ဝိုင်ဘီအက်စ်ပေါ်မှာ ခိုးဆိုးလုနှိုက်တွေကို လျော့နည်းသွားစေဖို့ လုပ်ဆောင်ရမယ့် အချက်များ

တစ တစ နဲ့ပိုပြီးဆိုးလာတဲ့ YBS ပေါ်က ခါးပိုက်နှိုက်တွေ၊ ရိုက်လုတာတွေ၊ ဒါးထောက်လုတာတွေ မျိုးစုံနေအောင် ဒီထဲမှာတွေ့ရတယ်။ ကိုယ်တိုင်လည်း ဖုန်းအနှိုက်ခံရဖူးတော့ တော်တော်လေးသတိထားရတယ်။ ကားပေါ်တက်ပြီး မိုက်ကြေးခွဲ သံတုတ်နဲ့-ိုက်ပြီး လုတာမျိုးဆို တော်တော်လေးကို ဆိုးရွားတယ်။

အခြေအနေအမျိုးမျိုးမှာ ကားဆရာကိုအပြစ်တင်တာမျိုး၊ လူမညီကြလို့အပြစ်တင်ကြတာမျိုးတွေ၊ ဒါးတွေ၊ ဒုတ်တွေဆောင်ပြီး ပြန်ချကြမယ်ဆိုတာမျိုးတွေ တွေ့နေရပေမယ့် တကယ့်လက်တွေ့မှာတော့ ပြန်ချလိုက်တာမျိုးကမရှိသလောက်ပဲ။ ပျက်နေတဲ့ ခေတ်ထဲမှာ ထောင်မကြောက်၊ တန်းမကြောက်ကောင်တွေကို ဘာလုပ်ကြရမလဲ စဉ်းစားစရာ။

တကယ်ပဲ ကားသမားတွေပေါင်းကြံနေကြသလား။ ရှိတော့ရှိတယ် ဒါပေမယ့် ရှားလိမ့်မယ်။ သိပ်မကြာသေးခင်က ကားမှတ်တိုင်တွေ မရပ်ဘဲ တောက်လျှောက်မောင်းပြီး ကားပေါ်ကို အပေါင်းအပါတွေတက်လာဖို့ဖုန်းဆက်ချိန်းပြီးလုတာမျိုးဆိုရင်တော့ ကားသမားပေါင်းကြံတာ ၁၀၀% ပဲ။

ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတယ်၊ နှိုက်ခံရတာသိတယ်ဆို တံခါးပိတ်ထားလိုက်မယ်။ ကားပေါ်ကတယောက်ချင်းကိုရှာမယ်။ ရဲစခန်းမောင်းမယ်။ ဒီလောက်ထိကို အဆင်ပြေနေသေးပေမယ့် ကျွန်တော်တို့စဉ်းစားရမှာက ကားဆရာအတွက် အန္တရာယ်ကိုပဲ။ နောက်တရက်မှာ ကားဆရာကို ရန်ပြန်လာရှာတဲ့အခါ ခရီးသွားပြည်သူတွေက ကားဆရာကို ကာကွယ်မလားဆိုတာပါပဲ။

လှည်းတန်းက ဆိုက်ကားဆရာကိစ္စမှာဆို သူကတော့ ကူညီလိုက်တာပဲ။ ဒါပေမယ့် သူ့အလှည့်ကျ ကူညီမယ့်သူမရှိခဲ့ဘူး။ သူကူညီဖူးခဲ့တဲ့ လူကလည်း ငါ့ကိုကူညီထားတဲ့လူဆိုပြီး လူစုပြီးပြန်သွားလုပ်တာလည်း မကြားမိသလို တရားခံကိုလည်း မိသွားတယ်မကြားမိဘူး။ အကြောက်တရားရိုက်သွင်းတာမဟုတ်ပေမယ့် အမှန်တရားကိုတော့ လက်ခံရမှာပဲ။

