နတ်ဆရာ၊ သိုက်ဆရာ၊ သိုက်ဆက်၊ နတ်ဆက်တွေ လုပ်စားခွင်ဖြစ်လာတဲ့ ပီလခတ်ဘုရားကျောင်း
အခုတလော ပီလခတ်ဟိန္ဒူဘုရားကျောင်းကို အရမ်းအသွားအလာများလာပြီး တချို့သော မဖြစ်သင့်တဲ့အချက်လေးတွေကိုပါ အကျယ်တပြန့် တွေ့မိပါတယ်။
ဘုရားကျောင်းကို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက အခက်အခဲ၊ ဒုက္ခအပေါင်းမှ ကင်းဝေးဖို့တောင်းဆုပြုကြတာကို တွေ့ရပါတယ်။ တစ်ခုသိဖို့က ဘုရားကျောင်း ၂ ခုဟာ မူနီ(စ်)၀ရရ်ဘုရားမြတ်နှင့် အန်ဂါလဲအီ(စ်)၀ရီမယ်တော်မြတ်တို့၏ ဘုရားကျောင်းများဖြစ်ကြပါတယ်။
သားတော်ကျောင်းနှင့် မယ်တော်ကျောင်းလုံး၀မဟုတ်ပါ။ ဘုရားမြတ်နှင့် မယ်တော်မြတ်ဟာ ကြင်ရာတော်တွေဖြစ်ကြပါတယ်။ နတ်လည်း လုံး၀မဟုတ်ပါ။ ဘိုးတော်လည်းမဟုတ်ပါ။ ထပ်မံအသိပေးလိုတာတော့ ဟိန္ဒူဘာသာမှာ ထီးထိုးခြင်း၊ ချဲထိုးခြင်းစသော လောင်းကစားများကို လုံး၀လက်မခံသလို မကောင်းမှုလို့သာ သတ်မှတ်ပါတယ်။
အထူးသဖြင့် မဟာဘရသ်ကျမ်းကိုကြည့်မယ်ဆို အလောင်းကစားတစ်ခုဟာ ဘယ်လောက်ထိ ပျက်စီးခြင်းကို ဖြစ်ပေါ်စေသလဲဆိုတာကို သေချာဆုံးမထားပါတယ်။ ဘုရားကျောင်းရောက်ပြီဆိုရင် ဘုရားဆီမှာ အုန်းပွဲကပ်ရုံထက် ယုံကြည်မှုနှင့်ဆုတောင်းဖို့လိုပါတယ်။
ယုံကြည်မှု၊ မှန်ကန်မှု နှင့် နှိမ့်ချမှုတို့ရှိမှသာ ထိုဆုတောင်းတွေက ပြည့်မှာပါ။ ဘုရားတွေကို ကပ်တဲ့ အုန်းပွဲတစ်ပွဲဟာ ဘာတန်ကြေးမှမရှိပါဘူး။ ဘုရားရှင်လက်ခံတာဟာ သူ့သားသမီးတွေက တမြတ်တနိုးနဲ့ လာတောင်းဆိုရင်းရှိလာတဲ့ ယုံကြည်မှုဖြစ်ပါတယ်။
ဘဂ၀ဒ်ဂီသာ အခန်း ၉ ပါဒ ၂၆ တွင်လည်း “အကြင်သူတစ်ဦးသည် ငါဘုရားမြတ်အား သစ်ရွက်တစ်ရွက် ၊ ပန်းတစ်ပွင့် ၊ သစ်သီးတစ်လုံး (ဝါ) ၊ သောက်တော်ရေတို့ကို မေတ္တာဖြင့် ယုံကြည်မြတ်နိုးစွာ ကပ်လှူဆက်ကပ်ခဲ့သော် ငါသည် လက်ခံ ဘုဉ်းပေးတော်မူမည်” ဟုဖော်ပြပြီးသားပါ။
အုန်းပွဲပေးတိုင်းလည်း တောင်းတဲ့ဆုတွေဟာ ပြည့်မလာနိုင်ပါဘူး။ တိုက်ဆိုင်မှုနှင့် မိမိစိုက်ထုတ်တဲ့ခွန်အားကြောင့်သာဖြစ်ပါလိမ့်မယ်။ အခုကျ အုန်းပွဲအကြောင်းပြုပြီး နတ်ဆရာ၊ သိုက်ဆရာတွေ လုပ်စားနေကြတာကို တွေ့ရပါတယ်။
ဘုရားကို ဘုရားဆိုပြီး ယုံကြည်မှုလည်း မရှိ၊ နှံ့စပ်သောအသိလည်းမရှိဘဲ လုပ်စား၊ လိမ်စားနေကြတာဟာ အလွန်စိတ်ပျက်စရာပါ။ မယ်တော်နဲ့ အဆက်ရှိတယ် စတဲ့စကားတွေပါ ကြားလာရတယ်။ ဒါတွေဟာ အလွန်အင်မတန် ယုတ္တိမရှိတဲ့စကားတွေလို့ပါ သုံးသပ်လိုပါတယ်။
ထို့အတွက် ဘုရားကျောင်းသို့ သွားရောက်ပြီဆိုလျှင် အုန်းပွဲထက် ပြည့်၀သောယုံကြည်မှုဟာ အဓိကပါ။ သူများအသက်ကိုအန္တရာယ်မဖြစ်စေရုံသာမက မကောင်းမှုများကို ဖယ်ရှောင်ပြီး တရားမျှတစွာ ဓမ္မနှင့်အညီ တောင်းဆုပြုကြပါလို့သာ မေတ္တာရပ်ခံလိုပါတယ်။ (HRK)