ရန်ကုန်လေဆိပ်ကို ဝင်မယ့်သူတွေ သက်သာသွားတဲ့ ပိုက်ဆံ တသောင်းခွဲ (ရိုက်စားခွင်တခု လွတ်ပါပြီ)

လွန်ခဲ့တဲ့ လက ရန်ကုန်လေဆိပ်ကို ဝင်ချင်ရင် ပိုက်ဆံ သုံးသောင်းကနေ ၅ သောင်းအထိ ပေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဝေဖန်သံတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။ တာဝန်ရှိသူဆိုတဲ့ သူတွေကတော့ ပြည်သူတွေ ဘယ်လောက်ပြောပြော လုံခြုံရေး အကြောင်းပြချက်နဲ့ ပိုက်ဆံ တောင်းနေဆဲပါပဲ။

ရန်ကုန်လေဆိပ်ရဲ့ နောက်ထပ် ရိုက်စားခွင်တခု ဖြစ်တဲ့ ပြည်ပကနေ ဝင်လာသူတိုင်း ကျပ်ငွေ တသောင်းခွဲနဲ့ ကိုဗစ်စစ်ဆေးပေးနေခြင်းကို ဒီဇင်ဘာ ၁ ရက်နေ့မှ စပြီး မပြုလုပ်တော့ဘူးလို့ စကစ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်ပြသနိုင်သူ (သို့မဟုတ်) ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံထား သူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်တဲ့ အချိန်မတိုင်မီ အများဆုံး (၄၈) နာရီအတွင်း ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ဓာတ်ခွဲအဖြေလက်မှတ် ပြနိုင်သူတွေကို ကိုဗစ်ရောဂါ စစ်ဆေးမှု မလုပ်တော့ဘူးလို့ သိရပါတယ်။

ယခင်က ရန်ကုန်လေဆိပ် ကိုဗစ်စစ်ဆေးမှုတွေကလည်း ဟန်ပြသာ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ ကိုယ်တွေ့ကြုံဖူးသူတဦးက ပြောပါတယ်။ “နှာခေါင်းအတွင်းထဲအထိ မနှိုက်ဘဲ ဟန်ပြသာလုပ်ကြောင်း၊ အဆိုပါ တို့ဖတ်ကို ဘာအရည်မှ မပါတဲ့ ပြွန်လေးထဲထည့်ပြီး ခဏနေတော့ ကိုဗစ် negative ဆိုတဲ့ စာရွက်လေးကို နာမည်ခေါ်ပေးကြောင်း၊ ဘာအဖြေထွက်ထွက် negative ပဲ ရေးပေးနေတာ ဖြစ်နိုင်ကြောင်း” ကိုယ်တွေ့ကြုံခဲ့ရသူ တဦးက ပြန်လည် ပြောပြပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်အနှံ့အပြားက အစိုးရရုံးဌာနတွေမှာ လာဘ်ငွေတောင်းတာတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြပြီး ငွေပေးမှ လုပ်ငန်းတွေ အဆင်ပြေချောမွေ့နိုင်ကာ ငွေမပေးပါက နည်းမျိုးစုံနဲ့ နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်နေတယ်လို့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page