နှစ် (၂၀) နီးပါးထောင်ကျခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေး ဘဝခရီးကြမ်း
နှစ် (၂၀) နီးပါးထောင်ကျခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ နိုင်ငံရေး ဘဝခရီးကြမ်း…
တပ်မတော်သားအရာရှိတွေနဲ့ ပင်နီတိုက်ပုံ ဝတ်ဆင်ထားသူတွေ ရင်းရင်းနှီးနှီး ရယ်ရယ်မောမော အပြန်အလှန် လက်ဆွဲ နှုတ်ဆက်နေကြတယ်။ ဒီမြင်ကွင်းက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး နားနေဆောင်မှာ ဖေဖော်ဝါရီ ပထမ သီတင်းပတ် က တွေ့မြင်ရတာပါ။ ပင်နီတိုက်ပုံဝတ်ဆင်ထားသူတွေထဲမှာ အသားညိုညို၊ အရပ်ပုပု အသက် ၆၀ကျော် အမျိုးသားကြီးတစ်ဦးလည်း ပါဝင်ပါတယ်။
အဲဒီအမျိုးသားကြီးက “အားလုံးတူတူပူးပေါင်းပြီး တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ကြမယ်” လို့ တပ်မတော်သား အရာရှိတွေကိုပြောရင်း တစ်ဦးချင်းကိုလိုက်ပြီး ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်နေတယ်။ ထိုသူက တခြားမဟုတ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရသစ်အဖွဲ့မှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် လျာထား ခံရသူလို့ သတင်းထွက်ပေါ်နေတဲ့ အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ပဲဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေမှာ ပြည်သူ့က ရွေးချယ်တင်မြှောက်ခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ။ နိုင်ငံရေးသမားမျိုးရိုးမရှိဘဲ အစိုးရဝန်ထမ်း မိဘ ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ တစ်ဦးတည်းချွန်ပြီး ထွက်ပေါ်လာတဲ့ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်တယ်။
“အဖေက ပါမောက္ခ (အငြိမ်းစား) ဒေါက်တာချစ်မောင်။မိဘနှစ်ဖက်စလုံးမှာ နိုင်ငံရေးလုပ်တဲ့သူ တစ်ယောက်မှ မရှိဘူး။ အဲဒီခေတ် (၁၉၈၈ ဝန်းကျင်) ကပြောရရင်တော့ တော်တော်တော့ ကြောက်ကြတယ်။ မိသားစုကလည်းကိုယ့်ကို ပြောင်ပြောင် တင်းတင်း ထောက်ခံရဲတာမဟုတ်ဘူး၊နိုင်ငံရေးလုပ်ရင်ဖိအားပေးခံရတဲ့အခါကြတော့ တော်တော်ခက်ခဲ ခဲ့ပါတယ်”လို့ ဒေါက်တာဇော်မြင့်မောင်ကပြောတယ်။
