အညာသားတွေအတွက် သဘာဝက ဖန်တီးပေးထားတဲ့ သဲဆပ်ပြာ (သို့) အလကားရတဲ့ မြန်မာ့သယံဇာတ
အညာဒေသက သဘာဝသဲဆပ်ပြာ၊ သဘာဝသဲဆပ်ပြာသည် ဆောင်းတွင်းရောက်မှ ဆပ်ပြာကြမ်းခေါ် ဆားပွင့်၍ ဖြစ်ပေါ်လာ၏။ မိုး၊ နွေ ဆားမပွင့်ပါ။ တံမျက်စည်းနှင့် ခြစ်ယူ ရပါသည်။ အညာမှာတော့ ဆပ်ပြာကြမ်း လို့ခေါ်ပါတယ်။ အဝတ်လျော်လို့ရသလို လူကိုလည်း တိုက်လို့ရပါတယ်။ အိုးခွက်ပန်းကန်တွေလည်းဆေးကြပါတယ်။ (Moe Sat Tin Lay – မိုးစက်တင်လေ)
ဒီတစ်ခါတော့ အညာမြေရဲ့ဓလေ့ အကြောင်းလေးတွေထဲက သဘာဝ သဲဆပ်ပြာ အကြောင်းကို ပြောပြ မျှဝေပေးအုံးမယ်။ သဲဆပ်ပြာ ဆိုတော့မြေကြီးက ဖြစ်တာပဲဆိုတာကို အထူးမပြောပြတော့ဘူးနော်။ ကျွန်တော်တို့ဆီက ချောင်းထဲမှာရှိတဲ့ ကျောက်ဖျာတွေ ပေါ်မှာလည်း ပေါက်ပါတယ်။ ဆောင်းရာသီ ကုန်ခါနီးရင် သဲဆပ်ပြာ ဖွေးဖွေး ဖြူဖြူလေးတွေ မြေပြင်ပေါ်ကိုထွက်လာပြီ။
ရွာမြောက်ဘက် လယ်ကွင်းထဲမှာ သဲဆပ်ပြာပေါက်တဲ့ ကွင်းပြင်(ကျင်း)တခု ရှိတယ်။ သဲဆပ်ပြာတွေ ပေါက်တဲ့ အချိန် ဆိုရင် အဲ့ဒီကွင်းပြင်ကို အဝေးကနေ လှမ်းကြည့်လို့ မြင်နိုင် ပါတယ်။ ဆပ်ပြာဆိုတော့ အဝတ်လျှော်ဖွတ်ရာမှာပဲ အဓိကထား သုံးတယ် မထင်ပါနဲ့။
အိမ်တွေ အသစ်ဆောက်လို့ ဝါးထရံ အသစ်တွေ ကာရံတဲ့အခါ အဲ့ဒီသဲဆပ်ပြာကို ရေနဲ့ဖျော်ပြီး ဝါးထရံတွေပေါ် ဖြန်းလိုက်ရင် ထရံတွေက အဝါရောင်တွေ ပြောင်းကုန်တယ်။ အညာရဲ့ သင်္ဘောဆေးပေါ့ဗျာ။ ရွာကလူတွေ ပြောတာတော့ အဲ့ဒီလိုလုပ်ရင် ထရံကို ပိုးမစားဘူးတဲ့။ အဲ့ဒီအပေါ်က နေပြီးမှ တတ်နိုင်တဲ့သူက ရေနံချေး ထပ်သုတ်ကြတယ်။
နောက်တခုက ဝက်တွေ မွေးတဲ့အိမ်မှာ ဝက်အစာ ကျွေးရင် အနည်းငယ် ထည့်ကျွေးတယ်။ ဝက်တွေကလည်း သဲဆပ်ပြာကို ကြိုက်တယ်ဗျ။ ဝက်ကျွေးလို့ အစာခွက်ထဲက အစာကုန်အောင် မစားရင် သဲဆပ်ပြာလေး အပေါ်က ဖြူးပေးလိုက် အရည်ကစ မကျန်အောင် သောက်တယ်။
ကျွန်တော့် အထင်တော့ သဲဆပ်ပြာက အငန်ဓာတ်ပါတော့ သူတို့တွေ အတွက် ဆားဖြစ်မှာပေါ့။ နောက်ပြီး နွားတွေကလည်း ဆပ်ပြာဓာတ် ပါတဲ့ရေနဲ့ဆိုရင် အစာပိုစားတယ်။ ရွာအရှေ့ဘက်က ရေတွင်းက အငန်ဓာတ် နဲနဲပါတော့ အဲ့ဒီတွင်းကို နွားရေတွင်း အဖြစ်သုံးကြတယ်။ အဲ့ဒီတွင်းက ရေနဲ့ဆိုရင် နွားတွေက အစာပိုစားတယ်။
