စေတနာနဲ့ မတန်တဲ့သူတွေကြောင့် ပိတ်သိမ်းလိုက်ရတဲ့ မြန်မာ့ပထမဆုံး အခမဲ့ ထမင်းဆိုင်

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ ၅၆ ရပ်ကွက် ပုဂံလမ်းမကြီးပေါ်၊ ဝနဝါသီဘုန်းကြီးကျောင်းရှေ့ ဖွင့်လှစ်ထားတဲ့ အခမဲ့ သားသတ်လွတ်ထမင်းဆိုင်အတွင်းကနေ ပဒေသာပင် ငွေနဲ့ ရေမော်တာစတဲ့ ပစ္စည်းတွေ အခိုးခံရတဲ့အတွက် ဆိုင်နေရာရွှေ့ပြောင်းဖို့စီစဉ်နေတယ်လို့ အခမဲ့ထမင်းဆိုင်ဖွင့်ထားတဲ့ မြန်မာ့စိတ်ရင်း ပရဟိတအဖွဲ့ ကနေ သိရပါတယ်။ ရေမော်တာအပါအဝင် ဆိုင်မှာ ထားထားတဲ့ ပစ္စည်းတွေ မကြာခဏခိုးခံနေရတဲ့အပြင် လက်ရှိမှာ ပဒေသာပင် ငွေ တွေပါ အခိုးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

“ပြုသမျှ ကုသိုလ်တွေတိုင်တည်ပြီး ကျိန်စာတိုက်ပါတယ်။ ဘဝအဆက်ဆက် လူမဖြစ်ပါစေနဲ့သူခိုးရေ။ ရေ မော် တာတွေ တခြားဟာတွေ ခိုးတာမပြောလိုပါ။ ပဒေသာပင်ငွေ ပါခိုးတာတော့ မင်းတို့များပါ ပြီကွာ။ သံတံခါးကနေ လက်နှိုက်ခိုးသွားတာ။ ကျွန်တော် အခမဲ့ထမင်းဆိုင်ကို ဒီမှာမဖွင့်တော့ပါဘူး။ အပြင်ထွက်ဝေတဲ့ အစီစဉ်ပဲ လုပ်ပါ တော့မယ်။ ၅ ရက်လုံးအပြင်မှာပဲ ဝေပါတော့မယ်။ ဆိုင်နေရာ ပြောင်းပြီးမှ ဆိုင်မှာကျွေးတာပြန်လုပ်ပါမယ်။ ဆိုင်မပိတ်ပါဘူး။ နေရာရွှေ့မှာပါဗျ။”လို့ မြန်မာ့စိတ် ရင်း ပရဟိတအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောထားပါတယ်။

တောင်ဒဂုံ ၅၆ ရပ်ကွက် ပုဂံလမ်းမကြီးပေါ်၊ ဝနဝါသီဘုန်းကြီးကျောင်းရှေ့ ဖွင့်လှစ်ထားတဲ့ အခမဲ့ သားသတ် လွတ် ထမင်းဆိုင်ကို အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ၅ ရက်ဖွင့်လှစ်ထား တာဖြစ်ပြီး မနက် ၁၁ နာရီ ကနေ အခမဲ့လာရောက်စားသုံးနိုင်တယ်လို့ သိရပါတယ်။ တစ်ရက်ကို လူ ၁၀၀ ကျော် ရဲ့ ဝမ်းရေးကို ဖြေရှင်း ပေးနေတဲ့ အခမဲ့ သားသတ်လွတ်ဆိုင်ဖြစ်ပါတယ်။

အဆိုပါ ငွေပဒေသာပင်က ပိုက်ဆံခူးယူသွားသူတွေဟာ ဆိုင်ကို ပုံမှန်လာရောက်စားသောက်နေကြသူတွေဖြစ်ပြီး အနီးပတ်ဝန်းကျင် ရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ စီးပွားရေး အလုံးစုံပျက်သုဉ်းပြီး ပြည်သူတွေအနေနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုနဲ့ ဝင်ငွေနည်းပါးမှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် လုယက်မှုတွေ ပေါလာတဲ့အပြင် ယခုကိစ္စလိုမျိုး မလုပ်သင့် မလုပ်ထိုက်တာတွေပါ လုပ်လာကြတာ ဖြစ်ပါတယ်။ စေတနာနဲ့ မတန်တဲ့သူတွေကြောင့် ပရဟိတ လုပ်သူတွေ လျော့နည်းသွားလိမ့်မယ်လို့ ပြည်သူများက မှတ်ချက်ပေးနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page