ငွေနောက်လိုက်တော့မယ့် ရော်နယ်ဒိုနဲ့ အောင်မြင်မှု သရဖူကို ဆက်ထိန်းထားမယ့် ဘုရင်ကြီး မက်ဆီ

ရော်နယ်ဒိုဟာ ယခုနှစ်မကုန်ခင်မှာ ဆော်ဒီကလပ် အယ်နာဆာအသင်းနဲ့ တရားဝင်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်မှာ တစ်ဦးတည်း သီးသန့် လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။

စပိန်သတင်းစာ မာကာရဲ့အဆိုအရ ရော်နယ်ဒိုဟာ အခုနှစ်မကုန်ခင်မှာ အယ်နာဆာနဲ့ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လစာနဲ့ ကြော်ငြာစာချုပ်တွေ အပါအဝင် တစ်နှစ်ကို ပေါင် ၁၇၅ သန်းအထိ ရရှိမယ်လို့ ဖော်ပြပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာရောက်ရှိနေတယ်လို့ သိရပါတယ်။ အယ်လ်နာဆာအသင်းဟာ ဆော်ဒီနိုင်ငံရဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်း ဖြစ်ပြီး ပြင်သစ်နည်းပြ ရူဒီဂါစီယာက တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုက ငွေနောက်လိုက်သွားပေမယ့် ဘောလုံးဘုရင် မက်ဆီကတော့ အောင်မြင်မှု သရဖူကို ဆက်ထိန်းထားမယ်လို့ သိရပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က ချန်ပီယံဖြစ်ခဲ့ရင် ၂၀၂၆ ခုနှစ်ပြိုင်ပွဲကိုဆက်ပြီး ကစားမယ်လို့ မက်ဆီက လျှို့ဝှက်ပြောခဲ့ကြောင်း အာဂျင်တီးနားဂန္ထဝင်ကစားသမား ဗယ်ဒါနိုက ပြောပါတယ်။

ဗယ်ဒါနိုဟာ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူချန်ပီယံဖြစ်ခဲ့သူပါ။ အခုနှစ်ကမ္ဘာ့ဖလားမတိုင်ခင်မှာ မက်ဆီနဲ့ တွေ့ဆုံခဲ့ရာမှာ ချန်ပီယံဖြစ်ခဲ့ရင် နောက်ထပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆက်ကစားမယ်လို့ ပြောပြခဲ့တာဖြစ်ကြောင်း ဗယ်ဒါနိုက ဆိုပါတယ်။

“ကမ္ဘာ့ဖလားမတိုင်ခင် မက်ဆီနဲ့ အင်တာဗျူးခဲ့တုန်းက ၅ ကြိမ်မြောက်ကမ္ဘာ့ဖလားကို ယှဉ်ပြိုင်ကစားပြီးရင်း ဘယ်သူမှ မကစားခဲ့ဖူးတဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကိုလည်း ဆက်ကစားမယ်လို့ သူက ပြောခဲ့တာပါ။ ကင်မရာရှေ့မှာ ပြောခဲ့တာမဟုတ်ဘဲ အလွတ်သဘော ပြောခဲ့တာ ဖြစ်တယ်။ ပြီးတော့ သူသာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ကစားမယ်လို့လည်း ပြောခဲ့တယ်။ သူ ပြောတိုင်း ကစားနိုင်ဦးမလားဆိုတာ ကျနော်တို့ စောင့်ကြည့်သွားရမှာပါ” လို့ ဗယ်ဒါနိုက ပြောပါတယ်။

မက်ဆီကတော့ ကမ္ဘာ့ချန်ပီယံအနေနဲ့ ဆက်ကစားသွားမှာဖြစ်ကြောင်း ဗိုလ်လုပွဲအပြီးမှာ ပြောပေမယ့် ဘယ်အချိန်အထိ ဆက်ကစားမယ်ဆိုတာကိုတော့ ထည့်ပြီးပြောသွားတာမရှိခဲ့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page