ခင်ဗျားတို့ရော ကျွန်တော်ရော ‌ေ-သရမှာကြောက်ကြတာချည်းပဲ။ နောက်တချက်က ဒီလိုင်းမှာနေ့တိုင်းမောင်းနေတဲ့ ကားဆရာက ခါးတွေကိုသိမှာပဲ၊ ကားပေါ်မတက်ခိုင်းနဲ့ဆိုပြီးပြောတာမျိုးက တော်တော်လေး ဉာဏ်တိမ်တာလို့ပြောရမယ်။ ဘာလို့ဆို ကားဆရာရဲ့ အလုပ်က မှတ်တိုင်ကနေ သတ်မှတ်ထားတဲ့ ကားခပေးပြီး တက်လာတဲ့ ဘယ်ခရီးသည်ကိုမဆို လိုရာခရီးကိုပို့ပေးရမှာ သူ့အလုပ်ပဲ။

ခါးဖြစ်နေလို့၊ သူခိုးမို့၊ ဒါးပြမို့ဆိုပြီး တားပိုင်ခွင့်သူ့မှာမရှိသလို ဘယ်ယဉ်လိုင်းမှာမှလည်း ဟိုလူမစီးရ ဒီလူမစီးရ မသတ်မှတ်ထားဘူး။ ဆိုတော့ ကားဆရာကသူ့အလုပ်သူလုပ်လိမ့်မယ်။ ခါးကလည်းတက်လာပြီးသူ့အလုပ်သူလုပ်မှာ၊ နှိုက်မှာ။ ခရီးသည်တွေကလည်း ကိုယ့်ပစ္စည်းတွေ ကိုယ်ဂရုစိုက်ရမယ်မဟုတ်ဘူးလား။

ဒါကြောင့် ကားဆရာပါပေါင်းကြံတာမျိုးဆိုတဲ့ အတွေးထက် ကားဆရာကိုဘယ်လိုလေး ကာကွယ်ရမလဲဆိုတာမျိုးပိုတွေးသင့်ပြီး ကားဆရာကလည်း သူ့အတွက်လုံခြုံမှ ခရီးသည်တွေနဲ့ တူတူပူးပေါင်းပြီး လူဆိုး၊ သူခိုးတွေကိုနှိမ်နင်းနိုင်မှာဗျ။

လူမညီတာကတော့ ပြောမနေချင်တော့တဲ့ကိစ္စပဲ။ ဘာလို့ဆို နိုင်ငံနဲ့ချီပြီးဖြစ်နေတဲ့ ကိစ္စမှာတောင် ဓမ္မကတဖက်၊ အဓမ္မကတဖက်၊ ကြားနေကတဖက် အမျိုးမျိုး ကွဲနေကြတာ။ ဒါတောင် ကျွန်တော်တို့ သိပ်ချစ်ရတဲ့နိုင်ငံနဲ့ချီတဲ့ကိစ္စနော်။ ဒီလိုလူတွေများလာလေ ပိုဆိုးလာလေဖြစ်နေဦးမှာပဲ။

တော်တော်များများကတော့ လိုင်းပေါ်မှာ ပြန်ချနေပေမယ့် လက်တွေ့မှာတော့ ချလာတာမျိုး မတွေ့ရသေးဘူး။ စဉ်းစားစရာက လူဆိုး၊ သူခိုးတွေက ပြန်ချမယ့်သူတွေကိုပဲ ကြိုသိပြီးရှောင်နေနိုင်သလား၊ ပြန်ချမယ့်သူတွေကပဲ လူဆိုး၊ သူခိုးတွေနဲ့ မတွေ့သေးတာလား ဆိုတာပါပဲ။ တကယ်ပြန်ချရဲတဲ့လူတွေကိုတော့ အားပေးတယ်။ ပြန်ချသင့်တယ်။ အဲ့လိုလူတွေများလာသင့်တယ်။ တရားဥပဒေက ဘယ်နေရာမှာမှ စိုးမိုးမနေတော့တာမို့ ကိုယ့်တရားကိုယ်စီရင်ရတော့မယ့် အခြေအနေပဲ။ ပြန်ချကြပါ ညီကိုတို့ရယ်။ ကျွန်တော်တို့ အားလုံးပြန်ချကြရမှာပါ။

