ရှေးဟောင်းသုတေသနဝန်ထမ်းကိုယ်တိုင် ပြောပြတဲ့ အသက်ဝင်နေတဲ့ ရှေးဟောင်းပစ္စည်းများအကြောင်း

အသက်ရှိနေတဲ့ရှေးဟောင်းပစ္စည်းများ။ ကျွန်တော်တို့ ရှေးဟောင်းသုတေသနဌာနထဲမှာ နှစ်ပေါင်း ၂၈နှစ်နီးပါး တာဝန်ထမ်းဆောင်လာခဲ့ပေမယ့် ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး ယောင်လို့တောင် အိမ်ကိုသယ်လေ့မရှိဘူး ကြောက်လို့။

ကိုယ်လုပ်ရတဲ့အလုပ်က ရှေးမြို့ဟောင်းတွေကို တူးဖော်ရတာဆိုတော့ ပြတိုက်မှာ ပြသနေတဲ့ ပစ္စည်းအတော်များများက ဒီတူးဖော်ရေးတွေကနေ ရလာကြတာ၊ ပြတိုက်မရောက်ခင်လတ်လတ်ဆတ်ဆတ် မြေကြီးထဲကနေ ကျွန်တော်တို့လို တူးဖော်ရေးသမားတွေက ထုတ်ယူပေးခဲ့ကြတာပါ။

တခုရှိတာက ရှေးဟောင်းပစ္စည်းတွေဟာ အမြဲပဲရှင်သန်နေတယ်ဆိုတာပဲ၊ သူတို့ဟာ သူတို့ရဲ့မူလ သခင်တွေကို တမ်းတမ်းတတ ဖြစ်နေကြတုန်းဆိုတာပါပဲ၊ အကိုင်အတွယ်မတတ်ရင် ဒုက္ခရောက်တတ်တယ် ဒါကို တစ်ချို့က ခိုက်တယ်လို့ပြောလေ့ရှိတယ်။

၁၉၉၆ခုနှစ် ကျိုင်းတုံမြိုမှာရှိတဲ့ စေတီကုန်းတစ်ခုကို တူးဖော်သုတေသနပြုခဲ့ရတုန်းက ရှေးဟောင်းတူးဖော်ရေးအဖွဲ့တွေ ကျိုင်းတုံမရောက်ခင်၊ မိုးလေဝသ ရုံးဝင်း ဝန်ထမ်းအိမ်ယာအတွက် မြေကျင်းတူးရင်း ဘုရားကုန်းကိုတူးမိရာက ရှေးဟောင်းအုတ်ခွက်ဘုရားသေးသေးလေးတွေ ထွက်လာတယ်၊ ဒါကို တာချီလိတ်ဘက်သွားမယ့်ကားဆရာတွေက သူတို့လာဘ်ကောင်းအောင် အန္တရာယ်ကင်းအောင်ဆောင်ထားချင်လို့ ခွင့်မတောင်းပဲသယ်ယူသွားကြတာ လမ်းခရီးမှာ ကားပျက် ကားခေါင်းထဲမြွေတွေ့ စသဖြင့်ထူးခြားတာတွေဖြစ်လာလို့ ပြန်ပို့ကြရပါတယ်။

နောက်တစ်ခု က ဘာသာခြားတစ်ယောက် အဲ့ဒီကပဲ အုတ်ခွက်ဘုရားတစ်ဆူကို ယူသွားတာ အိပ်ယာဝင်တော့ခေါင်းအုန်းအောက်မှာ မြွေကြီးခွေနေလို့ ပြန်ပို့ရသတဲ့ ၊ စသဖြင့် စသဖြင့် ရှေးဟောင်း ပစ္စည်းနဲ့ပတ်သက်လို့ ထူးထူးခြားခြားကြားကြရပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ ယခုရန်ကုန်ရှေးဟောင်းဌာနခွဲရုံးဟာ ယခင်က ရှေးဟောင်းရဲ့ ရုံးချုပ်ဖြစ်ပါတယ်၊ ဒါကြောင့် ရှေးဟောင်းပစ္စည်းတွေထားတဲ့ ကျွန်တော်တို့အခေါ် ဘော့အခန်း ကြီးရှိပါတယ်၊ အနယ်နယ်အရပ်ရပ်ကအရေးကြီးတဲ့ ရှေးပစ္စည်းတွေကို တံခါးအထပ်ထပ် သော့အထပ်ထပ်နဲ့ ထားပါတယ်၊ ဒီအထဲက ပစ္စည်းတွေဟာ အထူးပြပွဲများ ပြသဖို့ထုတ်တဲ့အခါ သူ့နေရာမှာသူထားပေမယ့် ပျောက်နေတတ်တယ်လို့ အဆိုရှိပါတယ်။

