အရက်ချက်စက်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်ဖိုက်တာကြီး ကိုတိုးအောင် ဒဏ်ရာ ရရှိ
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ အရက်ချက်စက်ရုံ မီးလောင်မှုအတွင်း ပေါက်ကွဲမှုကြောင့် ပရဟိတအဖွဲ့ဝင်များနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၃၀နီးပါးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေရတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းများရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မှော်ဘီမြို့နယ်၊ အမှတ် ၄လမ်းမကြီးဘေးရှိ အရက်ချက်စက်ရုံသည် ဇန်နဝါရီလ ၁၃ရက်နေ့ နေ့လည် ၃နာရီဝန်းကျင်အချိန်ကစပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ယနေ့ ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၇နာရီဝန်းကျင်မှသာ မီးငြိမ်းသ-တ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် စက်ရုံရှိ အရက်ဆီဂါလန် ၅၀၀၀၀ဆံ့ Tank ၃လုံး၊ အရက်ဆီလီတာ ၂၀၀၀၀ဆံ့ Tank ၆လုံးနဲ့ ဂိုဒေါင် ၃လုံးတို့ မီးလောင်ကျွမ်းခဲ့ကာ မီးသ-တ်ယာဉ် ၆၀ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ကျော်ဖြင့် မီးငြိမ်းသ-တ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့သူများထဲမှာ မြန်မာနိုင်ငံ မီးသ-တ်တပ်ဖွဲ့ရဲ့ အားကိုးရာ မြွေဖမ်းဆရာကြီး ကိုတိုးအောင် တယောက်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ကိုတိုးအောင်ဟာ မီးစတင်လောင်ကျွမ်းကတည်းက ရှေ့ဆုံကနေ မီးငြိမ်းသတ်ခဲ့တာ ဖြစ်ပြီး ဘွိုင်လာအိုးတွေ ပေါက်ကွဲချိန်မှာ ဒဏ်ရာ ရခဲ့တာ ဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက် မီးသ-တ်သမားတဦးက ပြောပါတယ်။
ပရဟိတ အဖွဲ့ဝင်တဦး ဖြစ်တဲ့ မရွှေလဲ့ကလည်း “ပရဟိတမင်းသားကြီး၊ မြွေဖမ်းဆရာ၊ ရေပြင်သက်ကယ်၊ မီးသ-တ်ဖိုက်တာကြီး ကိုတိုးအောင် ရရှိဒဏ်ရာ သက်သာ ပျောက်ကင်းပါစေ။ ညနေက အရက်ချက်စက်ရုံမီးလောင်မှုမှာ ဖြစ်တာလို့ သိရ၊ နောက်ထပ် မပေါက်ကွဲခင် ကိုကြီးထိထားတာကို ရအောင်ခေါ်ထုတ်လာ၊ အန္တရာယ် ကင်းပါတယ်၊ နားတဖက်ထိထား၊ အပူအရမ်းများ၊ လက်ရှိ အောက်ဆီဂျင်ရှုပြီး နားနေပါတယ်။” လို့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ တင်ထားတာကို တွေ့ရပါတယ်။
မီးသတ်ဖိုက်တာကြီး ကိုတိုးအောင်ဟာ လှိုင်မြို့နယ် ရေခဲစက် အမိုးနီးယာဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်စဉ်မှာလည်း ဓာတ်ငွေ့ပိုက်တွေကို တဦးတည်း ဝင်ရောက် ပိတ်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကိုတိုးအောင်အနေနဲ့ ဒဏ်ရာများ သက်သာလာပြီ ဖြစ်ပြီး ခေတ္တအနားယူနေတယ်လို့ သိရပါတယ်။ ပြည်သူတွေအတွက် မနေမနား ဆက်တိုက် အသက်စွန့် ကြိုးပမ်းခဲ့တဲ့ ကိုတိုးအောင် အနေနဲ့ ရရှိထားတဲ့ ဒဏ်ရာတွေကနေ အမြန်ဆုံး သက်သာလာပါစေလို့ ဆုတောင်း လိုက်ရပါတယ် ခင်ဗျာ။