ရာဇဝင်ထဲက နာမည်ကျော် သုံးပန်လှမင်းသမီးရဲ့ ပျောက်ဆုံးနေတဲ့ သင်္ချိုင်းရှာပုံတော်

သုံးပန်လှမင်းသမီးသချိုင်းရှာပုံတော်၊ သုံးပန်လှမင်းသမီးသချိုင်း ရှာဖွေရေးနဲ့ ပတ်သက်လို့ တစ်ချို့ကလည်း ဒါကို ပြန်တူးဖော်တာဟာ အဓိပ္ပါယ်မရှိ တဲ့လုပ်ရပ်လိုထင်မြင်ကြပါတယ်၊ ဒီနေရာကိုပြန်လည်တူးဖော်ဖို့တာဝန်ပေးအပ်ခံရတော့ ရှိနေတဲ့အခြေအနေနဲ့ရလဒ်တွေကို အထက်ကိုပြန်လည်တင်ပြခဲ့တယ်၊

ဘာပဲဖြစ်ဖြစ် ရှေးဟောင်းအဆောက်အုံတစ်ခု၊ ဒေသခံတွေရဲ့အစွဲအလန်းတစ်ခု၊ ရေကန်ကြီးလိုဖြစ်နေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ကိုတော့ ခုလိုပစ်ထားတာထက် စနစ်တကျပြန်လည်တူးဖော်ထိန်းသိမ်းသင့်ပါတယ်။

ဒီနေရာက နာမည်ကြီးစွာ တည်ရှိနေတဲ့အစွဲအလန်းရှိနေလို့ လုပ်ငန်းအစမှာ အတော်လေးခက်ခဲခဲ့ပါတယ်၊ အလုပ်သမားကအစ တခြားရွာတွေက ရှာဖွေရတယ်၊ ရွာခံများက ကြောက်လို့အနားတောင်မလာရဲကြပါဘူး၊ ဒီလိုနဲ့ လုပ်ငန်းအရှိန်ရလာတဲ့အခါ ရွာခံတွေရဲ့ ကူညီပူးပေါင်းမှုတွေ ရလာပါတယ်။

တူးဖော်သုတေသနပြုနေကြတဲ့ မိမိဝန်ထမ်းများကို ကျန်းမာရေးဂရုစိုက်ဖို့လည်း မှာကြားရပါတယ် တော်ကြာဒါတူးလို့ဖြစ်မယ် ဆိုင်ကယ်စီးရင်တောင် ဖြေးဖြေးစီးကြပါ ဘာမှမဖြစ်စေနဲ့ မှာထားရပါတယ် ၊ တစ်လလောက်ကြာလာတဲ့အခါ ဒေသခံတွေ အလုပ်ခွင်ထဲမှာ လာထိုင်၊ သူတို့အိမ်တွေက စားစရာလေးတွေ လာပို့ကြနဲ့ အတော်လေးဟုတ်လာပါတယ်၊

သူတို့ကပြောသေးတယ် အရင်တုန်းက တူးတဲ့လူတွေလိုမဟုတ်ဘူး စနစ်တကျဖြေးဖြေးတူးတယ် အုတ်တွေကိုတယုတရ ကိုင်တွယ်တယ် မြေတွေကိုလည်း စနစ်တကျ စွန့်ပစ်တယ်တဲ့ ခုပြန်လည် မူလအတိုင်း ထိန်းသိမ်းပေးတော့ သူတို့ပျော်ကြတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ရေကန်ကြီးလိုဖြစ်နေတဲ့ ဒီလိုနေရာမှာ တစ်နှစ်တစ်ခါ အခမ်းအနားကျင်းပကြသတဲ့။

ကျင်းပပုံကတော့ ဘုန်းကြီးတွေပင့်ဖိတ် ရှိတဲ့နေရာ ရေကန်ဘောင်ကျဉ်းကျဉ်းလေးမှာ သုံးပန်လှမင်းသမီးအတွက် အမျှဝေ ရေစက်ချ လူတွေကိုကျွေးမွေးအလှူအတန်းလုပ်ကြသတဲ့ ခုလို သပ်သပ်ရပ်ရပ်လေးပြန်လုပ်ပေးတော့ ဌာနကိုကျေးဇူးတင်ကြောင်းလည်းဆိုလာပါတယ် ။

