ရန်ကုန်မြို့မှာရှိတဲ့ ကုန်းဘောင် ဆွေတော်မျိုးတော်သင်္ချိုင်းမှ ထူးခြားဆန်းပြားတဲ့ အုတ်ဂူများ

ကုန်းဘောင်ဆက်တော်ဝင် ဆွေတော်မျိုးတော် သင်္ချိုင်း၊ သက်တမ်း ၁၃၃ နှစ်ရှည်ကြာခဲ့သည့် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) တွင် မင်းဆက် ၁၁ ဆက်စိုးစံခဲ့ ရာ မြန်မာ့သမိုင်းတွင် မှတ်တမ်းမှတ်ရာအများဆုံးကျန်ရှိခဲ့သည့် ခေတ်ဖြစ်သည်။

မင်းဆက် ၁၁ ဆက်အနက် မျက်မှောက်ခေတ်နှင့်အနီးစပ်ဆုံးဖြစ်သည့် ရတနာပုံခေတ်တွင် မင်းတုန်းမင်းနှင့် သားတော် သီပေါမင်းတို့ နန်းစံခဲ့ပြီးနောက် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့သည်။

မင်းတုန်းမင်းနှင့်သီပေါမင်းလက်ထက်တွင် ရာထူးတာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့ကြသူများ၏ ဆွေတော်မျိုးတော်များသည် နှစ်ပေါင်း(၁၀၀)ကျော်ကာလအတွင်း ကွယ်လွန်ခဲ့ကြပြီဖြစ်ရာ ယင်းတို့အနက် ဆွေတော်မျိုးတော်အချို့ကို မြှုပ်နှံသဂြိုဟ်ခဲ့သည့် အုတ်ဂူအချို့ကို ရန်ကုန်မြို့၌ ယနေ့တိုင်မြင်တွေ့နိုင်ကြ သေးပေသည်။

ဆွေတော်မျိုးတော် သင်္ချိုင်း။ ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီးဘုရား၏ အနောက်ဘက်နေရာသည် ဆွေတော် မျိုးတော်သင်္ချိုင်းဟု ထင်ရှားခဲ့ကာ ယင်းနေရာတွင် ကုန်းဘောင်ခေတ် တော်ဝင်မိသားစုအချို့၏ ဆွေတော်မျိုး တော်များကို မြှုပ်နှံခဲ့သည့် အုတ်ဂူများရှိနေသည်။

တဧကခွဲကျယ်ဝန်းသည့် ယင်းနေရာကို မင်းတုန်းမင်း၏ သမီးတော် မင်းတပ်ထိပ်ခေါင်တင်က အင်္ဂလိပ်အစိုးရထံမှ ဝယ်ယူ၍ ဆွေတော် မျိုးတော် သင်္ချိုင်းကိုတည်ဆောက်ခဲ့သည်ဟု ဆိုသည်။ ကန်တော်ကြီးစောင်း၊နတ်မောက်လမ်းတွင်တည်ရှိသည့် ဂျပန်နိုင်ငံသံရုံးဘေးရှိ ၀င်္ကပါလမ်းအတိုင်း ဝင်သွားလျှင် ငါးထပ်ကြီးဘုရားလမ်းသို့ ရောက်ရှိသည်။

ယင်းလမ်းပေါ်တွင် မြန်အောင်ကျောင်းတိုက် ဆွမ်းစား ကျောင်းဟု ကမ္ပည်းထိုးထားသည့် မုခ်ဦးဘေးတွင် ဘုရင့်ဆွေတော်မျိုးတော် သင်္ချိုင်းတော်ဟု ရေးထား သည့် ကြေးပြားဆိုင်းဘုတ်ကိုတွေ့ကြရမည်ဖြစ်သည်။ မုခ်ဦးစောင်းတန်းအတိုင်းသွားလျှင် ကျိုက်ထီးရိုးပုံတူ စေတီကို လွန်သည်နှင့် ဝဲဘက်အခြမ်းတွင် ဖရိုဖရဲအိမ်များကြားတွင် အုတ်ဂူများရှိနေကြသည်။

ငါးထပ်ကြီးဘုရားမှလာလျှင် အနောက်ဘက်မုခ်မှထွက်၍တောင်ပိုင်ဘိုးဘိုးကြီးရုပ်တုအနီးရှိ ပေါ်တော်မူ ဘုရားကိုကျော်၍ အုတ်လှေကားစောင်းတန်းအတိုင်းသွားနိုင်သည်။ မိမိရောက်ရှိခဲ့ချိန်က ယင်းနေရာ တွင် တဲအို တဲဟောင်းများရှိနေကာ အုတ်ဂူများက ယင်းတဲများအကြားသို့ ရောက်ရှိနေသည်။ (ကျူးကျော်တဲများ ဟု ဆိုပါ သည်။)

