တချိန်က မြန်မာပလာဇာ တည်နေရာရဲ့ ယနေ့အထိ မဖြေရှင်းနိုင်သေးတဲ့ ခြောက်ခြားဖွယ်ရာ ပုစ္ဆာတပုဒ်

မြန်မာပလာဇာနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က မြင်ခဲ့ရတဲ့ လူ့အရိုးစု အပိုင်းအစ။ မြန်မာပလာဇာ အဆောက်အဦးကြီးတွေ ကြည့်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က မြင်ခဲ့ရတဲ့ လူ့အရိုးစုအပိုင်းအစကို မျက်စိထဲ ပြန်မြင်ယောင်မိတယ်။

ဟိုးအရင် မြို့ထဲကနေမထသ ၃၇ ဘတ်စ်ကား(အဝါ) စီးလာရင် ရွှေဂုံတိုင်၊ ဟာမစ်တစ်၊ ပတ်ကလိန်း၊ ကုက္ကိုင်း၊ လမ်းနီ၊ စာတိုက်မိုးကောင်း၊ သံလမ်း ဘတ်စ်ကားမှတ်တိုင်အစဉ်လိုက်။ အခုမြန်မာပလာဇာနေရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ က Mayfair ခေါ်တဲ့ နိုက်ကလပ်တစ်ခုရှိခဲ့တယ်။ နိုက်ကလပ်က အင်္ဂလိပ်ခေတ်ထဲက ရှိခဲ့ပြီး တော်လှန်ရေးကောင်စီခေတ် ၁၉၆၂ နောက်ပိုင်း ဖျက်သိမ်းလိုက်တယ်လို့ လူကြီးတွေပြောသံ ကြားဖူးတယ်။

Mayfair နိုက်ကလပ်က အဲ့ခေတ်လူကုံတန်တွေ ကျက်စားပျော်ပါးတဲ့နေရာပါ။ ကလပ်အရှေ့မှာ အင်းယားကန်၊ ဘယ်ဘက်မှာ တရုတ်ဘုံကျောင်းနဲ့ အနောက်ဘက်မှာ အဇစ်ခြံခေါ်တဲ့ နွားမွေးမြူရေးခြံနဲ့မြင်းခြံတွေ ရှိတယ်။ စိုက်ခင်း၊ ငှက်ပျောခင်းရှိတယ်။ ကလပ်ညာဘက် (အခု ဆီဒိုးနားဟိုတယ် )နေရာမှာ ရဲမော်တော်ယာဉ်အလုပ်ရုံရှိတယ်။ “လမ်းနီလေး” ဆိုတာအခု စက်မှု(၁)လမ်းနေရာကို ပြောတာလား ဒါမှမဟုတ် ဆီဒိုးနားဟိုတယ် (ရဲမော်တော်ယာဉ်အလုပ်ရုံ) နဲ့ ရွှေဥဒေါင်းအထည်စက်ရုံကြားလမ်းကျဉ်းကို ပြောတာလား အချို့မသဲကွဲကြဘူး။

ရဲမော်တော်ယာဉ်အလုပ်ရုံ ညာဘက်လမ်းကျဉ်းလေးအတိုင်းအတည့်သွားရင် စူနီယံပခ် (သုခဝတီ) က ပညာ့ဝတီဘုန်းကြီးကျောင်းရှေ့ရောက်တယ်။ ကျနော်တို့ အင်းယားက ရေကူးအပြန် ဘောင်းဘီခေါင်းစွပ်ပြီး ပြန်နေကျလမ်း လမ်းနီလေးဆိုတာ ဒီလမ်းကျဉ်းလေးကိုပြောတာ။ ရွှေဥဒေါင်းအထည်စက်ရုံကထွက်တဲ့ ဓါတ်ဆေးဆိုးဆေးအနီရောင်ရင့်ရင့်အရည်လမ်းအောက်မြောင်းကတဆင့် ဘေးနားက ပညာဝတီတံတား(ဦးပိန်တံတား) ဆောက်ထားတဲ့ ကွင်းကြီးထဲ စီးဝင်သွားတယ်။ ရေစပ်စပ်ကွင်းကြီးထဲမှာစက်ရုံ စွန့်ပစ်ရေနီနီ အဆီဝေ့နေတယ်။ ဒါကြောင့် “လမ်းနီလေး” ခေါ်သလားစဉ်းစားမိဘူးတယ်။

