မြန်မာပြည်က အခြေခံလူတန်းစား စက်ရုံအလုပ်သမများရဲ့ စိတ်အပန်းဖြေခြင်း နည်းလမ်းများ

အလုပ်သမများ ဘယ်လို စိတ်အပန်းဖြေကြလဲ။ နိစ္စဒူဝ နေမမြင် အင်ပါယာထဲက အလုပ်သမားတွေရဲ့ ဘဝကို စေ့စေ့စပ်စပ် သိဖို့ နားလည်ဖို့ ကြိုးစားကြည့်ကြဖို့ လိုပါတယ်။ အနည်းဆုံးတော့ ထမင်းချိုင့်လေးတွေနဲ့ သပ်သပ်ရပ်ရပ်ဝ တ်ဆင်သွားကြမယ်။ ခြွေခြွေ တာတာသုံးပြီး လစာထုတ်ရက်မှာ မိသားစုဆီပိုက်ဆံလွှဲမယ် ဆိုတဲ့အချက်လောက်တော့အားလုံးသိထားကြပါတယ်။

မိုးလင်းမိုးချုပ် အလုပ်ထဲမှာဆိုနေရတယ်ဆိုတာထက် အလုပ်ထဲကဖိအားတွေကို တစ်နေ့နဲ့တစ်နေ့ ဘယ်လိုစိတ်တွေနဲ့ ဖြေဖျောက်ပြီး တစ်နေ့ပြီးတစ်နေ့ ရှေ့ဆက်နေရလဲဆိုတာ စာနာနားလည်အောင်ကြိုးစားကြည့်ကြဖို့ လိုပါတယ်။ အလုပ်သွားဖို့အတွက် ပြင်ဆင်ရတဲ့ အချိန်နဲ့ဆိုရင် မနက် လေးနာရီခွဲ ငါးနာရီကနေစပြီး အလုပ်အတွက် ကြိုတင်ပြင်ဆင်ရတာရယ်။

အလုပ်ထဲမှာ အိုတီဆင်းပြီး အိမ်အပြန်မှာ နောက်နေ့စာအတွက် စီမံဝယ်ခြမ်းရတယ်။ အလုပ်ထဲက ဖိအားကို ဖြေလျော့ဖို့အချိန်မရှိဘူး။ နောက်တစ်နေ့အလုပ်ဆင်းဖို့အတွက် ဒီလိုဖိအားတွေကို ဘယ်လိုဖယ်ရှားပြီး အားမွေးသလဲဆိုတာ သူငယ်ချင်းတစ်ယောက်က” ရေချိုးပြီးရင် ပျောက်သွားမှာပါဆိုတဲ့ စိတ်နဲ့ပဲ ကိုယ့်ကိုကိုယ်အားတင်းပြီး တစ်ရက်ပြီးတစ်ရက် ခရီးဆက်ပါတယ်“ လို့ဖြေဖူးတယ်။

တချို့အလုပ်သမားတွေက တစ်လမှာ နှစ်ရက်နားရက်ရကြပြီး တစ်ချို့ အတင်းအကြပ်ဖိအားတွေနဲ့ အိုတီတွေဆင်းရတာကြောင့် တစ်လမှာ တစ်ရက်လောက်ပဲ နားရက်ရကြတယ်။ သီတင်းကျွတ် သုံးရက်နားရတဲ့အတွက် အဲဒီသုံးရက်အစား တနင်္ဂနွေ သုံးရက်အစား ပြန်ဆင်းပေးရတာတွေလည်း ရှိတယ်။ ဒီလိုနားရက်မရကြတဲ့ အလုပ်သမားတွေက သူတို့ပင်ပန်းခဲ့သမျှကို ဘယ်လိုအပန်းဖြေအနားယူကြမလဲဆိုတာ အောက်မှာဖော်ပြထားပါတယ်။