ခင်မင်သူတွေက ဦးဇော် ၊ ဆရာဇော်လို့ ချစ်စနိုးခေါ်ကြတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ မွေးချင်း ကိုးယောက်ရှိတဲ့ အနက် က တတိယမြောက်ဖြစ်ပါတယ်။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေ အရှေ့ရပ်မှာ မွေးဖွား ကြီးပြင်း လာတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဆယ်တန်းစာမေးပွဲကို အမှတ် ( ၉ ) စိန့်ပီတာ ကျောင်းက အောင်မြင် ခဲ့တယ်။ မန္တလေးဆေးတက္ကသိုလ်မှာ ၁၉၇၉ခုနှစ် ကဘွဲ့ရတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ ဆေးတက္ကသိုလ် ကျောင်းသားအဖြစ် ကျောင်းတက်နေတဲ့ အချိန် အတူတွဲတဲ့ သူငယ်ချင်းတွေ နဲ့ အတူ နိုင်ငံရေးလုပ်ချင်ခဲ့ပေမယ့် သူအဖို့ အခွင့်မသာခဲ့ဘူး။
“ကျောင်းသားဘဝမှာထောင်ကျသွားတဲ့သူတွေရှိတယ်။ ကျောင်းထွက်လိုက်ရတယ်၊သူတို့လုပ်နေပြီးတော့မှ ဆရာက အဲတုန်းက ဘာမှမလုပ်နိုင်ဘူး၊ဘာကြောင့်လဲဆိုတော့ မိသားစုမျက်နှာကြည့်ရတယ်၊အဖေက ပါမောက္ခ အဖေလုပ်စာ ကိုမှီပြီးနေရတယ်၊ ဆရာတစ်ယောက်ကြောင့်မို့ မိသားစု ဒုက္ခရောက်မှာ။ အဖေကလည်းဆေးကျောင်းက ပါမောက္ခဆိုတော့ ဆရာကိုတော်တော်ထိန်းခဲ့တယ်။အဲဒီအချိန်မှာစပြီးနိုင်ငံရေးပိုးကရှိလာတယ်” လို့ဒေါက်တာဇော်မြင့်မောင်ကပြောတယ်။
ဒေါက်တာဇော်မြင့်မောင်က ၁၉၈၁ ခုနှစ်မှာ အစိုးဝန်ထမ်းအဖြစ် ရွာသစ်ကြီးတိုက်နယ်ဆေးရုံမှာ စတင်တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ် ဇီဝဓာတုဌာနမှာ သရုပ်ပြဆရာလုပ်တယ်။ ၁၉၈၈ အရေးအခင်း သပိတ်မှာ ဒေါက်တာဇော်မြင့်မောင် ပါဝင်ခဲ့တဲ့အတွက် သက်ဆိုင်ရာက အရေးယူတဲ့အနေနဲ့ ရန်ကုန်မြို့ဆေးတက္ကသိုလ် (၁)ကို အလုပ်ပြောင်းရွေ့စေခဲ့တယ်။ အဲဒီအချိန်ကစပြီး ဒေါက်တာဇော်မြင့်မောင်ဟာ အစိုးရဝန်ထမ်းကဘဝကရုန်းထွက်ပြီး နိုင်ငံရေးသမားတစ်ယောက်ဘဝကိုစတင်ခံယူခဲ့တယ်။
“အာဏာသိမ်းတော့မှ အလုပ်က ပြစ်ဒဏ်ပေးတာပေါ့။အရေးမယူဘူးပြောပြီးတော့မှ ဆရာတို့ကိုခေါ်ပြီး ညွှန်ချုပ်က ကြိမ်းတယ် အစိုးရဝန်ထမ်းဖြစ်နေပြီးတော့ အစိုးရကို သစ္စာမရှိဘူးတဲ့။ တကယ်က အစိုးရကို သစ္စာရှိစရာမလိုဘူး ပြည်သူ ကို သစ္စာရှိရမှာလေ။ တော်တော်မခံချင်တဲ့ စကားလုံးတွေပါ။ ပြောချင်တာက ပြစ်ဒဏ်မပေးဘူးလို့ လူသိရှင်ကြား ကြေငြာ ပြီး မှ နောက်ကွယ်က နေလုပ်လိုက်တဲ့ ဟာကို မခံချင်လို့ ပိုက်ဆံ ငါးသောင်းလျော်ပြီး ထွက်ခဲ့တယ်၊ အဲဒီကနေ အလုပ် ထွက်ပြီး နိုင်ငံရေးလုပ်လိုက်တာ အခုထက်ထိပဲ” လို့ ဒေါက်တာဇော်မြင့်မောင်က နိုင်ငံရေးသမားဖြစ်လာပုံကိုပြောပြတယ်။
