ပါအတိုင်း ပြောခဲ့ဖူးသည်။

ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ အင်္ဂလန်စိန်သည် စစ်သာဘဝဖြင့် အင်္ဂလိပ်စစ်တပ်နှင့်အတူ အိနိ္ဒယသို့ ခြေလျင်လျှောက်ပြီး စစ်ဆုတ်ခဲ့ရ၍ စစ်ပြီးဆုံးသည့်အခါ ရွှေဘို၊ မန္တလေးမှ မဟာမိတ်တပ်များနှင့်အတူ ရှိနေခဲ့သည်။ ထိုမှတဖန် အင်္ဂလိပ်တပ်များ ဖျက်သိမ်းလိုက်သည့်အချိန် ရန်ကုန်မြို့သို့ ရောက်လာပြီး သင်္ဃန်းကျွန်းတွင် နေထိုင်ကာ လေကြောင်းပို့ဆောင်ရေး (ယူဘီအေ) တွင် လုံခြုံရေးတာဝန်ခံအဖြစ် ဝင်လုပ်လိုက်သေးသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစတွင် ဇာတ်ပြန်ကရန် စိတ်ကူးသေးသော်လည်း ခေတ်ပြောင်းသွားပြီ ဖြစ်၍ သဘင်ပညာရပ်ဖြင့် အသက်မွေးရန်ကိစ္စကို လက်လျှော့ခဲ့ရသည်။

ဤသို့ဖြင့် ၁၉၅၀ ပြည့်နှစ်တွင် အကောက်ခွန်ဌာနမှ ဒေါ်မမကြီး (နိုင်ငံတော်ရှေ့နေချုပ်ဟောင်း ဦးဘစိန်၏ နှမ) နှင့် အိမ်ထောင်ကျပြီး စင်ကာပူမှ မိတ်ဆွေများက ခေါ်၍ စင်ကာပူသို့ ရောက်သွားသည်။ မကြာမီ အင်္ဂလန်သို့ ပြောင်းရွှေ့ကာ လန်ဒန်၌ အခြေချ နေထိုင်ခဲ့ကြသည်။

ဘိုဆန်သော ဇနီးသည်က အင်္ဂလိပ်လို အပြောများသလောက် ဘိုမင်းသား အင်္ဂလန်စိန်က မြန်မာစကားပြောရမှ အားရသည်ဟု ဆိုသည်။ မှီခိုသူ သားသမီးကလည်း မရှိ၊ အလုပ်အကိုင်ကလည်း အဆင်ပြေနေကြ၍ လန်ဒန်တွင် ဘာတခုမျှ မပူမပင်ရ။

၁၉၅၈ ခုနှစ်က ရွှေမန်းတင်မောင်နှင့် ဦးစိန်အောင်မင်းတို့ကို နိုင်ငံတော်စရိတ်ဖြင့် ဥရောပသို့ လေ့လာခွင့်ပေးသည်။ စကားပြန်မှာ ဒဂုန်ပဦးဘတင် ဖြစ်၏။ ရွှေမန်းနှင့် ဦးစိန်အောင်မင်းတို့ လန်ဒန်တွင် ရောက်ရှိနေစဉ်ခိုက် ဘိုမင်းသားကြီးက တကူးတက ဟိုတယ်သို့ လာတွေ့ရင်း မြန်မာနိုင်ငံသို့ တဖန်ပြန်လာပြီး ဇာတ်ကလိုသေးကြောင်းနှင့် မြန်မာ့အစားအစာ ငါးပိရည်၊ တို့စရာများကို စားသောက်လိုသေးကြောင်း ပြောရှာသည်။

သို့သော် ဘိုမင်းသားကြီး၏ ဆန္ဒမှာ ပြည့်ဝမသွားရှာပေ။ သူသံယောဇဉ်ရှိခဲ့သော မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် အားခဲနေစဉ်မှာပင် ၉-၁-၁၉၇၇ ခုနှစ်၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ရရှာကြောင်း မြန်မာ့ အနုသုခမသဘင်ကို ဂုဏ်ပြုသောအားဖြင့် ဘိုမင်းသားကို တင်ပြလိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page