ဖုန်းနဲ့ အပန်းဖြေကြတယ်။ “အားတဲ့အချိန်လေးတွေမှာ တစ်တော့ဆော့တယ်။ ဖုန်းဘေကုန်တယ်ဆိုပေမယ့် အပြင်သွားလို့ကုန်မယ့် ပိုက်ဆံကို ဘေထည့်တယ်။ အဲဒါတောင် စူပါက စည်းဝေးပြောရင် အလုပ်လုပ်တာသာ တစ်တော့ ဆော့တာလောက် အဖြစ်ရှိရင် လစာတွေကို သိမ်းနိုင်မှာ မဟုတ်ဘူးလို့ ရွဲ့ပြီးဆူလေ့ရှိတယ်။ ဘယ်လောက်လုပ်လုပ် လိုအပ်နေမြဲဆိုတော့ စိတ်ကုန်လာတယ်။

အလုပ်ထဲမှာ ချစ်ရခင်ရသူတွေ ဘဝတူတွေ ရှိနေလို့သာ သံယောဇဉ်ကြောင့် ချင့်ချိန်ပြီး အလုပ်ထဲမှာဆက်ရှိနေတာ။ စားဝတ်နေရေးက အဓိကဆိုပေမယ့် ကိုယ်လုပ်တဲ့ အလုပ်ခွင်ထဲမှာ အပြန်အလှန် မှီတွယ်စရာတွေမရှိရင် ရူးသွားမလားပါပဲ။ စနေနေ့ဆိုရင် အိုတီက လေးနာရီခွဲထိပဲမို့ စောစော ပြန်ရတယ်။ ဆင်တူလေးတွေဝတ်ဖို့ အတွက် ကြိုတိုင်ပင်ကြတယ်။ တစ်ပတ်လုံးရဲ့ မျှော်လင့်ချက်က စနေနေ့ပဲ နောက်နေ့တနင်္ဂနွေက ပိတ်ရင်ပိတ် မပိတ်ရင် စောစော (လေးနာရီခွဲ) ပြန်ရအုံးမှာဆိုတော့ ပျော်တာပေါ့ ။ ဟိုဟိုဒီဒီတော့ သွားလိုစိတ်ကိုမရှိတာ သွားရင်ကုန်တယ်လေ“ လို့ မယမင်း (အမည်လွှဲ) ကပြောပါတယ်။

“သူငယ်ချင်းတွေဆီကနေ နိုင်ငံခြား ဇာတ်လမ်းတွဲတွေ ကူးပြီးကြည့်တယ်။ လိုင်းတော့မသုံးဖြစ်ဘူး ပိုက်ဆံကုန်လို့။ ကိုရီးယားကား၊ ထိုင်းကား၊ အိန္ဒိယကား၊ ဖိလစ်ပိုင်ကား တွေကူးပြီး ကြည့်တယ်။ သူငယ်ချင်းက သူ့တို့အဆောင်မှာ ဝိုင်ဖိုင်ရတော့ ဇာတ်ကားတွေ ဒေါင်းပေးတယ်။ ပိတ်ရက်ဆိုရင် စောစောဈေးသွား ရေမိုးချိုးပြီး ချက်ရင်းပြုတ်ရင်း မီးပူတိုက်ရင်း ဇာတ်ကားကြည့်တယ်။ ညညဆိုလည်း မပင်ပန်းတဲ့နေ့ဆိုရင် ကြည့်ဖြစ်ပါတယ်။ ဖုန်းသာမကိုင်နိုင်ရင်တော့ အိပ်ပဲနေမိမယ်ထင်ပါတယ်။ အပြင်က ထွက်စမရှိတော့ မထွက်ချင်ဘူး။ ခုခေတ်အခြေအနေမှာဆို ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် ကျမရဲ့ အားလပ်ချိန်တွေတော့ ဖုန်းထဲမှာပဲ အချိန်ကုန်လေ့ရှိပါတယ်“ လို့ အထည်ချုပ် မှာအလုပ်လုပ်တဲ့ မစု(အမည်လွှဲ) ကပြောတယ်။

အလုပ်သမားတွေက နိုင်ငံရေးသတင်းဖြစ်စေ အလုပ်သမားရေးနဲ့ ပတ်သက်တဲ့သတင်းဖြစ်စေ လေ့လာဖို့အတွက် အခြေအနေမပေးပါဘူး။ ဖုန်းဘေရှိနေစေအုံးတော့ အလုပ်ထဲကဖိအားတွေနဲ့ပဲ အချိန်ပြည့်ပင်ပန်းနေရတဲ့အတွက် ပျော်စရာသတင်း၊ ရုပ်ရှင်မင်းသား မင်းသမီးသတင်းတွေ ဟာသတင်းတွေလောက်ပဲ သိချင်ကြတော့တယ်။