ဒေါက်တာဇော်မြင့်မောင် အစိုးရအလုပ်ကထွက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာပါတီဝင်လိုက်တယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်တယ်၊အနိုင်ရတယ်။အစိုးရကို သုံးလအတွင်း လွှတ်တော် ခေါ်ပေးဖို့တောင်းဆိုတယ်။ ခွင့်မပြုလို့ လွှတ်တော်ကိုယ်စားလှယ်တွေစုပြီး ဘာဆက်လုပ်ကြမလဲတိုင်ပင်တဲ့ အစည်းအဝေး တစ်ခု အမရပူရမြို့နယ်မှာ လုပ်ခဲ့ကြတယ်။အဲ့ဒီ အစည်းအဝေးတက်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့က အဝေးရောက် အစိုးရအဖွဲ့ ဖွဲ့လိုက်တဲ့အခါ အစည်းအဝေးကြောင့် အဝေးရောက် အစိုးရဖွဲ့ပေါ်လာတယ်ဆိုတဲ့ အကြောင်းပြခ ျက်နဲ့ ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးခဲ့တယ်။
၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဒေါက်တာဇော်မြင့်မောင် ရန်ကုန်ကနေ မန္တလေးကို ပြန်အလာ ရန်ကုန်ဘူတာကြီးမှာ အဖမ်းခံခဲ့ရပြီး မိသားစုနဲ့ ၁၉၉၁ ခုနှစ် ဧပြီလရောက်မှ အဆက်အသွယ်ရခဲ့တယ်။
“အိမ်က သေသလား ရှင်သလား လုံးဝမသိဘူး၊ ဖမ်းထားတယ်ဆိုတာ အာဏာပိုင်တွေက အိမ်ကိုအကြောင်းမကြားဘူး၊ အဲဒီခေတ်ကလူတစ်ယောက်ကို ဖမ်းသွားတာ ဘယ်ရောက်သွားမှန်းကိုမသိတော့တာ အိမ်ကဆို ဆရာကိုသေပြီဆိုပြီး ထင်တာရှိတယ်၊ထောင်ဝင်စာ မရှိပဲအချုပ်ထဲမှာ ခြောက်လလောက်နေရတယ်၊နာမည်ကြီးတဲ့ ထောက်လှမ်းရေး ရေကြည်အိုင်မှာ နှစ်ပတ်လောက်နေခဲ့ရတယ်၊ တော်တော်ကိုရက်စက်တဲ့နေရာပဲ။ အဲဒီဟာကအခက်အခဲဆုံး ကာလတွေ ပေါ့” လို့ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။