တကယ်တော့ဒီနေရာကရာဇဝင်သမိုင်းထဲမှာတော့ အင်မတန်မှ နားထောင်လို့ကောင်းတဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပါ၊ လွမ်းဆွတ်၊ ပူဆွေးကြေကွဲခဲ့ရတဲ့ မင်းသမီးတစ်ပါးအကြောင်းပေါ့၊ လှလွန်းလို့ဒီလိုတွေဖြစ်ခဲ့ရ၊ အထင်လွဲသူ ဘုရင်ကို ဒီလောက် အယုံလွယ်ရလား စောဒကလည်းတက်ကြည့်မိတယ်၊ တကယ်ဆို ဒီသရေခေတ္တရာတံခါးပေါက်တွေက လှည်း၂ စီး ရှောင်ပြီးဝင်လို့ရပါတယ်၊ လုလင်ကျော်တံခါးပေါက်ကလွဲရင်ပေါ့ ၊ ဂုန်းချောသူတွေက ဒီမင်းသမီးရုပ်ဆိုးပြီး ဝလွန်းလို့ အဝင်တံခါးနဲ့တောင် မဆန့်လို့ ဝင်မရဘူးတဲ့၊ဒါကိုယုံစရာလား ဒီလောက်တောင်အရသလား။

သရေခေတ္တရာကိုကြည့်ပါ။ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သူ ဘုရင်များ နာလဘိန်းတုန်းတွေမဟုတ်ခဲ့ပါလေ၊ မြို့တည်ခဲ့တဲ့ အင်ဂျင်နီယာစနစ်ကို ကြည့်မလား၊ အဆောက်အုံတွေရဲ့ ဗိသုကာလက်ရာကိုကြည့်မလား၊ မိုးမှာပျံလွှင့်ပြီး နှစ်နှစ်ထောင်တိုင်တိုင် မြေပေါ်မှာတည့်မတ်နေအောင် တည်ထားခဲ့နိုင်တဲ့ စေတီကြီးတွေရဲ့ အလှူ့ဒါယကာညဏ်ပညာ အတိမ်အနက်ကို ကြည့်မလား ၊ ဘာသာဓလေ့နဲ့ ပတ်သက်လို့ ရုပ်ထုရုပ်ကြွနဲ့ သချိုင်းကအစ စနစ်တကျ ရှိခဲ့ကြတဲ့မင်းတွေပါ၊

ရေသွင်းရေထုတ်စနစ်တွေ အင်မတန်ကျွမ်းကျင်ပြီး ခုခေတ်ရှေးဟောင်းပညာရှင်တွေ မပြီးနိုင်တဲ့ သုတေသနတွေပြုလုပ်နေရဆဲ၊ ဒီဘုရင်တွေရဲ့ ကြိုးစားအားထုတ်မှု ကြံရည်ဖန်ရည်တွေ အကြောင်းပြုလို့ ယနေ့ကမ္ဘာကတောင် အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် ပေးထားရတဲ့မြေပါ။

ရှေးဟောင်းသုတေသနလုပ်ငန်းတွေဟာ အိုးခြမ်းကွဲကစလို့ ရွှေ၊ ငွေ၊ ကျောက်၊ ကြေး၊ သံ စတဲ့ယဉ်ကျေးမှုပစ္စည်းမှန်သမျှဟာ ဒေသတစ်ခုရဲ့ ရှေးဟောင်းသုတေသနတန်ဖိုးတွေကြီးပါပဲ၊ အဲ့ဒီအထဲမှာ ရှေးဟောင်းသုတေသီများအဖို့ အမက်မောဆုံးကတော့ အိုးခြမ်းကွဲပါ၊ ပြီးမှ ကျောက်စာ၊ အိုခြမ်းကွဲကို ဘာလို့ မက်မောရသလဲ ရှင်းပါတယ်။ လူမှုအဖွဲ့အစည်းတစ်ခုရဲ့ အသုံးပြုပြီး အသုံးမကျတော့တဲ့ ပစ္စည်းအကျိုးအပဲ့များကို သူတို့ပြောင်းရွှေ့သွားကြတဲ့အခါ ရွှေငွေကျောက်သံပတ္တမြားတွေလို သယ်ဆောင်သွားလေ့မရှိပါဘူး။ ဒါကြောင့် လူမှုအဖွဲ့အစည်းတစ်ခုကို အလွယ်ချဉ်းကပ်သုံးသပ်နိုင်ဖို့ သူတို့ပစ်ထားခဲ့ကြတဲ့အိုးခြမ်းကွဲတွေကပဲ သူတို့အကြောင်းကိုပြောပြကြတာပါ၊သိရှိကြရတာပါ။