အုတ်ဂူများသည် စောင်းတန်းဘေးတွင်ရှိနေကြကာ အုတ်ဂူဆီသို့ ဝင်သွားနိုင်သည့် စောင်းတန်းတိုင် နှစ်ခုတွင် နန်းဝတ်နန်းစားများဝတ်ဆင်ထားသည့် အမျိုးသမီးပုံတူ နှစ်ချပ်ရှိ၍ တစ်ခုတွင် “ကုမ္မာဒေဝီဘွဲ့ခံ ခုနှစ်ရွာ တိုက်စား မိဘုရားကြီး၊ ထိုင်းအယုဒ္ဓယဘုရင်၏ မြေးတော်” ဟုရေးထားသည်။ (မူရင်း သ-တ်ပုံအတိုင်းဖြစ်ပါသည်။)

အခြားပုံတွင် “ဘုရင့်ဆွေတော်မျိုးတော်များ အသင်း ဥက္ကဋ္ဌ မင်းတုန်း မင်းတြားကြီး၏ သမီးတော် သုသီရိစန္ဒာဒေဝီ မင်းတပ်ထိပ်ခေါင်တင်” ဟု ရေးထားသည်။ (မူရင်း သ-တ်ပုံအတိုင်းဖြစ်ပါသည်။) ဆွေတော်မျိုးတော်သင်္ချိုင်းသို့ မိမိရောက်ရှိခဲ့စဉ်က အုတ်ဂူ ၁၆ လုံးကိုတွေ့ရှိခဲ့သည်။ယင်းတို့အနက် အုတ်ဂူ ၈ လုံးသည် တော်ဝင်နွယ် ဆွေတော်မျိုးတော်များ၏ အုတ်ဂူများဖြစ်သည်။

ဆွေတော်မျိုးတော် အုတ်ဂူများ (ကွယ်လွန်သည့် သက္ကရာဇ်အတိုင်းစဉ်ထားကာ အုတ်ဂူတွင်ရေးထိုးထားသည့် မြန်မာခုနှစ်များကို အင်္ဂလိပ် သက္ကရာဇ်သို့ ဖလှယ်ပေးထားပါသည်။) ၁။ လင်းပင်မင်းသားကြီး (သတိုးမင်းရဲဒိဗ္ဗ)၊ အိမ်ရှေ့စံ ကနောင်မင်း နှင့် ဆောင်ရ သခင်ကြီး ခင်ဖော့တို့၏ ခရစ်နှစ် ၁၈၅၆ ခုနှစ်ဖွား သားတော် လင်းပင်မင်းသားကြီး ( သတိုးမင်းရဲဒိဗ္ဗ) သည် ၁၉ ၃၃ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့ သက်တော် (၇၇) နှစ်တွင် အမှတ် ၁၂ ၊ ကုက္ကိုင်းလမ်း၊ ရတနာသိင်္ဃစံအိမ်တော်တွင် ကံကုန်တော်မူ သည်ကို ငါးထပ်ကြီး ဘုရင့်ဆွေတော်မျိုးတော်များ သင်္ချိုင်းတော်တွင် မြှုပ်နှံ သင်္ဂြိုလ်ပါသည်။ (နောက်ထိုးစာဖြစ်ပြီး မူရင်း ကျောက်ပြားကိုမတွေရှိရပါ။) (၁၂၉၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်)

၂။ လင်းပင်မင်းသားကြီး၏ မြောက်သားတော် ရေနံသာ ခင်ခင်ကြီး ၊ ရေနံ့သာမြို့စား ကသည်း မြို့ဝန် မင်းလှ သမိန်ထောရာဇာ ဦးရွှေမောင်၏ သမီးဖြစ်သူ ရေနံ့သာခင်ခင်ကြီးသည် လင်းပင် မင်းသားကြီးနှင့် ၁၈၈၂ ခုနှစ်တွင် လက်ဆက်ခဲ့ပြီး အသက် (၆၈) နှစ်အရွယ်တွင် အမှတ် ၁၂ ၊ ကုက္ကိုင်းလမ်း၊ ရတနာသိင်္ဃစံအိမ်တော်တွင် ကံကုန် သည်ကို ငါးထပ်ကြီး ဘုရင့်ဆွေတော် မျိုးတော်များ သင်္ချိုင်းတော်တွင် မြှုပ်နှံ သင်္ဂြိုလ်ပါသည်။ (နောက်ထိုးစာဖြစ်ပြီး မူရင်းကျောက်ပြားကို မတွေ့ရသကဲ့သို့ကွယ်လွန်သည့် ရက်မပါရှိပါ။) (၁၉၃၄ ခုနှစ်ဝန်းကျင်တွင် ကွယ်လွန်သည်ဟု ခန့်မှန်းပါသဖြင့် ဒုတိနေရာတွင် ထားရှိပါသည်။)