ကျွန်တော်တို့ရွာမှာ အဝတ်လျှော်ဖွတ်ရာမှာ အဓိကထား သုံးတယ်။ ပွဲနေပွဲထိုင် အဝတ်(အချော လို့ခေါ်သည်) တွေလောက်ပဲ ဆပ်ပြာခဲနဲ့ လျှော်ဖွတ်ကြတာ။ ကိုယ်တိုင် ယက်လုပ်တဲ့ ပုဆိုး လုံချည် အကြမ်း စတာတွေကို သဲဆပ်ပြာနဲ့ပဲ လျှော်ဖွတ်ကြတယ်။ သဲဆပ်ပြာ ပေါက်ချိန်ဆိုရင် ချောင်းထဲကို ကိုယ်တိုက် ဆပ်ပြာခဲလောက်ပဲ ယူသွားကြတာ။
အဝတ်လျှော်ဖို့ အတွက်က ချောင်းထဲက ကျောက်ဖျာ တွေပေါ်မှာ ဆပ်ပြာတွေက ဖွေးနေအောင် ပေါက်တာ ဆိုတော့ လျှော်မယ့် အဝတ်ကို ရေဆွတ်ပြီး ကျောက်ဖျာမှာ လိုက်တို့လိုက်တာပဲ။ ခဏလောက် ကြာတော့မှ လက်နဲ့ပွတ်ပြီး လျှော်လိုက်ရင် ချေး(ဂျီး)တွေ ကျွတ်ကုန်တယ်။ ဆောင်းရာသီ မဟုတ်တဲ့ အချိန်မှာ သုံးဖို့အတွက် ကိုတော့ လယ်ကွင်းထဲက ဆပ်ပြာကျင်း ကနေ ရေပုံးထမ်း တစ်ထမ်းလောက် သွားပြီး ထမ်းထားရင် တနှစ်စာ လောက်တယ်။
သဲဆပ်ပြာက နေပူရင် ပိုပြီးတော့ ဖွေးပါတယ်။ ချောင်းထဲ ကျောက်ဖျာ တွေပေါ်က ဆပ်ပြာကတော့ ပိုကောင်းတာပေါ့။ သူတို့က ကျောက်သားကို ဖြတ်သန်းပြီးမှ ထွက်လာတာဆိုတော့ သဲမပါတော့ဘူး။ ဒါပေမဲ့ ရေထမ်းပုံးနဲ့ တစ်ထမ်း လောက် ရဖို့ရာ တော့မလွယ်လှဘူး။ ဒါကြောင့် ချောင်းထဲက ဆပ်ပြာကို ရေချိုးရင်း အဝတ်လျှော်တဲ့ အခါမှာ သုံးတယ်။
အိမ်မှာဆို အမေ အဝတ်လျှော်ရင် ဆပ်ပြာခဲ သိပ်မကုန်ဘူး။ အမေက အဝတ်အသစ်နဲ့ ကျွန်တော်တို့ ကျောင်းဝတ်စုံ လောက်ကိုပဲ ဆပ်ပြာခဲနဲ့ လျှော်တာ။ကျန်တဲ့ နေ့တိုင်းဝတ် အဝတ်တွေကိုတော့ သဲဆပ်ပြာနဲ့ လျှော်တာများတယ်။ ဆပ်ပြာခဲကို သုံးရတာ အားမရ လှဘူးတဲ့လေ။ ဒါကြောင့် ဆပ်ပြာကျင်းမှာ ဆပ်ပြာ ပေါက်ပြီဆိုရင် ရေထမ်းပုံးနဲ့ နှစ်ထမ်းလောက် သွားကျုံးပြီး ရေအိုး အဟောင်းတွေနဲ့ ထည့်ပေးထားရတယ်။
နောက်တခုက ရွာမှာ သင်္ကြန် နားနီးပြီးဆိုရင် ချောင်းထဲမှာ လူတွေစည်နေတာပဲ။ နှစ်ဆန်းတစ်ရက် မတိုင်ခင် နှစ်ဟောင်းက အညစ်အကြေး တွေကို ပြောင်စင်အောင် လျှော်ဖွတ်ကြတာ။ အထူးသဖြင့် တစ်အိမ်လုံး ကစောင်တွေကို သဲဆပ်ပြာ အကူအညီနဲ့ လျှော်ဖွတ်ကြတာလေ။