တစ်ချို့အလုပ်သမတွေကလည်း နိုင်ငံရေးသတင်းတွေ စိတ်ဝင်စားတာမျိုးကိုလည်းတွေ့ရပါတယ်။ ဒီလိုသတင်းတွေကို ဖယ်ရီကားပေါ်တို့ အဆောင်ရေချိုးကန်တို့မှာ အချင်းချင်းအပြန်အလှန်ပြောရင်း သတင်းတွေပြန်ရှဲဖြစ်ကြတယ်လို့သိရတယ်။ ဖယ်ရီကားပေါ်နဲ့ အဆောင်က ဘုံရေချိုးကန်မှာတော့ အလုပ်ကြောင်း မင်းသားမင်းသမီးကြောင်း နိုင်ငံရေးကြောင်းတွေ မျှဝေရာနေရာတွေပဲဖြစ်ကြပါတယ်ဆိုတာလည်း အားလုံးကလက်ခံထားကြပါတယ်။

အချိန်ရရင် ရွာမှာလိုပဲ ကစားကြတယ်။ “ကျမတို့ကတော့ ကုန်မယ့်ခန်းမယ့်အလုပ်မလုပ်နိုင်ပါဘူး။ လစာတွေကလည်းမကောင်းဘူး အလုပ်တွေကလည်း ဘယ်အချိန်ထိပဲ လုပ်ရမှာမှန်း မသိဘူး။ အဲဒါကြောင့်ဘယ်မှမသွားဘူး။ ခေတ်ခါကလည်း မကောင်းဘူးဆိုတော့ မသွားချင်ပါဘူး။ အပန်းဖြေတာတော့ သူငယ်ချင်းတွေနဲ့ ငယ်ငယ်ကလို ကစားတယ်။ ဇာတ်ကားကြောင်းပြောကြတယ်။ သူ့ရွာအကြောင့် ကိုယ့်ရွာအကြောင်း အပြန်အလှန်‌ ပြောကြတယ်။ ကျောက်ခဲတွေကောက်ပြီး ဇယ်ခုပ်တမ်းကစားတယ်။ ခုအခြေအနေလေးငြိမ်နေပီဆိုတော့ စနေနေ့ညဘက်ဆို ထုတ်စီးတိုးကစားတာတွေ ၊ တွတ်ထိုးတမ်းကစားတာတွေတော့ရှိတယ်။ ကျန်တဲ့အချိန်က ကိုယ့်အလုပ်တွေနဲ့ကိုယ် မနားကြရပါဘူး။ တခါတလေ ဓလေ့မတူတော့ စကားနိုင်လုပြီး ငြင်းကြခုန်ကြနဲ့ ပျော်စရာတော့ကောင်းပါတယ်။ အပန်းဖြေတယ်ဆိုတာတော့ အဲလောက်ပါပဲ” လို့ ဆံပင်တုစက်ရုံမှာအလုပ်လုပ်တဲ့ အလုပ်သမတစ်ဦးက ပြောပြပါတယ်။

ဒိုင်နာကားကြီးတွေနဲ့ ဆင်တူတွေဝတ်ကြရင် ကျမတို့လိုအလုပ်သမတွေပါပဲ။ “အပြင်သွားရင် သူများတွေလို တက္ကစီလည်း ငှားမစီးနိုင်ဘူး။ စက်ရုံအကြိုအပို့လုပ်တဲ့ ဖယ်ရီကားတွေကို ငှားပြီးစုပေးကြတာ။ ဒါကြောင့် ကျမတို့ ဘယ်ကိုပဲသွားသွား အုပ်စုလိုက်ကြီးပဲသွားသလိုဖြစ်နေတာ။ ကျမတို့လိုပဲ အခြားအလုပ်သမားတွေလည်း အစုလိုက်ပဲသွားကြတယ်။

