တိတ်ဆိတ် ခြောက်ကပ်နေတဲ့ ဒီဇင်ဘာနဲ့ ပျော်စရာ မကောင်းနိုင်တဲ့ ၂၀၂၃ ခုနှစ်
မကြာခင်မှာ နှစ်သစ်တခုကို ရောက်ပြန်တော့မယ်။ ပွဲတော်တွေမှာ Happy New Year လို့ အော်ကြပေဦးမယ်။ တကယ်တော့ ကမ္ဘာဟာ တနှစ်ထက် တနှစ်ပို ကြပ်တည်းလာနေတာပါပဲ။ ပျော်စရာဆိုတာ မရှိသလောက်ပါပဲ။
၂၀၂၃ ဟာ ပျော်စရာကောင်းတာ တခုမှ မရှိနိုင်တာကို အားလုံးလဲ သိနေကြမှာပါ။ စစ်ပွဲတွေ၊ စားနပ်ရိက္ခာပြသနာတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေနဲ့ ၂၀၂၃ ဟာ မရောက်လာခင်ထဲကကို သူ့နိမိတ်ကို ပြသနေခဲ့ပြီးပါပြီ။ အရေးကြီးတဲ့နှစ်တနှစ်လဲ ဖြစ်လာနိုင်ပါတယ်။
၂၀၂၂ မှာလဲ ပျော်စရာဆိုတာ မရှိသလောက်ပါပဲ။ ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားကပဲ ၂ နှစ်အတွင်းမှာ ပျော်ရွှင်ရတဲ့ကာလတခု ဖြစ်ခဲ့ပါတယ်။ မက်ဆီနဲ့ သူ့ပရိသတ်တွေအတွက် ဆယ်စုနှစ်များစွာ စောင့်စားခဲ့ရတဲ့ အိပ်မက်တွေ တကယ်လက်တွေ့ဖြစ်လာခဲ့ခြင်းပေါ့။ မမေ့နိုင်တဲ့ ဒီဇင်ဘာပါပဲ။ ကျနော်တို့တိုင်းပြည်မှာလဲ အဲဒီလို Fairy Tail မျိုးကို မျှော်လင့်မိပါတယ်။
ဒီနှစ် ဒီဇင်ဘာဟာ အရင်နှစ်တွေကထက် တိုးတိတ်ခြောက်ကပ်လွန်းပါတယ်။ ခုတော့ ဒီဇင်ဘာဟာ တိတ်ဆိတ်စွာနဲ့ပဲ အတိတ်ရဲ့ ဘူတာထဲ ကျန်ရစ်နေခဲ့ပါပြီ။ လာမယ့်နှစ်မှာတော့ ဘယ်လိုအရာတွေ ဖြစ်လာမလဲ။ ဘာတွေကို ပြင်ဆင်ထားရမလဲ။ အဆိုးဆုံးအတွက် ပြင်ဆင်ရင်း အကောင်းဆုံးကို မျှော်လင့်ထားကြတာပေါ့။
ဒီခဏမှာတော့ ကိုယ့်ဘာသာ လိမ်ညာရင်း Happy New Year လို့ အော်လိုက်ကြတာပေါ့။ တကယ်တမ်းမှာတော့ ကမ္ဘာမြေဟာ ၂၀၂၃ မှာ စစ်ပွဲတွေ၊ ကပ်ဘေးတွေကနေ ခဏလောက် အနားရရင်ပဲ ကျေနပ်ပါတယ်။ ၂၀၁၉ ကနေ စခဲ့တဲ့ ကပ်ရောဂါတွေကြား၊ စစ်ပွဲတွေကြားကမ္ဘာမြေဟာ မောပန်းနေခဲ့ပါပြီ။ ၂၀၂၃ မှာ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။ စိမ်းလန်းပါစေ။ (Nay Thway)