ကမ္ဘာ့ဖလားစင်မြင့်ထက်မှာ အာရှဂုဏ်ဆောင်နိုင်ခဲ့တဲ့ အာရှသား စစ်စစ်တဦး (သို့) ဂျောင်ဂွတ်

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ဖွင့်ပွဲ အခမ်းအနားကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးအောင် ကျင်းပနိုင်ခဲ့ပါတယ်။

ယခုကမ္ဘာ့ဖလားဖွင့်ပွဲမှာ လူပြောအများဆုံး ဖြစ်ရပ်ကတော့ တကမ္ဘာလုံးက ဆယ်ကျော်သက် အများစုရဲ့ အသည်းနှလုံးကို ဆုပ်ကိုင်ထားနိုင်တဲ့ ဘီတီအက်စ် အဖွဲ့ဝင် ဂျောင်ဂွတ်က ကမ္ဘာ့ဖလား အဖွင့်သီချင်းကို သီဆိုခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကဲ့သို့ အားကစား ပြိုင်ပွဲကြီးနဲ့ အဖွင့် သီချင်းဖြစ်တဲ့ Dreamers သီချင်းက လိုက်ဖက်မှု မရှိဘူးဆိုပြီး ပရိသတ်တချို့က ဝေဖန်ခဲ့ကြပါတယ်။ ပရိသတ်တချို့ကလည်း သီချင်းက ကောင်းပေမယ့် ကာတာနိုင်ငံရဲ့ ပြိုင်ပွဲစီစဉ်ပုံ ညံ့ဖျင်းတာကြောင့် ထင်သလောက် မဖြစ်ခဲ့တာလို့ ဝေဖန်ခဲ့ကြပါတယ်။ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးရဲ့ အသည်းစွဲ ဂျောင်ဂွတ်ကို ဝေဖန်ကြတာကတော့ မြန်မာပြည်က အများဆုံး ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ပရိသတ်တွေ ဝေဖန်သလိုပဲ ကာတာနိုင်ငံရဲ့ ပြိုင်ပွဲကျင်းပပုံဟာ ဝေဖန်စရာတွေ အများအပြား ရှိခဲ့ပြီး ဒီဖက်ခေတ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲတွေထဲမှာ ကန့်သတ်မှု အများဆုံးနဲ့ အဆင်ပြေမှု မရှိဆုံး ပွဲတခု ဖြစ်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

Dreamers သီချင်းရဲ့ သံစဉ်စာသားအလိုက်ဟာ အနည်းငယ်အေးနေသလို ခံစားရပြီး အားကစားပြိုင်ပွဲ သီချင်းကဲ့သို့ တက်ကြွမှုမျိုးကို မရရှိဘူးလို့ အများဆုံး ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဂျောင်ဂွတ် သီဆိုခဲ့တဲ့ Dreamers သီချင်းဟာ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ နံပါတ် ၁ စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

Dreamers သီချင်းထဲမှာတော့ အိပ်မက်တွေအတိုင်း အကောင်အထည်ဖော်နိုင်ရမယ်လို့ ယုံကြည်ကြောင်း၊ ဝါသနာပါရာကို တစိုက်မတ်မတ် လုပ်သူတွေ၊ ကိုယ်ယုံကြည်ရာကို အကောင်အထည် ဖော်နေသူတွေကို အပြန်အလှန် လေးစားရမှာ ဖြစ်ကြောင်း၊ လေးစားမှုနဲ့ ကြိုးစားရင် အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ကြောင်း စတဲ့ စိတ်ဓာတ်ခွန်အား ပေးတဲ့ စာသားတွေ ပါဝင်ပါတယ်။

နောက်ထပ် ဂုဏ်ယူစရာ တခုကတော့ ၂၀၀၂ ခုနှစ် အာရှမှာ ပထမဆုံး ကျင်းပခွင့်ရခဲ့တဲ့ တောင်ကိုရီးယား၊ ဂျပန် ကမ္ဘာ့ဖလားရဲ့ အဓိက သီချင်းကို အာရှသားတွေက သီဆိုခွင့် မရခဲ့ဘဲ ယခု ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် ကျင်းပတဲ့ ပြိုင်ပွဲမှာ အာရှသား စစ်စစ် အနုပညာရှင်တဦးက အဖွင့်သီချင်းကို ဦးဆောင် သီဆိုဖျော်ဖြေခွင့် ရခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဝေဖန်မှုတွေ ဘယ်လိုပဲ ရှိနေပါစေ။ ကမ္ဘာ့ဖလား စင်မြင့်ထက်မှာ ပြိုင်ပွဲအဖွင့်သီချင်းကို အာရှသား စစ်စစ် တဦးက ပထမဆုံးအကြိမ် ဖျော်ဖြေနိုင်ခဲ့တာကြောင့် အာရှတိုက်ရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘီတီအက်စ် အဖွဲ့ဝင် ဂျောင်ဂွတ်ရဲ့ ကမ္ဘာ့စင်မြင့်ကို ရောက်ရှိလာမှုနဲ့အတူ ကေပေါ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးနိုင်မှုကို မှတ်ကျောက် တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အနိမ့်အမြင့်၊ အတက်အကျနဲ့ စိတ်လှုပ်ရှားစရာတွေ အများအပြား ဖြစ်ပေါ်လေ့ရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အိပ်မက်တွေကို အကောင်အထည်ဖော်နေတဲ့သူတွေအနေနဲ့ တဦးကို တဦး လေးစားမှုနဲ့ ကျွန်တော်တို့ ဆက်လက် အားပေးသွားကြရမှာပဲ ဖြစ်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page