တစ်ရက်ထက်ပိုတဲ့ပိတ်ရက်မျိုး သီတင်းကျွတ်တို့၊ နယူးရီးယား၊ တန်ဆောင်တိုင်တို့လို ပိတ်ရက်တွေမှာ သွားကြပါတယ်။ အဲလိုနေ့တွေပဲသွားကြတော့ လူတွေများပြီး အဆဲခံရတာတွေလည်းရှိတယ်။ ကိုယ်သွားတာကိုကိုယ် လူမသိအောင် လိုင်းပေါ်တွေ မတင်ပဲနေရတယ်။ အပန်းဖြေဖို့ဆိုတာကတော့ ဘုရားသွားကြတယ်။ ဓါတ်ပုံရိုက်ကြတယ်။ ထမင်းဟင်းတွေချက်သွားပြီး စုစားကြတာဆိုတော့ ပျော်ပွဲစားသလိုပါပဲ။ ပတ်ဝန်းကျင်တွေဘာတွေ သိပ်ဂရုမစိုက်တော့ ဗရုပ်သုတ်ခလိုမျိုးတော့ဖြစ်ကြတယ်။ ကိုယ်အချင်းချင်းပဲ ပျော်ပျော်ပါးပါးစည်းစည်းလုံးသွားကြတာ။ တစ်နေရာကနေ တစ်နေရာပြောင်းကြတော့မယ်ဆို ကားပေါ်မှာလူတွေဘာတွေစစ်ပြီးလူစုံမစုံစစ်ပြီးသွားကြတော့ စည်းစည်းလုံးလုံးနဲ့ ပျော်စရာတော့ကောင်းတယ်။

အမြဲတမ်း စက်ရုံထဲပိတ်မိနေရာကနေ တစ်နှစ်မှ အများဆုံးနှစ်ကြိမ်လောက် အပြင်ထွက်ရတာ အဲဒါတောင် ပိုက်ဆံမကုန်အောင် ခြစ်ခြုပ်နေကြရတာမို့ မသွားနိုင်ကြဘူး နှစ်ပတ်လည် ဘယ်မှမသွားတဲ့သူလည်းရှိတယ်။ သွားလို့အပန်းပြေလားဆိုတော့ စိတ်တော့အပန်းပြေပါတယ်။ လူတော့ပင်ပန်းတာပေါ့ ။ ပိတ်တာကလည်း ကဆုန်လပြည့်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ တပေါင်းလပြည်တို့လိုနေ့တွေဆိုတော့ အခါကြီးရက်ကြီးဖြစ်တာကြောင့် ဘုရားပဲသွားကြပါတယ်။ ဓါတ်ပုံရိုက်စရာနေရာတွေ ပန်းခြံတွေဝင်ကြတာတွေသွားကြပါတယ်။“ လို့ မစန်းစန်းကပြောပါတယ်။

မစန်းစန်းက ရွှေသံလွင်စက်မှုဇုံမှာအလုပ်လုပ်ပြီး စက်ရုံထဲကသူငယ်ချင်းတွေက သွားချင်တဲ့နေရာရှိရင် မစန်းစန်းကိုပဲ ပူဆာကြတယ် သွားဖို့ လူစုရတာတွေ ကုန်ကျစရိတ်တွက်ရတာတွေ ဦးဆောင်ပြီး စီစဉ်ရတယ်လို့သိရပါတယ်။ ပိတ်ရက်တွေမှာ အပန်းဘယ်လိုဖြေလဲဆိုတာကို မဂျူလိုင်ကလည်း အခုလိုပြောထားပါတယ်။

