ပိုက်ဆံမရှိလို့ ထီဖွင့်ခဲ့တဲ့ သီပေါမင်း (ရတနာပုံခေတ်ကို နိဂုံးချုပ်စေခဲ့တဲ့ ထီနိမိတ်)
သီပေါမင်း နှင့် ထီနိမိတ်၊ နိုင်ငံတော်အစိုးရထီ ဟူသည် သက္ကရာဇ် ၁၂၄၀ ပြည့်နှစ်၊ တပေါင်းလ၊ ခရစ်နှစ် ၁၈၇၉ ခုနှစ်၊ မတ်လ၌ သီပေါမင်း လက်ထက် မန္တလေးမြို့ ရတနာပုံ ရွှေမြို့တော်မှာ ထီရုံဆောက်ပြီး တစ်စောင် ငွေဒင်္ဂါး ၅ ကျပ်ဖြင့် လက်မှတ်ပေါင်း ၁၂၀၀၀ ရောင်းချခဲ့ရာ ငွေကျပ် ၆၀၀၀၀ ကျော် ရရှိလေသည်။
ယင်းငွေထဲမှ ရှင်ဘုရင်အား ၁၀၀၀၀ ကျပ် အကျိုးဆောင်ခ နှုတ်ယူ၍ ကျန် ၅၀၀၀၀ ကို ဆုတော်ငွေအဖြစ် ချီးမြှင့်ပြီး သူဌေးရာထူး ပေးလေသည်။ ထီဖွင့်ပွဲတွင် ပထမဆုံး ထီပေါက်သူမှာ မအုံး ခေါ် ဒေါ်ချိမ့်အုံး ဖြစ်ပါသည်။ စာရေးဆရာကြီး ဟံသာဝတီ ဦးဘရင် ၏ မိခင် ဖြစ်ပါသည်။
သီပေါမင်းသည် ထီဖွင့်နေစဉ် ယောမင်းကြီး ဦးဖိုးလှိုင်က ထီဟူသည် လောင်းကစားနည်း တစ်မျိုးဖြစ်၍ မဖွင့်ရန် အကြိမ်ကြိမ် တားနေသည်ကို နားမဝင်ဘဲ ဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။ ရဟန်းသံဃာများကလည်း ကန့်ကွက်ကြ၊ တားမြစ်ခဲ့ကြပါသည်။
မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးက ထီထိုးသူ ရဟန်း၊ ကိုရင်၊ ကျောင်းသား မှန်သမျှကို “ကစားမျိုးလိုက် ကျောင်းသားမိုက် ကျောင်း၌ မနေရပါဘုရား” ဆိုသည့်အတိုင်း ကျောင်းတိုက်မှ နှင်ထုတ်သည်။ ရွှေကျင်ဂိုဏ်းဝင် အဖြစ်မှ နှင်ထုတ်ခဲ့ပါသည်။
သီပေါမင်း ထီဖွင့်ခြင်းအပေါ် ဒွါရ အုတ်ဖိုဆရာတော်ကြီးက “သူပြုလုပ်အပ်သော ထီသည်ပင် သူ့ကို ပျက်စီးစေလတ္တံ့” ဟု ပုဗ္ဗနိမိတ် ကောက်ခဲ့ပါသည်။ ကောက်သည့် အတိုင်းလည်း မှန်ခဲ့ပါသည်။
ထီ ဟူသည် ဗျည်းအက္ခရာအားဖြင့် စနေနံ၊ မင်းကလည်း စနေသား၊ အက္ခရာ သင်္ချာအားဖြင့် ၇ ဂဏန်း။ အဘိဓမ္မာ နည်းအားဖြင့် ထီ (ဋ္ဌီ) နောင် ဘင် (ဘင်္ဂ) သာ ဖြစ်သောကြောင့် ငါ နိမိတ်ဖတ်ရလျှင် ၇ နှစ်၊ ၇ လ၊ ၇ ရက်ထက် နန်းသက်မလွန်နိုင် ဟူ၍ နိမိတ်ဖတ်ခဲ့သည်။
ဓီ ဟူသော နိပါတ်ပုဒ်၏ ကာရိယ ဖြစ်နိုင်၍ စက်ဆုပ်ရွံရှာဖွယ် အနက်ရှိသောကြောင့် ပျက်ဆီးသောအခါလည်း သူတစ်ပါး ပျက်သည်နှင့် မတူ။ ဓီ အနက်အရ စက်ဆုပ် ရွံရှာဖွယ် ပျက်စီးလတ္တံ့ ဟူ၍ နိမိတ်ဖတ်ခဲ့ခြင်း ဖြစ်ပါသည်။ (Aung Thiha) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)