အနောက် ရန်ကင်းတိုက်စဆောက်ခါစ လူစုံမရောက်ကြသေးဘူး။ ဒါကြောင့် Mayfair ကလပ်နေရာက တကယ်ချောင်ကျတဲ့နေရာလို့ ပြောနိုင်တယ်။ ညဘက်မပြောနဲ့ နေ့ခင်းဘက်တောင်လမ်းနီလေးမှာလူအသွားအလာသိပ်မရှိဘူး။ ပညာ့ဝတီဘုန်းကြီးကျောင်းနဲ့ ပိုက်လုံးဘေးက ရခိုင်ဘုန်းကြီးကျောင်း ရဟန်းတော်အချို့ပဲ ဆွမ်းခံကြွချိန် ပြန်ချိန်၊ စူနီယံပတ်ခ် ရွှေဥဒေါင်းအထည်စက်အလုပ်သမားအချို့လောက်ပဲ လမ်းနီလေးကားဂိတ်တဝိုက် မြင်ရလေ့ရှိတယ်။

၁၉၇၀ နောက်ပိုင်း Mayfair နိုက်ကလပ်အပါအဝင် စိုက်ခင်းငှက်ပျောတောနဲ့ အဇစ်ခြံမြေနေရာအများစု စက်မှု(၁)ဝန်ကြီးဌာနလက်အောက် ရောက်ခဲ့တယ်။ ကျနော် ၁၉၈၁ စက်မှု(၁)ရောက်တော့ မူလ Mayfair အဆောက် အဦးအဟောင်းကိုငုံပြီး ပတ်ပတ်လည်အဆောက်အဦးအသစ် ပတ်ဆောက်ထားတယ်။ ဒီ Mayfair အဆောက်အဦးကို ငုံပြီးဆောက်ထားတဲ့ အဆောက်အဦးကို အဲ့ဒီတုန်းကစက်မှု(ကြွေမြေ) ရုံးချုပ်လုပ်ထားတာမှတ်မိတယ်။

၁၉၈၃-၈၄ မှာငုံထားတဲ့အတွင်းက မူလ Mayfair အဆောက်အဦးကို ပြန်ဖြိုဖျက်ခဲ့တယ်။ ငုံပြီးအပြင်က ဝိုင်းပတ်ကာထားတဲ့အဆောက် အဦးအသစ်ကိုချန်ခဲ့တယ်။ ကျနော် စက်မှု(၁)စတိုအကူအနေနဲ့ Mayfair မူလအဆောက်အဦး ဖြိုဖျက်တဲ့အထဲ ပါဝင်ခဲ့တယ်။ ကလပ်အဆောက်အဦးဟောင်းဖြိုလို့ ထွက်လာတဲ့ သံချောင်းသံယက်မကို ဒေါ့်ဂျစ်ကားပေါ်တင်တာစောင့်ကြည့်၊ ကားဝင်ထွက်ခွင့်ပတ်စ်လုပ်ပေးရတယ်။ ထူးခြားတာက Mayfair မူလအဆောက်အဦးကိုဖြိုတော့ တိုက်အောက်မှာမြေအောက်ခန်းကို မထင်မှတ်ပဲသွားတွေ့ခဲ့တယ်။

မြေအောက်ခန်းနံရံမှာ ခြောက်ခြားစရာပန်းချီကားကို အနီအနက်ဆေးနဲ့ ခြယ်ထားတယ်။ မမျော်လင့်ပဲ မြေအောက်ခန်းမှာ လူ့အရိုးစုအပိုင်းအစတွေ့လို့ လူကြီးတွေကို သတင်းပို့ရတယ်။ စက်မှု(၁)လူကြီးတွေလာစစ်ကြသေးတယ်။ နိုက်ကလပ်လျှို့ဝှက်မြေအောက်ခန်းမှာ ဘယ်ခေတ်ဘယ်အချိန်ထဲကရောက်နေတဲ့ လူ့အရိုးစုလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။

၂၀၀၀ ခုနှစ်စက်မှု(၁)ဝန်ကြီး ဦးအောင်သောင်းလက်ထက် Mayfair နေရာမှာ အသစ်ထပ်ဆောက်တဲ့ အဆောက်အဦးအသစ်မှာ ဝန်ကြီးရုံးထိုင်ခဲ့တယ်။ မြန်မာပလာဇာဘေးကဖြတ်သွားတိုင်း Mayfair နိုက်ကလပ် မြေအောက်ခန်းထဲကအရိုးစုနဲ့ ခြောက်ခြားစရာအနီအနက်နံရံဆေးရေးပန်းချီကားကို သတိရမိတယ်။ လွင်ဦး(ရန်ကင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page