ရာသီလာချိန် ခေါင်းလျှော်ရင် အသက်ဆုံးရှုံးနိုင်လားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ အဖြစ်အပျက်တခုကတော့ ရာသီလာနေချိန်မှာ ခေါင်းလျှော်လို့ အသက်ဆုံးရှုံးသွားရတဲ့ မိန်းကလေး တဦးအကြောင်းပဲ ဖြစ်ပါတယ်။ ပို့စ် အပြည့်အစုံကို ဆက်လက် ဖော်ပြလိုက်ပါတယ်-

မိန်းကလေးတွေသတိထားပါ။ မနက်ခင်းစောစောကြားလိုက်ရတဲ့ သတင်းမကောင်းလိုက်တာ။ period time လာနေတာကို ခေါင်းလျှော်မိလို့ သူငယ်ချင်း ဆုံးသွားပြီတဲ့။ မိန်းကလေးတွေ မပေါ့သင့်ပါဘူး တကယ်ဂရုစိုက်ရမယ့်အချိန်ပါ။

ကိုယ်လည်းအမြဲ တစ်ခါလေperiod time လာနေရင် ခေါင်းလျှော်မိတဲ့အခါရှိတယ်။ အခုကြားပြီး လန့်သွားပါပြီ။ နောက်လည်းမလုပ်တော့ဘူး။ နောက်လည်း မနောက်တော့ပါဘူး။ period time လာနေတဲ့ ချိန်ဆိုဘယ်လောက် ခေါင်းအနံ့ထွက်နေနေ မလျှော်ကြပါနဲ့။ တစ်ချက်လေးမှားလုပ်မိတာနဲ့ ဘာမှ မသိလိုက်ပဲ ဖြစ်သွားမှာ စိတ်တွေလည်းညစ်ရပါတယ်။

ဖုန်းဆက်လာလို့ သူငယ်ချင်း ထင်လိုက်တာ၊ သူအမေကငိုပြီး နင့်သူငယ်ချင်းဆုံးပြီ ပြောတော့ ဘာပြန်ပြောရမှန်း မသိ။ ယုံတောင် မယုံဘူး။ မုန့်ဆိုလည်းမုန့်၊ လက်ဆောင်ဆိုလည်း လက်ဆောင်အမြဲ ဝယ်ပေးတဲ့သူငယ်ချင်း ဆုံးတာ။

မနက်ခင်းအစောထဲကပါ။ ၅ ရက်နေ့ဆိုတာက ဒီဘက်ကဆုံးတာနဲ့ သဂြိုလ်မယ့်ရက်ကို ကြိုရေးကြတာပါ။ ၁.၅.၂၀၂၃ (၂)နာရီ သဂြိုလ်မှာပါ။ ကောင်းတဲ့နေရာမှာ အနားယူပါ။ ဂျူးဂျူးရေ နောက်ဘဝရေစက်ရှိရင်ထပ်ဆုံပြီး ဒီဘဝထက် အကြာကြီးနေရအောင်။

အဆိုပါ ပို့စ်ကို လူအများအပြား အထူးသဖြင့် မိန်းကလေး အတော်များများက စိုးရိမ်တကြီးနဲ့ မျှဝေနေကြတာကို တွေ့ရပါတယ်။ အမှန်တကယ်တော့ ရာသီလာချိန် ခေါင်းလျှော်လို့ အသက်ဆုံးရှုံးရတယ်ဆိုတာ ယုံတမ်းတခုပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်တယ်ဆိုတာ သိပ္ပံနည်းကျ သက်သေအထောက်အထား တခုမှ မရှိပါဘူး။

မျိုးရိုးစဉ်ဆက် အမေကနေ သမီးကိုလက်ဆင့်ကမ်းရင်ကမ်း၊ မဟုတ်ရင်လည်း မိန်းကလေး သူငယ်ချင်း အချင်းချင်း သတိပေးကြတဲ့ ကိစ္စဖြစ်နေပါတယ်။ ရာသီလာနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ခေါင်းလျှော်လို့မရ၊ ခေါင်းလျှော်ရင် အအေးပိုမိနိုင်တယ်၊ ဗိုက်ပိုအောင့်နိုင်တယ်ဆိုတာတွေအားလုံးက အယူအဆ အမှားတွေပဲ ဖြစ်ပါတယ်။

ရာသီလာတဲ့ မိန်းကလေးတစ်ယောက်ဟာ ပုံမှန်အတိုင်း ခေါင်းလျှော်နိုင်တယ်။ ရေချိုးနိုင်တယ်။ ဦးခေါင်းနှင့် မျိုးပွားအင်္ဂါဟာ ဆက်စပ်မှုမရှိပါဘူး။ ခေါင်းလျှော်လိုက်ရင် အပူအပုတ်တွေတောင် ကင်းစင်ပြီး သန့်ရှင်းသွားပါတယ်။

အထက်ပါ ပို့စ်ထဲမှာ ပါတဲ့ မိန်းကလေးက တခြားအကြောင်းတခုကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်နိုင်ပါတယ်။‌ေ-သဆုံးကြောင်း လက်မှတ်ထုတ်ပေးတဲ့ ဆရာဝန်က ကွယ်လွန်ရတဲ့ အကြောင်းရင်းကို အသိဆုံး ဖြစ်ပါလိမ့်မယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်ဖြစ်စဉ်တခုကို အပြင်က အပူချိန်အပြောင်းအလဲက မည်သို့မျှ သက်ရောက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။ ယခုခေတ်လို့ ဆေးသိပ္ပံပညာတွေ ထွန်းကားလာချိန်မှာ အစဉ်အဆက် ကမ်းလှမ်းခဲ့တဲ့ အယူအဆ မှားတွေကို စွန့်လွှတ်သင့်ပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page