“ကျမတို့က အထည်ချုပ်မှာလုပ်တော့ တနေကုန်ထိုင်နေရတာ ညောင်းတယ်။ ပိတ်ရက်လျောက်သွားဖို့က ကားမူးတော့ ကားစီးရမယ့်နေရာတွေ မသွားချင်ဘူး။ လှိုင်သာယာမှာဆိုရင် မိုင်၂၀ ဘုရားသွားတယ်။ ငါးထိပ်ပန်းခြံသွားကြတယ်။ တစ်တော့တွေဆော့ကြတယ်။ လှိုင်သာယာထဲကနေ အပြင်ထွက်ခဲပါတယ်။ တခြားနေရာတွေသွားဖို့က ကားမှားစီးမှာလည်း ကြောက်တယ်။ လူကြီးမပါပဲဘယ်မှမသွားပါဘူး။ သွားချင်တာကတော့ ကမ်းခြေတွေမှာ ဘောကွင်းတွေစီး၊ မြင်းတွေစီး အဲလိုတွေပျော်ချင်ပါတယ်။ ဒါပေမယ့်အဲဒါက ဘယ်လိုပျော်ချင်လဲဆိုရင် အဲလိုပျော်ချင်တယ်လို့ပြောတာပါ။ အဲလောက်လဲအကုန်အကျမခံနိုင်ပါဘူး။ ခုချိန်မှာကပိုက်ဆံမကုန်တဲ့ ပျော်စရာတွေပဲ ရှာကြံပြီးပျော်နေရပါတယ်။ တနေရာကိုသွားဖို့ဆိုရင် တစ်လလောက်ကတည်းက အသုံးလျော့တာတွေလုပ်ပြီး အဝတ်အစားချုပ်ကြတယ်။ မင်္ဂလာဈေးကနေ ဆယ်ထည်ဈေးနဲ့ အုပ်လိုက်ဝယ်ပြီးချုပ်ကြတယ်။ ဆင်တူလေးတွေနဲ့ ဘုရားသွားကြတယ် “ လို့ မဂျူလိုင်က ပြောပြတယ်။

“ခုဆိုရင် ရပ်ကွက်တွေထဲမှာ ရဟတ်တွေနဲ့ ပွဲဈေးလိုလိုတွေ လာလုပ်နေကြတယ်။ အလုပ်ပိတ်ရက်ညနေဘက်တွေ သွားဖြစ်ပါတယ်။ သူများတွေရဟတ်စီးနေတာကြည့်ပြီး တစ်ခါစီးရင်တစ်ထောင်က ဘာမှမဟုတ်ဘူးဆိုပေမယ့် ကျမတို့အတွက်တော့ ဟုတ်နေတာပဲ။ သူများတွေပျော်တာကြည့်ပြီး ကိုယ်ပါပျော်ရတာပေါ့။ အပျော်တမ်းအစားသောက် သရေစာစားတာဆိုတာက အကန့်အသတ်တွေရှိတယ်။ အပန်းဖြေတာက တစ်လတစ်ခါလောက် ဘက်စ်ကားစီးပြီး သွားလို့ရတဲ့နေရာတွေသွားတယ်။ အပန်းဖြေခရီးဆိုလို့ ကမ်းခြေတွေဘာတွေသွားချင်စိတ်ပေါက်တယ်။ အဲလိုသွားဖို့ တစ်လကို ငါးထောင်နှုန်းနဲ့ စုနေပါတယ်။ သင်္ကြန်ပိတ်ရက် မတိုင်ခင်သွားရဖို့ မျှော်လင့်ပါတယ်။

စက်ရုံထဲမှာ ၂၀၂၁ မတိုင်ခင်ကအဲလိုပဲစုပြီး ကျိုက်ထီးရိုးတို့၊ ပဲခူးဘုရားတို့ မရောက်ဖူးတဲ့နေရာတွေကို သွားကြတယ်။ တစ်နှစ်ကို တစ်ကြိမ်လောက် သွားကြပါတယ်။ ကျမတော့ အဲလိုညအိပ်ခရီးတွေ တခါမှမသွားဖူးဘူး။ အဲလိုသွားဖို့စုလိုက်တိုင်း အိမ်ကမိသားစုကိုပဲ ပေးဖြစ်ပါတယ်။ ဒီနှစ်တော့ ကမ်းခြေလိုနေရာကို သွားဖြစ်အောင်သွားမယ်လို့စိတ်ကူးပါတယ်။ ပြီးခဲ့တဲ့ ပိတ်ရက်တွေမှာ ချောင်းသာမှာ လူတွေအတော်များလို့ အဆဲခံရတယ်လို့ပြောကြတယ်။ အလုပ်သမားတွေတော့ မသွားနိုင်ကြပါဘူ။ ကျမတို့သွားတဲ့အခါကျရင်လည်း အဆူအဆဲတော့ခံရအုံးမယ်ထင်တယ်။ ပေါများလို့သွားဖြုန်းမှာမဟုတ်ပါဘူး။ သူများတွေသွားတော့ ကိုယ်လည်းရောက်ဖူးချင်လို့ ရှေ့ဒီထက်ခက်ခဲတော့မှာ ပြေလည်မှဆိုရင် မပြေလည်တော့ဘူး။ ကျမတို့ဒီထက်လည်း ပြေလည်မှာ မဟုတ်တော့ဘူးရယ်ပြီးတော့ ဒီထက်ဆိုးတော့မှာပဲရှိပါတယ်။ မပြေလည်တာတွေလည်း မပြောပြချင်ပါဘူး “ လို့မစုစုက သူဖြစ်ချင်တဲ့ဆန္ဒတွေအကြောင်းလေးကိုပြောပြထားပါတယ်။