ရှေးဟောင်းသုတေသနသမားအဖို့ ဘာရဖို့ညာရဖို့ ဦးတည်ပြီး မတူးဖော်ပါဘူး ရှေးဟောင်းမြေလွှာတွေဟာရှေးဟောင်းသုတေသနသမားတစ်ယောက်အတွက် တန်ဖိုးရှိနေတာပါပဲ၊ ဒါကိုနားလည်စေချင်တယ် နေရာတစ်ခုကို ဘာကြောင့်ပဲ တူးဖော်တူးဖော် သူ့နေရာ သူ့မြေလွှာဖွဲ့စည်းမှု သူ့တွေ့ရှိမှုအထောက်အထားများဟာ နိုင်ငံတစ်ခုအတွက် ဒေသတစ်ခုအတွက် လူမျိုးတစ်မျိုးအတွက် ယဉ်ကျေးမှုဖြစ်စဉ်တွေကို ကွက်လပ်ဖြည့်ပေးနေတာပါပဲ။

တကယ်တော့ သုံးပန်လှ မင်းသမီးရှိခြင်း မရှိခြင်းက ဒီလောက်အရေးမပါပါဘူး ဒီသုတေသနပြုမှုက ပျူခေတ်ယဉ်ကျေးမှုဖြစ်စဉ်ရဲ့ အစောပိုင်း အလယ်ပိုင်း နောက်ပိုင်းတွေကိုဘယ်လောက်များကွက်လပ်ဖြည့်ပေးနိုင်မလဲသာ သုတေသနသဘော တွေးဆဖို့လိုပါတယ်။

ရှေးဟောင်းသုတေသနရဲ့ တူးဖော်သုတေသနပြုမှု ပရိုစီဂျာအဆင့်ဆင့်ကိုလည်း တူးဖော်သုတေသနပြုနေတဲ့အဖွဲ့က အခက်အခဲမရှိ တစ်ဆင့်ပြီးတစ်ဆင့် တစ်လွှာပြီးတစ်လွှာ စနစ်တကျမှတ်တမ်းယူဖယ်ရှားခဲ့ပြီး ၅ မီတာကျင်းကွက်များဖွဲ့ကာ ၄ မီတာပတ်လည်တူးဖော်သုတေသနပြုပါတယ်၊ ကျင်းဘောင်အနေနဲ့တော့တစ်ဖက် ၅၀ စင်တီမီတာ ရှိတာကြောင့် ၅ မီတာ၂ ကွက်ပေါင်းရင် မြေသားဘောင်တစ်မီတာကျန်ပါတယ်။

ဒီဘောင်တွေပေါ်က peg တိုင်များဟာ ရည်ညွှန်းပက်တိုင်တွေပါ တိုင်တစ်ခုခြင်းဆီမှာ ကျင်းကွက်နံပါတ်တွေကပ်ထားပါတယ် သက်ဆိုင်ရာကျင်းကွက်တွေမှာ အဆောက်အုံ သို့မဟုတ် ပစ္စည်းတွေ့ရှိခဲ့လျင် ဒီရည်ညွှန်းတိုင်တွေကနေ မြေအနက် တွေ့ရှိရာ မြေလွှာ ရည်ညွှန်းတိုင်ကနေ ဒီဂရီဒေါင့်ချိုးစသဖြင့် မှတ်တမ်းယူရပါတယ်။