အင်းစိန်ထောင်မှာအကျဉ်းကျနေချိန် ၁၉၉၅ ခုနှစ်မှာ အကျဉ်းထောင်ထဲ ရေဒီယိုခိုးသွင်းပြီး သတင်းတွေ နားထောင်တယ်။ သိထားတဲ့သတင်းတွေကို ထောင်ထဲမှာဖြန့်တယ်။ ထောင်ထဲမှာ အထိမ်းအမှတ်မဂ္ဂဇင်းတွေ ထုတ်တဲ့အတွက် ဒေါက်တာ ဇော်မြင့်မောင်အပါအဝင် နိုင်ငံရေးသမား ၂၄ယောက်ကို မမှန်သတင်းဖြန့်တယ်ဆိုပြီး ထပ်မံတရားစွဲပြီး ထောင်ဒဏ် အနည်းဆုံး ၅ နှစ်ကနေ အများဆုံး ၁၂ နှစ်ထိ ပြစ်ဒဏ်ချခဲ့တယ်။ ဒေါက်တာဇော်မြင့်မောင်က ၁၂ နှစ် ပြစ်ဒဏ်ချခံခဲ့ရ တယ်။ ဒေါက်တာဇော်မြင့်မောင်က ပထမအမှုအပါအဝင် စုစုပေါင်း ၃၇ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်နဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ နှစ်ပေါင်း ၂၀ နီးပါး နေခဲ့ရတယ်။ ၁၉၉၀ ပြည့်နှစ် အဖမ်းခံရတဲ့ အချိန်မှာ သိမ်းခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ဆေးကုသခွင့်လိုင်စင်ကို ၂၀၁၀ခုနှစ်မှာ ပြန်လည်လျှောက်ထားခဲ့ပေမယ့် ကြားဖြတ် ရွေးကောက်ပွဲနိုင်ပြီးတဲ့အချိန် ၂၀၁၂ ခုနှစ်မှာ လိုင်စင်ပြန်ရရှိခဲ့တာဖြစ်ပါတယ်။
“ နိုင်ငံရေးသမားတွေကို ဖိနှိပ်တာ ရုပ်ပိုင်းတင်မကဘူး၊ စိတ်ပိုင်းအကုန်လုံးကို မျိုးစုံအောင်ဖိနှိပ်တာ။ ဖြတ်သန်းလာတဲ့ အကျဉ်းသားဘဝပြန်ပြောချင်စရာမကောင်းပါဘူး၊ ဒါပေမယ့် နောင်တစ်ချိန်မှာပြင်လို့ရမယ့်ဟာတွေဖြစ်တဲ့အတွက် ပြန်ပြန်ပြောနေကြတာ။ ဆရာနိုင်ငံရေးစလုပ်တော့ အသက်က ၃၉ နှစ်၊ထောင်ကထွက်လာတဲ့ အချိန်မှာ အသက်က ၅၈ နှစ် ဖြစ်နေပြီ။ အခုလည်း ဆရာတို့နိုင်ငံ ဒီမိုကရေစီအသွင်ပြောင်းနေတယ်ဆိုပေမယ့် ကျောင်းသားလေးတွေ ထောင်ထဲမှာ ရှိနေတာ တစ်ချက်ကတော့ စိတ်ထဲမှာတော့ မကောင်းတုန်းပေါ့” လို့ဒေါက်တာဇော်မြင့်မောင်က သူ့အကျဉ်းထောင်မှာ နေခဲ့ရစဉ်ကအခြေအနေကိုပြန်ပြောပြတယ်။
ဒေါက်တာဇော်မြင့်မောင်တို့ နိုင်ငံရေးသမားတွေ အကျဉ်းထောင်မှာနေခဲ့စဉ်က စိတ်ပိုင်းဆိုင်ရာမှာရော ၊ ရုပ်ပိုင်းဆိုင်ရာ မှာပါ နှိပ်စက်ခဲ့တဲ့ သူတွေ၊ အမိန့်ပေးညွှန်ကြားခဲ့သူတွေကို အခုလိုအချိန် အပြင်မှာပြန်တွေ့တဲ့အခါမှာတော့ နာကျည်း တာမျိုးမရှိဘဲ အပြုံးနဲ့ နူတ်ဆက် နိုင်ခဲ့တယ်လို့ဆိုတယ်။
“ဆရာတို့ခေါင်းဆောင်(ဒေါ်အောင်ဆန်းစုကြည်) က အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြဲတမ်းပြောနေတာ။ အတိတ် ဆိုတာက သင်ခန်းစာယူဖို့ပဲသဘောထားလို့ ပြောတယ် ဆရာတို့ကလည်းနိုင်ငံရေးအရ ကြည့်တာပါ။ ဒီအတိုင်းသာ ပြန် လက်တုန့်ပြန်နေရင် ပြီးမှာမဟုတ်ဘူး၊အကုန်လုံးက ရယ်ရယ်ပြုံးပြုံးပါပဲ။ ဒီလောက်ရုန်းကန်ခဲ့ပြီးမှ ဒီနေ့ ဒီမိုကရေစီ ရောင်နီ သန်းနေပြီ ပြုပြင်ပြောင်းလဲရေး ကာလလုပ်နေတဲ့အချိန်မှာ ပြီးခဲ့တဲ့ဟာတွေ အားလုံးကို သင်ခန်းစာယူစရာလို့ သတ်မှတ် တယ်” လို့ ဒေါက်တာဇော်မြင့်မောင်ကပြောတယ်။