ရှေးဟောင်းပစ္စည်းထုတ်ယူတဲ့ ဝန်ထမ်းများက ပါးစပ်ကနေ ကဲကဲ အပိုင်မယူပါဘူး ပြပွဲအတွက်ပါ ခနယူပြီးပြမှာပါ ကိုယ့်ဟာကိုပြန်ထားကြပါလို့ ပြောဆိုမှ နောက်တစ်ကြိမ် ဒီဘော့ခန်းကြီးထဲပြန်ဝင်ရင် သူ့နေရာမှာပဲတွေ့ရတယ်လို့ ဆိုပါတယ်။

တခါက ပြပွဲတစ်ခုအတွက် ပျူဒင်္ဂါးတွေ ရေတွက်ကြရတော့ ရေတွက်တိုင်း အရည်အတွက်က တစ်ခေါက်နဲ့တစ်ခေါက်မတူဘူးတဲ့။ ဒါနဲ့ အထက်အရာရှိလူကြီးတွေက ဒါဘယ်လိုဖြစ်တာလဲဆိုတော့ အထာသိတဲ့သူက ဆရာရေ သူ့ဟာသူ ပြန်မှန်သွားလိမ့်မယ်။ ညနေ ၄ ခွဲမှပြန်ဝင် ပြန်ရေတွက်ကြမယ် လို့ပြောရင်း ခုနကအတိုင်း ကဲ ယူထားရင်လည်း ပြန်ထားကြ၊ ဒါနိုင်ငံတော်ပြပွဲ ပြရမှာ ဘယ်သူမှ အပိုင်မယူဘူးလို့ပြောပြီး နောက်တစ်ကြိမ် ဘော့ခန်းကြီးထဲ ပြန်ဖွင့်ပြန်ဝင် ရေတွက်တော့မှ ရေတွက်လို့ အမှန်ထွက်ပါသတဲ့၊။

ဒါတွေဟာ ယုံကြည်ရခက်ခက်ဆိုပေမယ့် တကယ်ကြုံခဲ့ကြတဲ့သူတွေက ကြုံခဲ့ကြတယ်၊ ပြီးခဲ့တဲ့ လပိုင်းကပဲ နိုင်ငံခြားငှားပြရမယ့် ဆင်းတုတော်တစ်ဆူကို ဝန်ထမ်းတစ်ယောက်က သယ်ယူပေးရင်း တပည့်တော်လည်းခေါ်ပါအုန်းလို့ နောက်ပြောလေး ပြောမိတာ က တကယ်ပဲ အဲ့ဒီဝန်ထမ်း အဲ့ဒီဘုရားနဲ့အတူ နိုင်ငံခြားပြပွဲပါသွားသတဲ့၊ ယုံချင်ယုံမယုံချင်နေ believe it or not ပါနော် ကြားဘူးတာလေးတွေ ပြန်ပြောပြတာပါ။

ရှေးဟောင်းပစ္စည်းတွေကိုတော့ လျော့မတွက်နဲ့ ပျူကခြေသည် ၅ရုပ်မှာ ၄ရုပ်က အခိုးခံရပြီး အမေရိကန်ကိုရောက်သွားတာတောင် မြန်မာပြည်ကို ကြံကြံဖန်ဖန် ပြန်ရောက်လာသေးတယ် မဟုတ်လား၊ ရှေးဟောင်း ပစ္စည်းတွေဟာ အနုပညာလက်ရာမြောက်လေ သူတို့ရဲ့အသက်ဝိညာဉ်တွေဟာ ရှင်သန်လေပါပဲ။

အနုပညာလက်ရာမြောက်တဲ့ ရှေးဟောင်းပစ္စည်းတွေအပေါ် မတော်မတရားပြုလုပ်ပြီး ကြွယ်ဝ ချမ်းသာလာတဲ့လူတွေဟာ အဲ့ဒီရှေးဟောင်းပစ္စည်းများကြောင့်ပဲ အလုံးစုံ ပျက်စီးသွားကြရတတ်ပါတယ်။ (kmw)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page