၃။ ညောင်အုပ်-မင်းသ္မီး ထိပ်တင်ချို အသက် ၅၁ နှစ် နတ်တော်လ္ဆန်း ၄ ရက်နေ့ ၁၃၀၀ ပြည့်နှစ် နတ်ရွာစံသည် PRINCESS NYAUNG OK HTAIK TIN CHOE DIED ON 24TH NOVEMBER 1938 ။ (သောကြာနေ့၊ ၁၉၃၈ ခုနှစ်၊နိုဝင်ဘာလ ၂၅ ရက်)

၄။ မင်းတုန်းမင်းတြားကြီး၏ မြေးတော် ညောင်အုပ်မင်းသား၏ သ္မီးတော် ညောင်အုပ် ထိပ်တင်စိုး သက်တော်- ၄၇ နှစ် ၁၃၀၁ ခုနှစ် နယုန်လ္ဆုပ် ၁၁ ရက်နေ့ နတ်ရွာစံတော်မူသည်။ (တနင်္လာနေ့ ၊၁၉၃၉ ခုနှစ်၊ ဇွန်လ ၁၂ ရက်)

၅။ ပဉ္စမ သင်္ဂါယနာတင် မင်းတုံးမင်းတရားကြီး၏ မြေးတော် ပင်လယ်ထိပ်ခေါင်တင်ကြီး သက်တော် (၈၁) နှစ်ရှိသည်။ ၁၃၁၇ ခုနှစ် တန်ဆောင်မုန်းလ္ဆန်း (၁၄) ရက်နေ့ နတ်ရွာ စံလွန်တော်မူသည်။ (အင်္ဂါနေ့ ၊၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်) (ပင်လယ်ထိပ်ခေါင်တင်ကြီးအုတ်ဂူလျက်ကပ်လျက်ဂူသည် မည်သည့် စာမှ ရေးသားထားခြင်းမရှိပါ)

၆။ အိမ်ရှေ့မင်းတြားကြီး၏ မြေးတော် မြင်းမူထိပ်ခေါင်တင်ဘုရား၏ သားတော် မောင်မောင် ထိပ်တင် သက်တော် ၆၀. ၁၃၁၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက် နတ်ရွာ စံလွန်တော်မူသည်။ (အင်္ဂါနေ့၊ ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)

၇။ ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုံးမင်းတရားကြီး၏ မြေးတော် သက်တော် ၈၃ နှစ်ရှိ သုသီရိ နန္ဒဝတီ (ခေါ်) ပင်လယ်ထိပ်ခေါင်တင်ကလေး ၁၃၂၂ ခု ဝါဆိုလ္ဆန်း ၅ ရက်နေ့ နတ်ရွာစံတော် မူသည်။ (တနင်္လာနေ့ ၂၇၊၆ ၊၁၉၆၀ )

၈။ မင်းတုန်းမင်းကြားကြီး၏ သ္မီးတော်မင်းတပ် ထိပ်ခေါင်တင် သက်တော် ၁၀၃ နှစ် ၅၊၆၊၆၆ ။ (တနင်္ဂနွေနေ့ ၊ ၁၃၂၈ ခုနှစ် ၊ နယုန်လပြည့်ကျော် ၂ ရက်) မင်းတပ် ထိပ်ခေါင်တင်သည် မင်းတုန်းမင်းနှင့် ခုနစ်ရွာ မိဖုရားတို့ သမီးတော်ဖြစ်၍ သုံးဆယ်မင်းသားနှင့် ပင်လယ်မင်းသားတို့၏ အငယ်ဆုံးနှစ်မတော်ဖြစ်သည်။