နိုင်ငံရေးသမား တစ်ယောက်အဖြစ်ဘဝကို ရင်းနှီးမြှပ်နှံလိုက်ရင် အများစုက ထောင်ထဲမှာ ဘဝအချိန်တွေ ကုန်ဆုံးလိုက် ရတာ များပါတယ်။ နိုင်ငံရေးသမားတွေရဲ့ဘ၀ အများစုဟာ ကြမ်းတမ်းတာများပါတယ်။ မိသားစုတစ်ကွဲတစ်ပြားခက်ခဲ ရုန်းကန်ကြရတဲ့ အဖြစ်အပျက်တွေလည်းအများကြီးရှိခဲ့ပါတယ်။ ဒေါက်တာဇော်မြင့်မောင် နိုင်ငံရေးလုပ်ရာမှာ စိတ်ဖြောင့် ဖြောင့်နဲ့ လုပ်နိုင်အောင် နောက်ကွယ်ကနေပါရမီဖြည့်ပေးခဲ့တဲ့သူကတော့ အမရပူရသူ ဒေါက်တာယုယုမေပါ။
ဒေါက်တာဇော်မြင့်မောင်က ဒေါက်တာယုယုမေနဲ့ ၁၉၈၀ပြည့်နှစ်မှာ အိမ်ထောင်ကျတယ်၊ သားနှစ်ယောက် သမီး တစ်ယောက် မွေးဖွားခဲ့တယ်။ အကြီးဆုံးသား လေးတန်းကျောင်းသား ၊ သားအလတ် တစ်တန်းကျောင်းသား ၊ အငယ်ဆုံး သမီးလေး အသက်တစ်နှစ်ခွဲအရွယ်မှာ စစ်အစိုးရက ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတပ်ပြီး ဖမ်းလိုက် တယ်။ ဒေါက်တာဇော်မြင့်မောင် ထောင်ကလွတ်တဲ့ အချိန်မှာ သားနှစ်ယောက်လုံးက ဆရာဝန်ဖြစ်နေပြီး သမီးအငယ်ဆုံးက ဆေးတက္ကသိုလ်နောက်ဆုံးနှစ်တက်နေပါပြီ။
သားအကြီးဆုံးက ဆယ်တန်းအောင်ရာမှာ တစ်နိုင်ငံလုံး အတော်ဆုံး ၁၀ယောက်မှာ နံပါတ် ၉ ချိတ်ခဲ့ပြီး မန္တလေးတိုင်း တစ်တိုင်းလုံးမှာ ဒုတိယရခဲ့ပါတယ်။ ပါရမီဖြည့်ဖက်ဖြစ်တဲ့ ဒေါက်တာယုယုမေက ယောကျ်ားကို ထောင်ဝင်စာပုံမှန်တွေ့ပြီး သားသမီးသုံးယောက်လုံးကို ဆရာဝန်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ထောင်ထဲမှာ သားသမီးတွေနဲ့ပ တ်သတ်ပြီး စိတ်ပူပန်ရတာမျိုး မဖြစ်ခဲ့ရဘူးဒေါက်တာဇော်မြင့်မောင်က ဆိုတယ်။
“ဆရာအမျိုးသမီးနဲ့ အခုအိမ်ထောင်သက် ၃၅ နှစ်မှာ ပေါင်းရတာက ၁၃ နှစ် ကျန်တာတော့ ထောင်ထဲမှာပေါ့။ ဆရာ့ အမျိုးသမီးကိုကျေးဇူးတင်တယ်၊ သူကထောင်ဝင်စာပုံမှန်လာတွေ့တယ်၊ အဲဒီခေတ်တုန်းကထောင်ဝင်စာ မရှိရင် ထောင်ထဲ မှာ အသက်ရှင်ဖို့ခဲယဉ်းတယ်၊ ဆရာဒီအခြေအနေရောက်ပြီး