နှစ်သစ်ကူးညတွင် ရန်ကုန်မြို့နယ်တချို့ မီးပြတ်မည်ဟု ကြေညာ (အရင်တုန်းကလည်း မလာပါဘူး)
နေ့မအား ညမနား ပြင်ဆင်နေတဲ့ လျှပ်စစ်ဌာနကတော့ ရန်ကုန်နှစ်သစ်ကူးညမှာ မီးပြတ်ဦးမယ်လို့ ကြေညာလိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်-
“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်ထားသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအား အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၂၀၀ မီဂါဝပ်ခန့် လျော့နည်းလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ အဆိုပါအရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အတွက် အရေးပေါ်ဝန်အား လျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်ပါသဖြင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။” လို့ ပါရှိပါတယ်။
မကြေညာလည်း မီးပြတ်နေကြောင်း၊ ပြတ်လိုက် လာလိုက် ဖြစ်နေတာ အတော်ကြာပြီဖြစ်ကြောင်း၊ ဦးစားပေး မြို့နယ်ထဲ ပါပေမယ့်လည်း ပြတ်နေကြောင်း တာမွေ မြို့နယ်က ပြည်သူတဦးက ပြောပါတယ်။ ၂၀၂၃ မှာလည်း လျှပ်စစ်ထုတ်လုပ်နိုင်မှု မပြည့်မီတာကြောင့် မီးတွေ ထပ်ပြတ်ဦးမယ်လို့ သိရပါတယ်။