လူဆိုး၊ သူခိုးတွေလည်း ‌ေ-သမှာကြောက်ကြပါတယ်။ အဲ့ကောင်တွေက ခင်ဗျားတို့လောက်တောင် သတ္တိမရှိပါဘူး။ ကျွန်တော်ပြောတာယုံပါ။ ဘာလို့ဆို ယောက်ျားတန်မဲ့ လောကဓံကိုရင်မဆိုင်ရဲဘဲ လုစား၊ နှိုက်စားနေရတဲ့ဘ၀မို့ သတ္တိတစက်မှ မရှိတဲ့ကောင်တွေပါ။ နောက်တချက် ဓားတွေ၊ တုတ်တွေကိုင်လာတာပါ။ ဘာလို့ဆို သူတို့ပြန်လုပ်ခံရမှာကြောက်လို့ သူတို့ကိုကြောက်လိုကြောက်ငြားနဲ့ လက်န-က်တွေကိုင်လာတာပါ။

ကျွန်တော်တို့က သူတို့ အကွက်ထဲဝင်သွားပြီး သူတို့လက်န-က်တွေကို ကြောက်လိုက်တော့ ပိုဆိုးတာပါ။ သူတို့လည်း ကြောက်တတ်ကြပါတယ်။ ကျွန်တော်တို့လို လက်နက်မဲ့တဲ့ ပြည်သူတွေအနေနဲ့ ပြန်လုပ်နိုင်တာကတော့နည်းပါတယ်။ ဒါပေမယ့် ရေများရေနိုင် မီးများမီးနိုင်မို့ အများနဲ့ လူနည်းစု ပြန်ဖြဲရင် ဒီကောင်တွေ မရှိလို့ လုပ်စားတာပါဆိုပြီး ငိုပြောကြရမှာပါ။

အမျိုးသမီးတွေအနေနဲ့ ချိတ်၊ ကတ်ကြေး၊ Spray ကြိုက်နှစ်သက်ရာဆောင်ထားသင့်ပါတယ်။ အမျိုးသားများအနေနဲ့ကလည်း လက်န-က်ငယ်တမျိုးမျိုးဆောင်ထားသင့်တဲ့အချိန်ပါ။ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကျွန်တော်တို့မှ မကာကွယ်ရင် ဘယ်သူမှ မကာကွယ်နိုင်တော့တဲ့အခြေအနေပါ။ အချင်းချင်း သွေးကွဲနေမယ့်အစား ကျွန်တော်တို့ လိုင်းပေါ်ကနေဖြစ်စေ၊ အပြင်မှာဖြစ်စေ စည်းလုံးထားရမယ့် အခြေအနေပါ။

ရုံးသွားနေကြတဲ့လူတွေဆို ဒီအချိန်၊ ဒီမှတ်တိုင်ကနေ ဒီလမ်းကြောင်းကိုပဲ နေ့စဉ်စီးကြရပါတယ်။ အဲ့လိုလူတွေများသောအားဖြင့် မရင်းနှီးရင်တောင် မျက်မှန်းတန်းမိကြတယ်။ ဆိုတော့ ကားဂိတ်မှာတွေ့ရင် မိတ်ဆွေဖွဲ့ထားပါ။ တခုခုဆို တယောက်ကို တယောက်ကူညီလို့ရပါတယ်။

တကယ်တော့ ဒီကိစ္စတွေကို ဘယ်သူတွေတာဝန်ယူရမှာလဲဆိုတာ အားလုံးသိပါတယ်။ ဘာလို့ လူဆိုး၊ သူခိုးတွေပေါလာရတာလဲဆိုတာလည်း အားလုံးအသိပါ။ အဲ့တော့ အချင်းချင်းသွေးမကွဲဘဲ တကောင်ထဲသော တရားခံကိုသာ မေတ္တာပို့ပြီး အပြစ်တင်ကြပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ပါ။ ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်ပါ။ တောမီးလောင်နေတဲ့အချိန် တောကြောင်တွေ လက်ခမောင်းခက်နေတာမို့ တောမီးကိုလည်းတတ်နိုင်တဲ့ဘက်ကဝိုင်းငြှိမ်းပေးပါ။ နွားတွေကွဲရင် ကျားတွေလာဆွဲမှာမို့ အချင်းချင်းလည်းသွေးမကွဲဘဲ ကူညီကြပါ။ (Wathan)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page