အထူးသတိထားရမယ့် သိုးရေခြုံသော ဝံပုလွေများနှင့် လက်ရှိ မြန်မာပြည် အခြေအနေ
အထူးသတိထားရမယ့် သိုးရေခြုံသော ဝံပုလွေများနှင့် လက်ရှိ မြန်မာပြည် အခြေအနေ…
သိုးရေခြုံသော ဝံပုလွေ ပုံပြင် ကြားဖူးမလား မသိဘူး။ ဝံပုလွေက သိုးရေခြုံပြီး သိုးအုပ်ထဲကို ဝင်နေတယ်။ သိုးတွေကို သတ်စားတယ်။ တကယ်လို့ သိုးကျောင်းသားက ဝံပုလွေမှန်း သိလို့ သတ်လိုက်တာက လွယ်တယ်။ ဒါပေမယ့် တခြားသိုးတွေက ဒီသိုးကျောင်းသားက အပြစ်မဲ့တဲ့ သိုးတွေကို လိုက်သတ်နေပါတယ် လို့ မြင်တော့မယ်။ အဲလို မြင်အောင်လည်း (တခြား သိုးရေခြုံဆဲ ဝံပုလွေတွေ) က ဘေးတီး လှုံ့ဆော်ပေးတယ်။
ဒီခေတ်မှာလည်း သိုးရေ ခြုံထားတဲ့ ဝံပုလွေတွေ အများကြီးပါ။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ချစ်တာ အပြစ်မဲ့တဲ့ သိုးလိုပါပဲ။ ဒါပေမယ့် ကိုယ်ကျိုးစီးပွားအတွက် အမျိုး၊ဘာသာ၊ သာသနာကို သိုးရေလို ခြုံပြီး သိုးအုပ်ထဲ ဝင်လာတယ်။ သိုးရေခြုံထားသူကို ထိရင် အမျိုးဘာသာ သာသနာကို ဖျက်စီးနေပါပြီ အော်မယ်။ ဒါ အခု လူအတော်များများ သိကြတဲ့ သိုးရေခြုံ ဝံပုလွေ ကိစ္စ တခု။
အခုနောက်ပိုင်းမှာ သိုးရေတွေက ပိုသပ်ရပ်လာတယ်။ ပိုပြီး အစစ်နဲ့ တူလာတယ်။ မပြောင်းလဲတာကတော့ အစစ်နဲ့ တူတဲ့ သိုးရေ အောက်မှာ ဝံပုလွေတွေ ရှိနေဆဲပါပဲ။ လူတယောက်ဟာ ကိုယ်မဲပေးချင် မဲပေးမယ်၊ မပေးချင် မပေးဘူး။ ဒါက right ပါ။ ဒီ right ကို အသုံးချပြီး သူများတွေ မဲပေးချင်စိတ် မရှိအောင် မသိမသာ လှုံ့ဆော်တာကျ ဝံပုလွေပါ။ တကယ်တမ်း မဲပေးချင်စိတ် မရှိတဲ့ သိုးတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဝံပုလွေတွေကလည်း ဒီ အခွင့်အရေး right သိုးရေကို ခြုံလာကြပြန်တယ်။
အနုပညာသည်သည် စိတ်ကြိုက် ဖန်တီးခွင့် ရှိတယ်။ ဒါပေမယ့် စိတ်ကြိုက် ဖန်တီးခွင့်ကို အသုံးပြုပြီး မှားယွင်းတဲ့ အချက်အလက်၊ ဓမ္မနဲ့ မညီတဲ့ အချက်အလက်ကို (စည်းလုံး ညီညွတ်ရေး သိုးရေ) ခြုံပြီး ပြည်သူကြား ချလိုက်တယ်။ အင်မတန် ပါးလွှာတဲ့ သိုးရေ။ ဓမ္မနဲ့ မညီဘူးပြောတော့ အနုပညာရှင်ရဲ့ လွတ်လတ်စွာ ဖန်တီးခွင့် သိုးရေအကာအကွယ်နဲ့ သိုးတွေကို သတ်နေပါပြီ အော်လိမ့်မယ်။
ဒီတော့ သိုးရေတွေက အစစ်နဲ့ တူလာလေ၊ ဝံပုလွေတွေကို နှိမ်နင်းဖို့ ခက်လာလေပါပဲ။ နှိမ်နင်းတာနဲ့ သိုးတွေကို သတ်နေပြီ အော်တော့မှာကိုး။ ဒီတော့ ကျွန်တော်တို့က ဝံပုလွေကို မသတ်ခင်မှာ သိုးရေခြုံထားတာ အများမြင်အောင် သိုးရေကို ဆွဲခွာကြရမယ်။ ဒါမှ သိုးကို သတ်တာ မဟုတ်ဘူး။ သိုးရေခြုံပြီး သိုးတွေကို ခိုးသတ်မယ့် ဝံပုလွေ ရန်က နှိမ်နင်းတာဆိုတာ တခြားသိုးတွေ သိမှာပါ။
သိုးရေကို ဆွဲခွာဖို့ ပညာလိုတယ်။ ဝံပုလွေကို သတ်တာထက် ခက်မယ်။ (သက္ကမိုညို)