အိမ်ရှင်မတို့ အပန်းဖြေခရီးစဉ်၊ မယဉ်ယဉ် ဆိုတဲ့ အိမ်ရှင်မတစ်ဦးက ရင်ဖွင့်ထားပါတယ်။ မယဉ်ယဉ်က ကလေးသုံးယောက်မိခင် ဖြစ်ပြီးအမျိုးသားကကုမဏီကားမောင်းပါတယ်။ ကလေးတွေကျောင်းပို့ကျောင်းကြို ချက်ရေးပြုတ်ရေးတွေနဲ့ တစ်နေ့တစ်နေ့ ပင်ပန်းလွန်းတယ်လို့ အမြဲပြောလေ့ရှိပါတယ်။

“ကလေးကတဖက် အိမ်မှုကိစ္စတွေနဲ့ တစ်နှစ်တခါသွားရရင် ကံကောင်းပေါ့။ တစ်ချို့ပိတ်ရက်တွေမှာ အပေါင်းအသင်းတွေရဲ့ အလှူအတန်း၊ မွေးနေ့၊ မင်္ဂလာဆောင် တွေ သွားရတယ်။ သန့်သန့်ပြန့်ပြန့်ဝတ်စားသွားရတော့ အိမ်မှာနေတာထက် စာရင်တော့ စိတ်ထဲတမျိုးလန်းပါတယ်။ အဲဒါလည်းပြန်လာရင် အရင်နေ့ထက် အဝတ်အစား ပိုလျော်ရတာ တစ်ခုပဲပိုပါတယ်။ လူထူထူထပ်ထပ်နေရာတွေသွားဖို့ကလည်း ကလေးတိုးလို့တန်းလန်းမို့ မသွားချင်ဘူး။ သက်တောင့်သက်သာ သာသာယာယာကိုတော့ ကြိုက်ပါတယ်။ အာရုံပိုနောက်မယ့်ခရီးတွေဆိုရင်မသွားချင်တော့ဘူး။

ကလေးတွေလည်းကျောင်းပိတ် လူကြီးတွေလည်း သုံးရက်လောက်ပိတ်တယ်ဆိုရင်တော့ ဒုတိယနေ့လောက်ကို အပြင်သွားဖို့အခွင့်အရေးရတယ်။ ဒါမှ တတိယနေ့မှာ အဝတ်လျော်မီးပူတိုက်က လုပ်ရအုံးမှာမို့လား။ သွားလည်း ပြန်လာရင်ယူရမယ့်တာဝန်တွေကြောင့် မောပါတယ်။ အပန်းဖြေတယ်ဆိုတာမျိုးက ကိုယ့်အတွက် ဘာမှအဓိပ္ပါယ်မရှိပါဘူး။ အပြင်သွားကြတယ်လို့ပဲ သုံးရမှာပါ “ လို့ပြောပြပါတယ်။