ယခုတူးဖော်ရတဲ့ကုန်းကတော့ အကြိမ်ကြိမ်တူးဖော်ခြင်းခံထားရလို့ မြေလွှာဖြစ်စဉ်တွေအတော်ဆုံးရှုံးနေရပါပြီ အောက်ဆုံးကမြေ အပေါ်ဆုံးရောက်၊ အပေါ်ဆုံးကမြေအောက်ဆုံးရောက် ရေပြင်ညီ leveling တွေလည်း မမှန်ကန်တော့ ဒါကြောင့်တူးဖော်သုတေသနပြုရတာ ထင်တာထက် ခက်ခဲပါတယ် ၊ ဒါ့ပြင်အခက်အခဲနောက်တစ်ခုက နွေစပါးအတွက် ရေသွင်းမြောင်းက တူးဖော်သုတေသနကုန်းရဲ့ နဘေးက ကပ်ထွက်သွားတာပါပဲ။

ဒါကြောင့် ကျင်းကွက်တွေထဲ ရေစိမ့်ဝင်နေလို့ မြေလွှာဖြစ်စဉ်တွေကို ကောင်းကောင်းဖတ်မရပါဘူး ရှားရှားပါးပါးကြွင်းကျန်နေတဲ့အဆောက်အအုံပန္နက်ရဲ့ တောင်ဘက်ဘေးကပ်လျက် ကျင်းကွက်နှစ်ကွက်မှာ တူးဖော်မှုကုန်းရဲ့ ဒေါင်လိုက်စံညွှန်းအမှတ် verticals datum ကနေ ၁၆၀ စင်တီမီတာမှာ ယခင်တူးဖော်ကြတုန်းက မတူးမိပဲ ကျန်နေရစ်တဲ့မြေလွှာလေးကျန်နေပါတယ်။ ဒီအလွှာလေးကို တူးဖော်ဖို့အားခဲထားပေမယ့် ရေကဝင်လာတဲ့အတွက် ဆည်မြောင်းကိုရေခနပိတ် ကုန်းဘေးရေမြောင်းတစ်လျောက် တုတ်ရိုက်ပြီးမှ ဆက်တူးဖို့ အဆင်ပြေမှာဖြစ်ပါတယ်။

ကြွင်းကျန်ရစ်တဲ့အဆောက်အုံပန္နက်က အပြင်ဘက်ပိုင်းဟာ ရွံ့ဗွက်ထဲကျနေလို့ သူ့ရဲ့ main frame ကို ဖြေးဖြေးချဉ်းကပ်နေရပါတယ် စိတ်ဝင်စားစရာကောင်းတာက ခိုနန်းချိုးတွေစတွေ့လာတာပါပဲ ဘေးနံရံကို အုတ်စီစနစ်က အတည့်တောက်လျောက်မစီပဲ အတိုးအ ဆုတ် လေးလက်မ စနစ်နဲ့ စီထားတာပါပဲ။

သုံးထားတဲ့ အုတ်အရွယ်အစားက ပျူခေတ်နှောင်းပိုင်း အုတ်တွေ ဒီလိုအုတ်တွေကိုသရေခေတ္တရာရဲ့ လေးမျက်နှာ ဘဲဘဲ ဘုရားထောင် တူးဖော်မှုကုန်းအမှတ် ရဟန္တာတံခါးက HMA 61 တို့မှာအသုံးပြုထားတဲ့အုတ်အရွယ်အစားတွေပါပဲ၊ ပိုထူးခြားတာက တည်ဆောက်ပုံဗိသုကာစနစ် patten of constructions မှာ အတွင်းပိုင်းထူးခြားမှုအနေနဲ့ အတွင်းပန္နက်စနစ် ဟာ အဝိုင်းပုံဖြစ်နေတာပါပဲ ။