ကျန်းကျန်းမာမာနဲ့နိုင်ငံရေးဆက်လုပ်နိုင်တာ နောက်ကွယ် ကနေ ထောက်ပံ့ပေးနိုင်တဲ့ သူကောင်းလို့ပေါ့” လို့ ဆရာဇော်မြင့်မောင်က ပါရမီဖြည့်ဘက် ဇနီးအကြောင်းကို ပြောရင်း ပြုံးနေတယ်။ ဆရာ့ဘဝမှာ ဘယ်ချိန်ပြန်တွေးတွေး အမြဲအမှတ်တရ ဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခုပြောပြပါဆိုတော့ အဲဒီဖြစ်ရပ် ကလည်း ပါရမီဖြည့်ဖက်ဒေါက်တာယုယုမေ နဲ့ ပတ်သတ်တဲ့ အမှတ်တရတစ်ခုပဲ ဖြစ်နေတယ်။
“မြစ်ကြီးနားထောင်ကိုပြောင်းတဲ့ အချိန် ရန်ကုန်ဘူတာကြီးကနေ မန္တလေးဘူတာကြီးကိုရောက်တော့ ကားပြာကြီးပေါ် ကနေ အပြင်ဘက်ကိုကြည့်နေတဲ့ အချိန် ဆရာ့အမျိုးသမီးရောက်လာတယ်။ ဆရာက အမျိုးသမီးကို မမှတ်မိဘူး(ပြောရင်း အားရပါးရ ရယ်တယ်) ဒေါက်တာဇော်မြင့်မောင်ပါလား ပါလား သူက လှမ်းအော်မေးတာ။ အဲ့ကြမှ .. ဟာ .. အဲဒါ .. ငါမိန်းမဟ.. ခေါ်ကြစမ်းပါဟ ဆိုပြီး အဲဒါအမှတ်တရပဲ ဘေးနားကလူတွေက ဆရာ ကိုယ့်မိန်းမတောင် ကိုယ်မမှတ်မိဘူး လား ပေါ့။ မမျှော်လင့်ထားဘူးလေ။ အင်းစိန်ထောင်က ဆရာဝန်က ဆရာ့အဖေရဲ့ တပည့်ရင်း သူက ထောင်ပြောင်းတာကို ဆရာ့အဖေကို ပြောလိုက်တော့ အမျိုးသမီးက သိပြီးလာတွေ့တာ။ အဲဒီ ဆရာဝန်ပြောထားတာကို ဆရာက မသိဘူး၊ ဆရာ့ အမျိုးသမီးနဲ့အတူ သူ့မောင်လေးလည်းပါလာတာ။ ဆရာက ယောက်ဖကို မှတ်မိပြီး မိန်းမကို မမှတ်မိဘူး။ အဲ့ဒါတော့ မှတ်မှတ်ရရပဲ” လို့ ဒေါက်တာဇော်မြင့်မောင်ကအမှတ်တရဖြစ်ရပ်ကိုပြန်ပြောပြတယ်။
ဒေါက်တာဇော်မြင့်မောင်အဖမ်းခံရတော့ အငယ်ဆုံးသမီးက တစ်နှစ်ခွဲအရွယ်ပဲရှိပါသေးတယ်။ ဖေဖေ မေမေလို့ ကောင်းကောင်း မခေါ်တတ်သေးတဲ့ သမီလေးငယ်စဉ်အရွယ်မှာ ဒေါက်တာဇော်မြင့်မောင် အဖမ်းခံခဲ့ရတော့ သမီးက အဖေဆိုတာကို မမှတ်မိတော့လို့ သားအဖဆိုတဲ့ဆက်နွယ်ရင်းနှီးမှုရအောင် ဒေါက်တာဇော်မြင့်မောင် ထောင်ကလွှတ် လာချိန် မှာတော့အချိန်ပေးပြီး ပြန်တည်ဆောက်ခဲ့ရတယ်။
“ဆရာ့အမျိုးသမီးက ဆရာ့ကိုထောင်ဝင်စာလာတွေ့ရင် သမီးကို တစ်ခါတစ်လေ ခေါ်လာတယ်၊ သမီးက တစ်ခါမှ အဖေလို့ မခေါ်ဘူး၊ ဒါညည်းအဖေဆိုလို့ရှိရင် သူကငိုတာပဲ ။ သူ့အမေက အရုပ်ကလေးဝယ်ဝယ်လာရတယ်၊ အပြင်ကနေ ဖွက်လာ တယ်၊ ထောင်ထဲထောင်ဝင်စာတွေ့တဲ့ အချိန်ကျရင် သမီးအဖေက သမီးအတွက် အရုပ်ကလေးဝယ်ထားတာလို့ပြောပြီး သူ့ကိုပေးရတယ်” လို့ ဒေါက်တာဇော်မြင့်မောင်ကပြောပြတယ်။