သူတို့အတွက်တော့ ကိုယ့်ရွာ ဆပ်ပြာကျင်းက ထွက်တဲ့ သဲဆပ်ပြာက မြို့မှာ နာမည် အမျိုးမျိုးနဲ့ ရောင်းတဲ့ ဆပ်ပြာမှုန့်တွေထက် ကုန်ကျစရိတ် သက်သာပြီး အသုံးတည့် နေတာကြောင့်ပေါ့။ စောင်ကလည်း ကိုယ့်လက်ဖြစ် သစ်ခေါက်ဆိုး ငါးစပ်စောင် တွေဆိုတော့ သဲဆပ်ပြာနဲ့ မှပဲ အဆင်ပြေတယ်ဗျ။ ရွှေဝါဆပ်ပြာ တစ်တောင့်ကတော့ စောင်တစ်ထည် တောင်မလောက်ဘူး။ တော်ယုံတန်ယုံ စောင်နှစ်ထည် သုံးထည် လောက်ကတော့ ချောင်းထဲယူသွား ရေဆွတ်ပြီး ကျောက်ဖျာ ထက်မှာ ပေါက်နေတဲ့ ဆပ်ပြာဖွေးဖွေး တွေကို တို့ပြီးတော့ လျှော်ဖွတ် လိုက်တာပဲ။ ပိုက်ဆံတစ်ပြားမှ ကုန်စရာ မလိုဘူး။
တချို့က ဆပ်ပြာကျင်း ကနေ ဆပ်ပြာတွေ ပေါက်တုန်းမှာ သွားကျုံး ထားပြီးတော့ မြောက်ဘက်က ရွာတွေကို သွားရောင်း သေးတယ်။ သဲဆပ်ပြာနဲ့ ဆိုတော့ ပိုက်ဆံမဟုတ်ဘဲ ရာသီပေါ် အသီးအနှံလေးတွေနဲ့ ဖလှယ်ပြီးသုံးကြတယ်။ ကျန်တဲ့ ငှက်ပျောသီး၊ ပိန္နဲသီး၊ သရက်သီး စတာတွေနဲ့လည်း အလဲအလှယ် လုပ်ပြီးတော့ ယူကြတာပဲ။ ကိုယ်က အရင်းမှ မကုန်တာနော်။ ရသမျှက အမြတ်ပဲလေ။
ဒါနဲ့ ဘာမဆိုင်ညာမဆိုင်ဗျာ ကျွန်တော် ဒီကိုရောက်ခါစက နှင်းတွေ မြေပြင်မှာ ဖွေးနေတာကို မြင်တော့ ရွာက ဆပ်ပြာကျင်းကို ပြေးပြီးသတိရမိလိုက် သေးတယ်။ သဲဆပ်ပြာကတော့ နှင်းတွေလောက် မဖွေးဘူးပေါ့ဗျာ။ ဒါပေမဲ့ မျက်စိထဲမှာ တော့ ရွာက ဆပ်ပြာကျင်းကို ပြေးမြင်မိတယ်။ ငါတို့ဆီက ဆပ်ပြာကျင်းမှာများ ဒီ နှင်းတွေ လောက် ဆပ်ပြာတွေ ဖွေးဖွေးဖြူနေရင် အီလန်၊အိုစို၊ အိုမို၊ ရို့စ် ဖူဂျီ စတဲ့ ဆပ်ပြာသည်တွေ တော့ရောင်းအား တွေကျကုန် မှာပဲလို့ တွေးလိုက်မိသေးဗျာ။
နောက်ပြီး ဘာတဲ့ “ဆပ်ပြာသည် လင်ပျောက်ဆိုတဲ့” စကားလေးကိုလည်း ကြားဖူးတယ်။ ဆပ်ပြာသည် လင်ပျောက်ရင် ဘယ်လိုနေလဲ ဆိုတာကလည်း စိတ်ဝင်စားစရာနော်။ ရွာမှာတော့ လူကြီးတွေက မိန်းခလေးတွေ ဣန္ဒြေမရ၊ ပျာယီးပျာယာ လုပ်ရင် ဆပ်ပြာသည် လင်ပျောက်တာ ကျနေတာပဲ ဆိုပြီး ပြောကြတယ်။ သူ့ရာဇဝင် လေးတော့ ရှိမှာပေါ့လေ။ ရာဇဝင် ကိုတော့ မသိဘူးဗျ။ သိသူရှိရင် ဝေငှခဲ့ ပါအုံးနော်။ ဒီလောက်ဆိုရင် သဲဆပ်ပြာ အကြောင်း အနည်းငယ်မျှ ဗဟုသုတ ရလိမ့်မည်လို့ မျှော်လင့်ပါတယ်။ (ရွှေညာသား) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)