တစ်တော့ကို အများစု အသုံးပြုကြတဲ့အလုပ်သမားတွေက ဘယ်သွားသွားအပျော်တမ်းလေးတွေ ဟာသလေးတွေ ဆော့ကြတာကို မြင်တွေ့နေရပါတယ်။ သူတို့က ခရီးတခုသွားဖို့ကို တစ်ယောက်ကဆုံးဖြတ်တာမျိုးမဟုတ်ပဲ အားလုံးဘုံသဘောတူတဲ့နေရာကို သွားဖို့အရင်ပလန်ချတယ်။ ပြီးရင်ခရီးအတွက်လိုအပ်မယ့်အသုံးအဆောင်တွေကို တစ်လချင်းစုတယ် အဝတ်အစားဆိုလည်း ဆင်တူဝယ်ကြတယ်။ ဆင်တူကြိုက်လို့ကော အများဈေးနဲ့ဝယ်ရင်သက်သာလို့ကောကြောင့် ဆင်တူဝယ်ကြပါတယ်။ ဒါကြောင့်လည်း စက်ရုံထဲကအလုပ်သမတွေကို ပစ်မှတ်ထားတဲ့ဈေးကွက်က ခိုင်ခိုင်မာမာရှိနေပါတယ်။

လစဉ်ပိုက်ဆံအရင်းအနှီးထုတ်နိုင်တဲ့သူက ဆယ်ထည်ဈေးဝယ်ပြီး အလုပ်သမားတွေကို လကုန်ပေးနဲ့ရောင်းတဲ့စနစ်ကလည်း အခိုင်အမာရှိနေပါတယ်။ အလုပ်သမတွေက ချုပ်ပြီးဝတ်ကြတာကြိုက်သလို ကိုယ်ပိုင်စက်ချုပ်ဆိုင်လေးဖွင့်ထားတဲ့ စက်ချုပ်ဆိုင်လေးတွေကလည်း အလုပ်ဖြစ်လျှက်ရှိပါတယ်။ ဘယ်သွားသွားဆင်တူလေးတွေဝတ်ပြီး အလုပ်မှာအကြိုအပို့လုပ်တဲ့ ဖယ်ရီကားတွေကိုပဲ အသုံးပြုကြတယ်လို့သိရပါတယ်။ ဒါနဲ့ဆက်စပ်ပြီး လွန်ခဲ့တဲ့နှစ်က နေကြာဝမ်းဆက်တွေဝတ်ပြီး ဘုရားဖူးထွက်ကြတဲ့အမျိုးသမီးအုပ်စု တော်လှန်ရေးကာလမှာ ဘုရားသွားကျောင်းတက် သာယာနေကြတယ်ဆိုပြီး ပြစ်တင်တာတွေလုပ်ခဲ့ကြပါသေးတယ်။

ဒီကာလမှာ လူတိုင်းခက်ခဲနေချိန် အကြပ်အတည်းနဲ့ ဖိနှိပ်မှုများစွာကြားက အလုပ်သမားတွေအတွက် ဘယ်လိုထွက်ပေါက်ရှာရမလဲဆိုတာ စဉ်းစားပေးလို့ မရနိုင်အောင်ဖြစ်ရပါတယ်။ မိုးလင်းမိုးချုပ် နေမမြင်အင်ပါယာ ကြီးလို့ ခေါ်ဝေါ်သမုတ်ကြတဲ့ နိစ္စဒူ၀ လည်ပတ်နေရမှုကြီးကနေ ခဏတဖြုတ်ပြေးထွက်ကြတဲ့ နင်းပြားလူတန်းစားရဲ့ အပန်းဖြေခရီးကလည်း ရွေးချယ်စရာနည်းပါးလှပါတယ်။ အလုပ်ပိတ်တာက ဘာသာရေးနေ့တွေလောက်ပဲ မဖြစ်မနေမို့ပိတ်ကြရတာဆိုတော့ နေ့ရက်နဲ့ကိုက်ညီတဲ့နေရာကို ရွေးချယ်ရတယ်လို့ပြောကြတဲ့အတွက် အလုပ်သမားတွေရဲ့အပန်းဖြေစရာနေရာက ဘုရားစေတီတွေပဲဖြစ်နေကြတယ်။