ဖခင်နဲ့ ငယ်စဉ်ကတည်းက ခွဲခွာခဲ့ရတဲ့ သမီးဖြစ်သူက အသက် ၁၂နှစ် အရွယ်ရောက်မှ ဒေါက်တာဇော်မြင့်မောင်ကို အဖေလို့စခေါ်တယ်။ သမီးဖြစ်သူက ဒေါက်တာဇော်မြင့်မောင်ကို အဖေအဖြစ်သတ်မှတ်ပြီး နွေးနွေးထွေးထွေး ဆက်ဆံပေးတဲ့နေ့က အဖြစ်အပျက်လေးကို အခုလို ပြန်ပြောပြတယ်။
“အကျဉ်းထောင်မှာ ထောင်ဝင်စာတွေ့တော့ ဆရာက သမီးလေးကို ဖက်ပြီး ဆရာ့အမျိုးသမီးက ဆရာ့ဘေးမှာထိုင်တယ်။ မှတ်မှတ်ရရ ခေါင်းလိမ်းဆီလေးဝယ်လာတယ်။ သမီးက ဖေဖေ့ ဆံပင်တွေက ပွနေလို့ ခေါင်းလိမ်းဆီ လိမ်းပေးမယ် ဆိုပြီး လိမ်းပေးတယ်၊ အဲ့မှာ အဖေဆိုတာကို သူလက်သင့်ခံသွားပြီ။ ဆရာထောင်ကလွတ်တော့ သမီးက အပျိုကြီး ဖားဖား ဖြစ်သွားပြီ သူနဲ့ ဆရာ relationship ကို ပြန်ထူထောင်ရတယ်။ အဖေတစ်ယောက်ဆိုတာ အားကိုး ချင်စိတ်ပေါက်အောင် ပြန်ဖန်တီးရတယ်။သမီးကို part 1 ၊ part 2 နှစ်နှစ်လောက် နဲ့ အလုပ်သင်ဆရာဝန်လုပ်တဲ့ထိ ကြိုတာ ပို့တာလုပ်လိုက် တော့ ပိုနွေးထွေးမှုရှိသွားတယ်၊ အဲဒီအခါကြမှ အဖေနဲ့ သမီး ဆက်ဆံရေးက ပုံမှန်ကြီးပြင်းလာခဲ့သလို ဖြစ်သွားခဲ့တာ” လို့ ဒေါက်တာဇော်မြင့်မောင်ကပြောတယ်။
ဒေါက်တာဇော်မြင့်မောင်က လက်ရှိ မန္တလေးသားတစ်ယောက်အနေနဲ့ရော မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ်နဲ့ရော မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေလည်းရှိနေပြီး အပြောင်းအလဲအတွက်လုပ်ချင်တယ်လို့ဆိုပါတယ်။
“မန္တလေးတိုင်းဒေသကြီးက တရုတ် ၊အိန္ဒိယတို့နဲ့ နီးစပ်တယ်၊ရန်ကုန် မန္တလေး ဖွံ့ဖြိုးရေးဟာ တိုင်းပြည်ရဲ့စီးပွားရေးကို တွန်းတင်နိုင်တဲ့ အင်ဂျင်နှစ်ခု။ အဓိက လုပ်ချင်တာတော့ မန္တလေးတိုင်းဒေသဖွံ့ဖြိုးရေးကို ဇောက်ချလုပ်နိုင်တဲ့ လုပ်ငန်းမျိုး ကို စဉ်းစားပြီး လုပ်ချင်တယ်။ဖွံ့ဖြိုဲးရေးလုပ်ရင်းနဲ့ အလုပ်အကိုင်ကိစ္စတွေ လုပ်ရမယ်၊စီးပွားရေးဖွံ့ဖြိုးရင် ကျန်တဲ့ ဟာတွေ က အလိုအလျှောက်လျော့သွားဖို့ရှိတယ်၊မြေသိမ်းတဲ့ ကိစ္စတွေလည်းဖြေရှင်းရမယ်၊ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ မန္တလေးတိုင်းက အရေးကြီးတဲ့ နေရာမှာပါတယ်၊ အရင်က အမြစ်တွယ်နေတာတွေ ပြောင်းလဲ ပစ်ရမယ်” လို့ ဒေါက်တာဇော်မြင့်မောင်က သူ့ဆန္ဒကိုပြောတယ်။
