လမ်းမှာ မြန်မာတံမြက်စည်းရောင်းတဲ့သူတွေ တွေ့ရင် ဈေးမဆစ်သင့်တဲ့ အကြောင်းရင်း

တံမြက်စည်းပင် လေးတွေကို (၅.၁.၂၀၂၀) နေ့က ပေါင်းလောင်းမြို့ကို သွားတုန်းက View Point တောင်ထိပ် မှာတွေ့ခဲ့တယ်။ တံမြက်စည်းလာခူးတဲ့သူတွေရဲ့ မလုံမခြုံယာယီတဲကလေးတွေလည်း တွေ့ခဲ့သလို တံမြက်စည်းပင်တွေ လာကောက်တဲ့ဒိုင်တွေလည်း တွေ့ရတယ်။

လျှပ်စစ်မီးမရှိ၊ ညရောက်ရင် မှောင်မဲနေရော။ ရေရဖို့အတွက် မြင့်မားတဲ့တောင်ကြီးပေါ် ခက်ခက်ခဲခဲသယ်ရတယ်။ အခုလို ရာသီဆို ဘယ်လောက်များ အေးနေကြမလဲ။ တံမြက်စည်း အပင်လေးတွေဟာ တောင်ပေါ်တွေမှာ တောအုပ်လိုက် ပေါက်နေကြတယ်။

တံမြက်စည်းနဲ့ နေ့တိုင်း အမှိုက်လှဲနေပေမည့် အပင်ကို မြင်ဖူးသူရှားတယ်။ ခေတ်အရပလပ်စတစ် တံမြက်စည်းလေးတွေ ပေါ်လာပေမယ့် မြန်မာဆန်ဆန် တံမြက်စည်းလေးတွေသုံးနေကြတုန်းပဲ။ တံမြက်စည်း လုပ်ဖို့ ရင့်မည့်စပြုနေသော ပန်းခိုင်တွေကို ဇန်နဝါရီလကနေ မတ်လအတွင်း ရိတ်သိမ်းကြရတယ်၊ အရွယ်လိုက်ပြီး ပန်းခိုင်အရောင်က အစိမ်းဖြော့ဖြော့အရောင်လေးက နေခြည်အောက်မှာ လက်လက်ထနေတယ်။

ကောက်ယူရာမှာ ပန်းခိုင်ကို အောက်ခြေ မြေကြီးနားက ပင်စည်ကို ဒါးနဲ့ဖြတ်ယူကြသလို အချို့လည်းမြေကြီးထဲကနေဆွဲနှုတ်ယူကြတယ်။ နောင်ဖြစ်လာမည့် ပင်ပွားအငယ်လေးတွေ မထိခိုက်ရအောင် ရိတ်သိမ်းကြရတယ်။ စီးပွားဖြစ်ဝင်ငွေရှာတဲ့လုပ်ငန်းပါ။

သဘာဝပေါက်နေသောတံမြက်စည်းပင်တွေကို ကောက်ယူပြီး ဝင်ငွေရအောင် ကုန်ကြမ်းကနေ ကုန်ချောထုတ်ကာ ရောင်းချကြတယ်။ တံမြက်စည်းပင်တွေဟာ လူသားအကျိုးပြုအပင်တွေဖြစ်တယ်၊ အရွက်တွေကို ကျွဲနွားအစာအဖြစ်သုံးလို့ရတယ်။

အစုလိုက် ပေါက်နေတတ်တဲ့အပင်ရဲ့ အမြစ်တွေက မြေဆီလွာရဲ့ အရည်အသွေးကို တိုးအောင် ထိမ်းပေး သလို မြေတွင်းရေဓာတ်လည်းပိုကောင်းစေတယ်။ တံမြက်စည်းပင်တွေဟာ ကျောက်တောင် ကမ်းပါးယံတွေ အပေါ်မှာ တွယ်ကပ်ပေါက်လေ့ရှိတယ်။

ထူးခြားချက်ကတော့ သူတို့ ပေါက်နေသော နေရာတွေမှာ တောင်ပြိုကျခြင်း မရှိဘူး။ အပင်တွေလုံးဝကုန်အောင်ရှင်းလိုက်တော့ မြေကြီးတွေမထိမ်းနိုင်ဖြစ်ပြီး landslides ဖြစ်ခြင်းကို မိုးရာသီမှာ အများဆုံးတွေ့ရတယ်။ တောင်ပြိုရင် ကားလမ်းပိတ်ပြီ။

တံမြက်စည်းပင်တွေကို မသ-တ်သင့်ဖူး၊။ မြေသားကို ကုတ်ယူထားသော အမြစ်တွေကြောင့် မြေဆီလွှာ တိုက်စားခြင်း (soil erosion) ကိုလည်း လျော့ချပေးတယ်။ အစုလိုက်ပေါက်တာကြောင့် မြေဆီလွှာ အစိုဓာတ် (soil moisture) ကိုလည်း ထိန်းပေးတယ်၊

ဒီလိုတန်ဖိုးရှိတဲ့ တံမြက်စည်းပင်လေးတွေဟာ စျေးကွက်ထဲမှာ ကြက်မွေးတံမြက်စည်း ပလပ်စတစ်တံမြက်တွေနဲ့ယှဉ်ရင် စျေးနှုန်းအချိုသာဆုံးဖြစ်နေလို့ မြန်မာတံမြက်စည်းများဝယ်မိရင် စျေးမဆစ်ကြပါနဲ့နော်။ (Dolly Tin)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page