သရေခေတ္တရာက ဘဲဘဲဂူဘုရား အရှေ့စျေးဂူဘုရားတွေဟာ အာရုံခံမရှိပဲ အတွင်းလိုဏ်ဂူစနစ်နဲ့ ပလ္လင်ထည့်သွင်းပြီး အလင်းရောင်အတွက် အုတ်ဇာကွက်ပြူတင်းတွေနဲ့ တည်ဆောက်ထားကြပါတယ်၊ ယခုတွေ့ရှိရတဲ့အဆောက်အုံပန္နက်ကတော့ အပြင်မှာ ခိုနန်းချိုး အာရုံခံလို မပါဝင်ပေမယ့် အပြင်ဘက်ကိုအစထွက်နေတဲ့ဝင်ပေါက်လို ပန္နက်ပါရှိပြီး အတွင်းပိုင်းကတော့ သိသိသာသာကို အဝိုင်းပုံတည်ဆောက်ထားပါတယ်။

သရေခေတ္တရာရဲ့ နောက်ပိုင်းကာလတွေမှာ တည်ဆောက်လေ့ရှိတဲ့ ဂူဘုရားတွေနဲ့ နှိုင်းယှဉ်ရင်အပြင်ဘက်တည်ဆောက်မှု အုတ်အရွယ်အစားအသုံးပြုမှုတူညီနေပေမယ့် အတွင်းလိုဏ်ဂူကတော့ အတော်လေးကွဲပြားပါတယ် ၊ ဒါဘာကြောင့်ပါလဲ သရေခေတ္တရာရဲ့ ဘုရားထောင်ဘုရားအရိုးအိုးရရှိခဲ့ရာ တူးဖော်မှုကုန်းအမှတ် HMA-31 ကိုလေ့လာတဲ့အခါ စေတီပုံစံပန္နက်အတွင်း အဝိုင်းပုံပြုလုပ်ပြီး ဒီအဝိုင်းအခန်းအတွင်းမှာ ပျူစာလုံးတစ်ထောင်ကျော်ပါ အရိုးအိုးကြီးကိုထည့်သွင်းမြုပ်နှံခဲ့တယ်မဟုတ်လား။

ဒါကြောင့် ယခုတွေ့ရှာပန္နက်ရဲ့ အတွင်းပိုင်းတည်ဆောက်မှုကလည်း အဝိုင်းဖြစ်နေတဲ့အတွက် ဒီအခန်းဟာ ကျောက်အရိုးအိုးကြီးများ မြုပ်နှံထားရှိခဲ့လေသလား ရာဇဝင်ထဲမှာတော့ ရွှေခေါင်းတလားနဲ့ဆိုပေမယ့် ပျူခေတ်ရဲ့သဂြိုလ်မြုပ်နှံမှုစနစ်ဟာ ကျောက်အရိုးအိုး မြေအရိုးအိုးတို့သာအသုံးပြုခဲ့ကြသည့်အတွက် ရှိခဲ့လျင်တောင်မှ ကျောက်အရိုးအိုးသာလျင်ရှိနိုင်ပါတယ်။

ဒီနေရာမှာ အဆောက်အုံပန္နက်တွေ့ရှိချက် ဆက်စပ်တွေးခေါ်မှု typology အရဆိုလျင်တော့ ဂူပုထိုးထက် ဂူသချိုင်းဖြစ်ဖို့တော့ များတယ်လို့ ဆိုရမှာဖြစ်ပါတယ်၊ ယခင်တူးဖော်ခဲ့ကြစဉ်က လူဦးခေါင်းခွံရိုးတွေ တွေ့ခဲ့ကြတယ်လို့ဆိုပါတယ်၊ ဒီအထောက်အထားကို တန်ဖိုးရှိမှန်းမသိ အလျှင်အမြန်ဖယ်ရှားခဲ့ကြပြီး အတွင်းက ပစ္စည်းတွေ့လိုမှုနဲ့သာ ဦးစားပေးခဲ့ကြလို့ ယခုလိုစနစ်တကျ ပြန်လည်တူးဖော်ရတဲ့အခါ မြေလွှာတွေကပေးတဲ့သဲလွန်စအထောက်အထားများဟာ ဆုံးရှုံးခဲ့ရပါတယ်။

