ဘဏ်ဒေဝါလီ ကောလာဟလ၊ ငွေမကိုင်ထားချင်သူများရဲ့ သောကနဲ့ (၂)ဆဖြစ်သွားတဲ့ ရန်ကုန်မြေဈေး

စကစက အာဏာသိမ်းပြီး တစ်နှစ်ကြာပြီးနောက် ရန်ကုန်အိမ်ခြံမြေစျေးနှုန်းများ ၂ ဆ မြင့်တက်နေပြီး လာမည့် သီတင်း ကျွတ်ကာလတွင်လည်း ဆက်လက်မြင့်တက်နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များထံမှ သိရပါတယ်။ စစ်တပ်အာဏာသိမ်းချိန်နှင့် ကိုဗစ် တတိယလှိုင်းဖြစ်ပြီးကာလ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အိမ်ခြံမြေ စျေးနှုန်းများ သိသိသာသာမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု အကျိုးဆောင်လုပ်ငန်းရှင်များက ဆိုပါတယ်။

“လာမယ့်သီတင်းကျွတ်ကို စျေးထပ်တက်မယ်လို့ အားလုံးက ခန့်မှန်းနေကြတယ်။ တချို့အိမ်ရောင်းမယ့်သူတွေ ကလည်း သီတင်းကျွတ်မှ စျေးတက်ပြီးရောင်းမယ့်သူတွေ ရှိနေတယ်၊ အခုက အတက်စျေးနဲ့ အရောင်းအဝယ် နည်းနည်းအေးနေတယ်”ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်တွင် အိမ်ခြံမြေများ လိုက်လံဝယ်ယူနေသူအများစုသည် နေထိုင်ရန်ဝယ်ယူခြင်းမျိုးမဟုတ်ဘဲ ပြန်လည်ငှားရန်နှင့် ငွေကြေးလက်ဝယ်သိမ်းမထားချင်သူများဖြစ်သည်ဟု အကျိုးဆောင်များထံမှ သိရပါတယ်။ တိုက်ခန်း၊ ကွန်ဒိုများထက် မြေကွက်များကို ဝယ်ယူစုဆောင်းထားခြင်းမှာလည် ပိုမိုများပြားလာသည်ဟု အခြား အကျိုးဆောင်တစ်ဦးကလည်း ပြောပါတယ်။

“ကျပ်ငွေ မသိမ်းထားရဲတဲ့သူတွေက လိုက်ဝယ်ရင်းနဲ့ စျေးကတက်သထက်တက်လာခဲ့တယ်။ အိမ်ခြံမြေ အရောင်း အဝယ်လိုက်ပြီး စျေးတက်ရခြင်းရဲ့ အဓိကအကျဆုံးအချက်က နိုင်ငံရေးအခြေအနေ ကမောက်ကမဖြစ်နေတာ ကြောင့်ပဲ” လိုဆိုပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ နောက်ပိုင်းတွင် အိမ်ခြံမြေများ အရောင်းအဝယ်အေးပြီး စျေးငြိမ်သွားမည်ဟု ခန့်မှန်းမှုများရှိခဲ့ကြသော်လည်း စစ်ကောင်စီ၏ နိုင်ငံခြား ငွေလဲလှယ်ရေးဆိုင်ရာမူဝါဒ အပြောင်းအလဲများကြောင့် ခန့်မှန်းထားသည့်အတိုင်း ဖြစ်မလာခဲ့ခြင်းဖြစ်ကြောင်းလည်း အကျိုးဆောင်လုပ်ငန်းရှင်များက မှတ်ချက်ပြုပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များဖြစ်သည့် ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံမြို့နယ်တို့ရှိ အိမ်ခြံ မြေများသည် အဝယ်လိုက်ဆုံးဖြစ်ပြီး သာကေတ၊ ဒေါ်ပုံ၊ သင်္ဃန်းကျွန်း မြို့နယ်တို့တွင် တိုက်ခန်းများသည် ဒုတိယ အဝယ်လိုက်ဆုံးဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

လက်ရှိအချိန်တွင် ပြည်တွင်းကုမ္ပဏီအများအပြား ဒေဝါလီခံသည့် သတင်းများ လူမှုကွန်ရက်မှာ ပျံ့နှံ့လာသောကြောင့် ပုဂ္ဂလိကဘဏ်များ ဒေဝါလီခံနိုင်သည်ဟူသော သတင်းများလည်း ပြည်သူများအကြား ပျံ့နှံ့လျက် ရှိပါတယ်။ အဆိုပါသတင်းတွေအရ လက်ထဲ ပိုက်ဆံကိုင်ထားသောသူများက အိမ်ခြံမြေများကို အလုအယက် ဝယ်ယူမှုများ ဖြစ်ပေါ်နေတာကြောင့် အိမ်ခြံမြေဈေးနှုန်း ၂ ဆ ဖြစ်လာခြင်း ဖြစ်ကြောင်း စီးပွားရေး ပညာရှင်တဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page