ဆယ်တန်းအောင်စာရင်းကို စက်ဘီးနဲ့ လည်ရောင်းပြီး တစောင် ၅ ကျပ်နဲ့ ဝယ်ခဲ့ရတဲ့ခေတ်

လွန်ခဲ့တဲ့ ၄၁ နှစ်က ဆယ်တန်း အောင်ခဲ့တာလို့ ရေးရတာ တော်တော်အူကြောင်ကြောင်နိုင်တယ်။ အဲ့တုံးကဆယ်တန်းအောင်စာရင်းကို သတင်းစာပို့သမားက စက်ဘီးနဲ့လိုက်ရောင်းကြတယ်။

ရွှေဂုံတိုင်မြန်မာ့အလင်းသတင်းစာတိုက်ကရလာတဲ့ အောင်စာရင်းကို မနက်ငါးနာရီလောက် “အောင်စာရင်းတွေ” “အောင်စာရင်းတွေရပြီ” အော်ပြီး သတင်းစာပို့သမားက လှည့်ရောင်းတာပါ။ အောင်စာရင်းရောင်းပြီးရင် သူတို့အလုပ် သတင်းစာပို့တာ ဆက်လုပ်တယ်။

အဲ့တုံးက လူငယ်တွေ တစ်ညလုံးမအိပ်ပဲ အောင်စာရင်းကို စောင့်ဝယ်ကြတယ်။ ၁၉၈၁ ဇူလိုင်တတိယပတ် မနက်ခင်း မိုးတစွတ်စွတ်ရွာနေတယ်။ ရန်ကင်းစာတိုက်(ဟောင်း) ရှေ့သွပ်မိုးအဖီအောက်မှာ မနက်မိုးလင်းခါနီးတော့ ကျနော်နဲ့ သူငယ်ချင်းတစ်ယောက်ပဲ ကျန်တော့တယ်။

ငါးနာရီလောက်မှာ “အောင်စာရင်း” အော်ပြီး သတင်းစာပို့စက်ဘီး ရောက်လာတယ်။ ကျနော်သူငယ်ချင်းပြေးဝယ်တယ်။ ၅ ကျပ်ထင်တယ်။ သူရယ် ကျနော်ရယ် နှစ်ယောက်စာ တိုက်အဖီရှေ့အလင်းရောင်မှုန်မှုန်ထဲမှာ ခုံနံပတ်ရှာကြပါတယ်။ သူရောကျနော်ရော နှစ်ယောက်လုံး အောင်ကြတယ်။

ကျနော်တို့ခေတ်က ရန်ကုန်မှာ ထင်ရှားတဲ့ ၉၊၁၀ တန်းကျုရှင်ဆရာကြီးတွေကို ကျနေ ာ်မှတ်မိသလောက်ရေးကြည့်ပါမယ်။ ဒါပေမယ့် တယောက်မှမတက်ဖူးပါ။ ဓါတု (ဦးမြတ်ထိန်လင်း)၊ ရူပ (ဦးအောင်ဖေညွန့်)၊ သင်္ချာ (ဦးသာ၊သင်္ချာသန်းနိုင်)၊ မြန်မာစာ (ဆရာဒိုး၊မန်းတက္ကသိုလ်)၊ ဘောဂ (ဘောဂဂုဏ်တစ်သုံးလုံးသက်ဝင်း)၊ အင်္ဂလိပ်စာ (နေအုပ်စိန်ပေါ)၊ သမိုင်း (သမိုင်းတံခွန်ဦးထွန်းနွယ်)

ရန်ကင်းက ထင်ရှားတဲ့ ကျုရှင်ဆရာကြီးတွေ ကျနော်မှတ်မိသလောက်။ သင်္ချာ( ဦးဝင်းမောင်၊ ဦးအေးသွင်)ဓါတု၊ရူပ (ဦးခင်မောင်ညွန့် ) ဦးရဲခေါင်(ဘာသင်လဲမေ့နေပြီ )၊ ကျနော်တို့ ခေတ်ဆယ်တန်းမှာ ၆ ဘာသာရှိတာ အိမ်ကကျုရှင် ၂ ဘာသာပေးယူတယ်။ တစ်ဘာသာ ၁၅ ကျပ်နဲ့တစ်လ ၃၀ အိမ်ကပေးခဲ့တယ်။

ဒါပေမယ့် ကျနော်ကျုရှင် မတက်ခဲ့ဘူး။ ကျုရှင်ဖိုးအိမ်က ပေးတဲ့ ပိုက်ဆံ ၃၀ ကို သုံးပစ် မူးပစ်ရူးပစ်ခဲ့တယ်။ ကျနော်တို့ခေတ်က ဆယ်တန်းအောင်ကြတဲ့သူတွေခြင်း “ကျူရှင်မယူခဲ့ဖူး ” ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု ပိုင်ခဲ့ဖူးတယ်။

ကျနော်ဆယ်တန်းရောက်တော့ အသက် ၁၉ နှစ် ရှိပြီ။ အလယ်တန်းမှာ တဖုံးဖုံးကျခဲ့ပြီး ကိုးတန်းဆယ်တန်းကိုတစ်နှစ်ထဲအောင်ခဲ့သူဆိုပြီး မိဘဆွေမျိုးကြား နာမည်ကြီးခဲ့ဖူးတယ်။

မဆလခေတ်လယ်ပိုင်း ဆယ်တန်းစာမေးပွဲက တကယ်ဆို ဘဝအတွက် အဖြေမရှိတဲ့ ပဟေဋ္ဌိတစ်ကွက်ကို တာဝန်တစ်ခုအရ မဖြစ်မနေဆက်လိုက်ရသလိုပါပဲ။ လွန်ခဲ့တဲ့ ၄၁ နှစ်ဆိုတာ မနေ့တနေ့ကအတိုင်းပဲ။ လွင်ဦး(ရန်ကင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page