မစန်းစန်းပြောသလိုပဲ အလုပ်ပိတ်တာကလည်း တနင်္ဂနွေဆိုပုံမှန်မပိတ်ဘူး။ အခါကြီးရက်ကြီးလိုနေ့တွေမှပဲ မိမိရရပိတ်ကြလို့ ဘုရားပဲသွားကြရတယ်ဆိုတာရယ်။ ရန်ကုန်မြို့မှာ အခြေခံလူတန်းစားတွေသွားစရာ အများသောအားဖြင့် ဘုရားစေတီပဲရွေးချယ်စရာရှိပါတယ်။ ရုံးပိတ်ရက်တွေများ လူတွေစည်းကားနေတယ်ဆိုရင်တော့ အခြေခံလူတန်းစားရဲ့ အပန်းဖြေခရီးစဉ်လို့ပဲ တွက်လို့ရလောက်မယ့်အနေအထားဖြစ်ပါတယ်။ လူလတ်တန်းစားတွေ လူကုန်ထံတွေက အဲလိုအခါကြီးရက်ကြီးမှာ စတုတီသာကျွေးတာတို့လောက်ပဲ ရှိကြလိမ့်မယ်လို့ခန့်မှန်းမိပါတယ်။

လူလတ်တန်းစားတွေရဲ့အပန်းဖြေချိန်ကိုလည်း စိတ်ဝင်းစားပါတယ်။ စိတ်အပန်းဖြေဖို့ကတော့ လူတိုင်းလိုအပ်နေတယ်။ စိတ်အပန်းဖြေမှုဆိုတာလူတိုင်းလိုအပ်သလို နေ့စဉ်အိမ်မှုကိစ္စတွေထဲမှာ လည်ပတ်နေရတဲ့အိမ်ရှင်မတွေရဲ့ အပန်းဖြေမှုက ဘယ်လိုဟာလဲဆိုတာပါ မေးယူရမယ့်အခြေအနေပါ။ လူလတ်တန်းစားအိမ်ရှင်မဖြစ်စေ အခြေခံလူတန်းစား အိမ်ရှင်မများဖြစ်စေ အပန်းခြေခရီးစဉ်ဆိုတာမျိုးက ရုံးပိတ်ရက် အနည်းဆုံးသုံးရက်လောက်ရှိမှာ ဒုတိယ ရက် ကို အပန်းခြေခရီးစဉ်အတွက် အသုံးချခွင့်ရမယ့်သဘောဖြစ်ပါတယ်။ သို့သော် အပန်းဖြေခရီးမှာအပြန်မှာတော့ အိမ်ရှင်မ တွေယူရတဲ့တာဝန်က အပန်းဖြေခဲ့တာနဲ့ မညီမျှတဲ့တာဝန်တွေထပ်ပြီးယူကြရအုံးမှာဖြစ်ပါတယ်။

ဒီထဲမှာမှ အလုပ်သမားတွေရဲ့ အပန်းဖြေဖို့နည်းလမ်းကလည်း စက်ရုံတွေထဲက အပြင်ထွက်ဖို့နဲ့ ။ ဆယ်ပေပတ်လည် အဆောင်အခန်းထဲကနေ အပြင်ထွက်ရရေးပဲ ရှိပါတယ်။ စက်မှုဇုံတွေရှိတဲ့ မြို့တွေမှာ အခြေခံလူတန်းစားတွေ အပြင်ထွက်ကြတဲ့အခါ အုပ်အော်သောင်းနင်းနဲ့ ဆိုရှယ်မီဒီယာမှာ ဟိုးလေးတကြော်ကြော်ဖြစ်ရပါတယ်။ အလုပ်သမားတွေကသာယာနေလို့မဟုတ်ကြပဲ နယ်တွေမှာ ကျေးရွာတွေမှာ စစ်ရဲ့ဒဏ် မိသားစုဝင်တွေရဲ့ အသက်အိုးအိမ်တွေ အများကြီးဆုံးရှုံးနေကြရတာတွေလည်း ရှိပါတယ်။ နင်းပြားတွေရဲ့ ရွေးချယ်စရာခရီးစဉ်က ဒါပဲရှိတာကလည်း စနစ်တခုဖြစ်နေတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားစရာ အချက်တခုဖြစ်နေပါတယ်။ (မူရင်းရေးသားသူ စက်ချုပ်သမ အား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page