နှစ်ငါးသောင်းမှ တကြိမ် ကမ္ဘာ့နဲ့ အနီးကပ်ဆုံး ရောက်လာတဲ့ ထူးဆန်းတဲ့ အစိမ်းရောင် ကြယ်တံခွန်
အသစ်စက်စက် ရှာဖွေတွေ့ရှိထားတဲ့ အစိမ်းရောင် ကြယ်တံခွန်ဟာ ကမ္ဘာမြေဆီ ဇန်နဝါရီလ ၃၁ရက်က အနီးကပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီ ကြယ်တံခွန်ဟာ ကမ္ဘာအနားကို ရောက်ရှိဖို့ နှစ်ပေါင်း ၅၀၀၀၀လောက် ခရီးနှင်ခဲ့ရတယ်လို့ နက္ခဗေဒ ပညာရှင်တွေက ပြောကြားပါတယ်။
နက္ခဗေဒ ပညာရှင်တွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ အဲဒီ ကြယ်တံခွန်ရဲ့ ကိုယ်ထည်တဝိုက်မှာ အစိမ်းရောင်ထု ကို မြင်တွေ့ရပါတယ်။ ယခုလို အစိမ်းရောင်တောက်နေတာကြောင့် အဲဒီကြယ်တံခွန်ကို သာမန် မျက်စိနဲ့တောင် မြင်နိုင်တယ်လို့ နက္ခဗေဒ ပညာရှင်တွေက ပြောကြားပါတယ်။
မှန်ပြောင်းသေးသေးလေးနဲ့ တောင်ကြည့်လို့ရတဲ့ အဲဒီကြယ်တံခွန်ဟာ မှန်ပြောင်းနဲ့ ကြည့်သူတွေ အတွက်တော့ အဖြူရောင် ခပ်ဝါးဝါးပုံစံ မြင်တွေ့ရလိမ့်မယ်လို့ ပညာရှင်တွေက ပြောကြားပါတယ်။ C/2022 E3 (ZTF)လို့ နာမည်ပေးထားတဲ့ အဆိုပါကြယ်တံခွန်ကို ပညာရှင်တွေက ပြီးခဲ့တဲ့ နှစ် မတ်လက အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ လေ့လာရေး စခန်းကနေ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဒီကြယ်တံခွန်ဟာ ကမ္ဘာနဲ့ ဇန်နဝါရီလက မိုင်ပေါင်း ၂၆သန်း အကွာသို့ အနီးကပ်ဆုံး ရောက်ရှိလာခဲ့ပါတယ်။ ဒီကြယ်တံခွန်ကို ကြည့်ချင်တယ်ဆိုရင် ပထမဆုံး ဓူဝံကြယ်ကို လိုက်ရှာပြီး ညာဖက်ဘေးနားမှာ ထူးထူးခြားခြား အရောင်ထွက်နေတဲ့ ကြယ်တံခွန်ကို မြင်တွေ့ရလိမ့်မယ်လို့ ပညာရှင်တွေက ပြောကြားပါတယ်။
ဖေဖော်ဝါရီလ ၂ရက် မနက်ပိုင်း လပျောက်ကွယ်သွားချိန်ဟာ ကြယ်တံခွန်ကို ကြည့်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ပညာရှင်တွေက ပြောကြားပါတယ်။ အစိမ်းရောင်ဖြစ်နေတဲ့ ကြယ်တံခွန်များဟာ အလွန်ရှားပါပြီး ဒီကြယ်တံခွန်ကိုလည်း နောက်ထပ် နှစ်ပေါင်း ၅၀၀၀၀ ကြာမှ ထပ်မြင်ရတော့မှာဖြစ်ပါတယ်။