အခြားအုတ်ဂူများ၊ ဆွေတော် မျိုးတော် သင်္ချိုင်းတွင်မြှုပ်နှံခဲ့သည့် အခြားပုဂ္ဂိုလ် ၈ ဦး၏ အုတ်ဂူများကိုလည်းတွေရှိရသည်။ ၁။ ပြည်ထဲရေးဝန်ကြီးချုပ်ဟောင်း ဆာဦးဘ (ဘီအေ၊ ကေအက်စ်အမ် BA၊ KSM) အသက် ၆၄ နှစ် ၊ ၁၉၃၇ ခုနှစ်။

၂။ ဒေါ်မြပွင့် (လေဒီဘ) (ဆာဦးဘဇနီး) အသက် ( – ) ၊ ၁၃၁၃ ခုနှစ် ( ၁၉၅၁ ခုနှစ်)။ သူတို့ နှစ်ဦး၏ အုတ်ဂူနှစ်လုံးသည် ဘေးချင်းယှဉ်လျက် ရှိနေသည်။ ၃။ ရတနာဦးသွင် အသက် ၈၃ နှစ်၊ ၁၉၆၅ ခုနှစ်။ ရတနာ ဦးသွင် နှင့် ဇနီး ဒေါ်ဒေါ်မြိုင်တို့ သည် လက်ရှိ စောင်းတန်းကို ၁၉၅၇ ခုနှစ်တွင် တည်ဆောက် လှူဒါန်းခဲ့သည်။

၄။ ဒေါ်ဒေါ်မြိုင် (ရတနာဦးသွင်ဇနီး) အသက် ၈၅ နှစ်၊ ၁၉ ၆၇ နှစ်။ သူတို့ နှစ်ဦး၏ အုတ်ဂူနှစ်လုံးသည် ဘေးချင်းယှဉ်လျက်ရှိနေသည်။ ၅။ စည်သူ ဦးတင် ( အိုင်စီအက်စ် ) အသက် ၆၁ နှစ် ၊ ၁၉၆၄ခုနှစ်။ ၆။ ဒေါ်ညွန့်ညွန့်။ (စည်သူဦးတင်ဇနီး) အသက် ၇၉ နှစ်၊ ၁၉၈၂ ခုနှစ်။ သူတို့ နှစ်ဦး၏ အုတ်ဂူနှစ်လုံးသည် ဘေးချင်းယှဉ်လျက် ဖြစ်သည်။ ၇။ ဆရာဆိုင် အသက် ၆၉ နှစ်၊ ၁၃၀၅ ခုနှစ် ( ၁၉၄၃ ခုနှစ်)။ ၈။ လယ်ဝန်မင်း ဦးစံရွှေ အသက် ၇၆ နှစ်၊ ၁၉၄၅ ခုနှစ်။

ထူးခြားသောဂူ နှစ်လုံး။ ဆွေတော်မျိုးတော် သင်္ချိုင်း အတွင်း၌ ထူးခြားသော အုတ်ဂူနှစ်လုံးသည် စောင်းတန်း၏ လက်ဝဲဘက် တွင် တည်ရှိသည်။ ယင်းအုတ်ဂူများတွင် ရေးထိုးထားသည့် စာများသည် ထူးခြားနေသည်။ အုတ်ဂူတစ်လုံးစီပေါ်၌ “ဘိုးတော် ဦးကိုကြီး” ၏ ရုပ်ပြောင်း ဂူအောင်းရာဋ္ဌာန လှိုင်ဂူ” “ဘိုးတော်ဦးကိုကြီး၏ သားတော် ဘိုးတော်ဦးစံသိန်း၏ ရုပ်ပြောင်း ဂူအောင်းရာဋ္ဌာန လှိုင်ဂူ” ဟု ဖတ်ရှုရသည်။ (မူရင်းသ-တ်ပုံအတိုင်းဖြစ်ပါသည်။) နှစ်ဦးလုံးကို “ကုန်းဘောင်မင်း၏ အဆက်အနွယ်တော်” ဟုရေးသားထားသည်။

ဆွေတော်မျိုးတော် သင်္ချိုင်းတွင် အုတ်ဂူ ၂၀ ရှိသည်ဟု ဆိုသော်လည်း မိမိရောက်ရှိခဲ့စဉ်က အထက်တွင်ရေးသားခဲ့သည့် အုတ်ဂူ ၁၈ ခုကိုသာ မြင်တွေ့ခဲ့ရပါကြောင်း မျှဝေပေးရပါသည်။ မောင်သာ (ရှေးဟောင်းသုတေသန) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page