နှစ်ပေါင်း ၂၄၀၀ ကျော် ပျောက်ဆုံးခဲ့တဲ့ ကျိုက်ထီးရိုးစေတီတော်ကြီးရဲ့ လူမသိသေးတဲ့ အချက်များ
တိဿရသေ့နှင့် သိကြားမင်းတည်ခဲ့သော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတည်ခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ကျော် ကြာမြင့်ခဲ့ပြီဟု စစ်ကဲတော်မင်း မောင်ရွှေနော် ရေးတဲ့ မွန်ရာဇဝင်အရ သိရသည်။
ကျိုက်ထီရိုးစေတီသည် ကျိုက်ထိုမြို့နယ်ရှိ အရှေ့ရိုးမ တောင်တန်းအပါအဝင် ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိသည်။ ပင်လယ်ပြင်အထက် ပေပေါင်း ၃၆၀၀ ခန့်မြင့်သည်။ ကြီးမား၍ မတ်စောက်သော ကျောက်တောင်တစ်ခု၏ အစွန်းတွင် ကျောက်လုံးကြီးတစ်လုံး ပြုတ်ကျလုနီးပါးတင်နေသည်။
ကျောက်လုံးကြီးသည် လုံးပတ်ပေ ၅၀ ခန့်ရှိသည်။ ကျောက်လုံးတော်ကြီး ထိစပ်တင်ရှိနေသော ကျောက်တောင်စွန်းအကျယ်အဝန်းသည် ၁၅ ပေထက်ပင် မပိုနိုင်ချေ။ နှမ်းဖတ်ကျောက်အမျိုးအစား ကျောက်လုံးကြီးသည် စေတီတော် အပါအဝင်တန်ချိန် ၆၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။
ကျောက်လုံးပေါ်တွင် စေတီတစ်ဆူတည်ထားသည်။ ဉာဏ်တော် ၁၅ ပေခန့်မြင့်သည်။ ကင်ပွန်း(ကင်မွန်း) စခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်ထိ ၇ မိုင်ခွဲခန့်ဝေးသည်။ စခန်းပေါင်း ၂၇ ခုကို ဖြတ်သန်းသွားရသည်။
မွန်ဘာသာ ”ကျိုက်က္ကသိယို” (ရသေ့ရွက်သောဘုရား) မှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာသည်။ စေတီတော်တည်ထားပြီနောက် နှစ်ပေါင်းများစွာ တောဖုံးပျောက်ကွယ်သွားခဲ့သည်။ နှစ်ပေါင်း ၂၄၀၀ ကျော်မျှ ကျိုက်ထီးရိုးစေတီ တည်ရှိနေကြောင်း တွေ့မြင်သူ၊ သိရှိသူ မရှိတော့ချေ။
ခရစ်နှစ် ၁၈၂၃ ခုနှစ် (ဘကြီးတော်ဘုရားလက်ထက် ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲမဖြစ်ပွားမီ တစ်နှစ်မျှအလို) တွင် စစ်တောင်းမြို့ဝန် မင်းလှသင်္ခသူသည် ပျောက်ဆုံးနေသော ကျိုက်ထီးရိုးစေတီကို ပြန်လည်တွေ့ရှိခဲ့သည်။ ထိုစဉ်က ကျောက်လုံးကြီးပေါ်မှ စေတီဉာဏ်တော်မှာ သုံးတောင်မျှသာ မြင့်သည်ဟုဆိုသည်။
ဆင်ပစ်ရန် တောလည်ထွက်ရင်း စစ်တောင်း မြို့ဝန်တွေ့ရှိခဲ့သော ကျိုက်ထီးရိုးစေတီတော်ကို ပြန်လည်တွေ့ရှိသည့်နှစ်မှာပင် စေတီတော်လေးကို ငုံလျက် ဉာဏ်တော် ၁၂ တောင်ရှိ စေတီသစ်ကိုတည်ခဲ့လေသည်။ စစ်တောင်းမြို့မှ စေတီအရောက် လမ်းဖောက်ခဲ့သည်။ နှစ်စဉ်နတ်တော်လရောက်တိုင်း ပွဲတော်ကျင်းပလာခဲ့သည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)