ရှေးဟောင်းသုတေသန တူးဖော်မှုလုပ်ငန်းမှာ မြေလွှာကအသက်ပါပဲ။ မြေလွှာဖြစ်စဉ်တွေ ဆုံးရှုံးသွားခဲ့ရင် ပြန်လည်ဆက်စပ်တွေးခေါ်ဖို့ ခက်ပါတယ်။ မိမိရဲ့ တူးဖော်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ စိတ်ရှည်မှု တွေ့လာတဲ့အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ပြီး ဒီအမွေအနှစ်ကို စနစ်တကျ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

လူတွေမေးမြန်းနေကြတဲ့ မင်းသမီးရဲ့ သချိုင်းဟုတ်မဟုတ် စာပေအထောက်အထားတစ်စုံတစ်ရာမတွေ့ရှိရပေမယ့် တည်ဆာက်ထားခဲ့တဲ့ပုံစံဟာ ထူးခြားပါတယ်။ အဆောက်အုံရဲ့ဝင်ပေါက်တွေဟာ အရှေ့အနောက်တန်းနေပြီး အလယ်ဗဟိုမှာ တစ်စုံတစ်ခုကို ထားရှိခဲ့ဟန်ပါပဲ ဒီအလယ်ဗဟိုအဝိုင်းကို ဝင်ပေါက်အကျယ် တွေနဲ့ လူတစ်ယောက် တစ်ပတ်ပတ်ကြည့်နိုင်တဲ့အနေအထားကို စက်ဝိုင်းရဲ့ဗဟိုကနေ စံအမှတ်ယူတိုင်းတာကြည့်တာ သရေခေတ္တရာ ပြတိုက်အတွင်းပြသထားတဲ့ ကျောက်အရိုးတွေရဲ့အရွယ်အစားအတိုင်းအတာ ရှိကြောင်းတွေ့ရပါတယ်။

ဒါကြောင့် ဒီနေရာက ကျောက်အရိုးအိုးထားခဲ့ရင် ခေတ်အဆက်ဆက်ဘယ်များရောက်သွားသလဲ တွေးစရာပါ သုံးစွဲထားတဲ့အုတ်အရွယ်အစား အုတ်စီစနစ်ကတော့ ရာဇဝင်ထဲကလို ဒွတ္တဘောင်ခေတ်နဲ့အတော်လေးကွာခြားပါတယ် ၊ ဒါပေမယ့် နောက်တစ်ခေတ်မှ အထိန်းအမှတ်အဖြစ်ဒီနေရာကိုဒီလိုပုံစံလုပ်ခဲ့ကြတာလား ဥပမာ သရေခေတ္တရာက ဖိုးခေါင်ကန်ကျောက်ချပ်ကြီးတွေဟာ မူလနေရာကမဟုတ်ပါဘူး တူးဖော်တွေ့ရှိချိန်က သူနဲ့အတူတွေ့ရှိရတဲ့အုတ်အရွယ်အစားတွေဟာ ခေတ်နောက်ကျနေပါပြီ။

ဒီကျောက်ချပ်ကြီးတွေကို ပျူခေတ်နောက်ပိုင်း ဆက်လက်ထိန်းသိမ်းခဲ့ကြပါတယ် ခုထိပါပဲ ခုဆို အုတ်အင်္ဂတေအဆောက်အုံကြီးနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကထဲက နေရာရွှေ့ထိန်းသိမ်းခဲ့ကြပါတယ်။ ဒီလိုပါပဲ သုံးပန်လှအဆောက်အုံလည်း ရာဇဝင်နဲ့ အသုံးပြုထားတဲ့ အုတ်တွေနဲ့ ခေတ်ကာလမကိုက်ညီတော့ပါဘူး။ အဝိုင်းအတွင်း ကျောက်အရိုးအိုးများနစ်မြုပ်နေမလား မြေအောက်သဘာဝမြေလွှာအထိ ရှာကြည့်ခဲ့ပါသေးတယ်။ တစုံတရာမှ မတွေ့ရှိတော့ပါ ဘာပဲဖြစ်ဖြစ် ဒေသခံတွေအတွက် နိုင်ငံအတွက် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုကို စနစ်တကျ ဖော်ထုတ်ပေးခဲ့နိုင်ပါပြီ။ (kmw)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page