လက်ရှိ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က နိုင်ငံရေးလုပ်ရာမှာ ရာထူးမျှော်လင့်ချက် ဘာမှမမျှော်လင့် ထားတဲ့အတွက် ဘယ်နေရာကနေပဲလုပ်ရ လုပ်ရ နိုင်ငံရေးကို အသက်ရှင်သမျှ ကာလပတ်လုံး လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်။ ဒေါက်တာဇော်မြင့်မောင်ခံယူထားတဲ့ နိုင်ငံရေးခံယူချက်က ရိုးရှင်းတယ်။
“ကျွန်တော်ကတော့ နိုင်ငံရေးကို ရိုးရိုးသားသားပဲလုပ်တယ်။ ရိုးရိုးသားသားလုပ်တာနဲ့တင် နိုင်ငံရေးမှာ ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယုံကြည်တယ်” လို့ ဒေါက်တာဇော်မြင့်မောင်ကပြောတယ်။
ဒေါက်တာဇော်မြင့်မောင် သူ အသက်ရှင်စဉ်ကာလမှာ သူ့မြင်တွေချင်တဲ့ သူ့မျှော်လင့်နေတဲ့ အရာ တစ်ခုလည်း ရှိနေပါသေးတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်သူလွှတ်တော်မှာ ပင်နီတွေလွှမ်းခဲ့တဲ့မြင်ကွင်းကို ပီတိဖြစ်ပြီး သူကိုယ်တိုင်ရေးစပ် ခဲ့တဲ့ ကဗျာလေးကို အခုလို ရွတ်ပြတယ်။
“ဘဝတွေ ကျွမ်းခဲ့ ဘဝတွေ နွမ်းခဲ့ ဘဝတွေလွမ်းခဲ့ ကျွမ်းခဲ့ နွမ်းခဲ့ လွမ်းခဲ့ရ အဆုံး လွှတ်တော်မှာ ပင်နီတွေဖုံး အမုန်းတွေပြေလျော့ အပြုံးတွေဝေတော့လည်း ကိုယ်စိတ်နှလုံးမရွှင်ပြုံးနိုင် တို့ပိုင်တဲ့မြေ တို့ပိုင်တဲ့ပြည်မှာ တို့အမေ ဗိုလ်ရှု့ခံပါမှ တိုင်းမြန်ပြည်ချမ်းမြေ့ပါလိမ့်မယ်”
ကဗျာအဆုံးမှာ သူဆက်ပြောတာက …. “ခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်) သမ္မတဖြစ်တာမြင်ချင်သေးတယ်။ တိုင်းပြည်ပြောင်းလဲသွားတာမြင်ချင်သေးတယ်” တဲ့။
သက်စုအောင်
(ယခုဆောင်းပါးဟာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဝန်ကြီးချုပ်အဖြစ် ဖြစ်လာမယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ ဖေဖော်ဝါရီလမှာ တွေ့ဆုံ မေးမြန်းရေးသားခဲ့တဲ့ ဆောင်းပါးဖြစ်ပြီး ဆောင်းပါးအား ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ်၊ မတ်လ၂၂ ရက်နေ့ထုတ် မန္တလေးအလင်းသတင်းစာတွင် နှစ်ရက်ခွဲပြီး ဖော်ပြခဲ့ပါတယ်)