တနေ့လုံး တောင်းစားကာမှ ၈၀၀၀ ပဲရတဲ့ အသက် ၉၀ ကျော် အဖိုးနဲ့ အဖွား နှစ်ယောက်
ဒီကနေ့ မနက် ၁၀နာရီဝန်းကျင်လောက် သမိုင်းဂုံတံတားအောက် ဗဟိုလမ်းကွေ့လေးမှာ ဒီအဖိုးနဲ့အဖွားအထုတ်အပိုးတွေနဲ့ ကျမတို့ကားကို တားစီးပါတယ်။ ကိုယ့်မိသားစုလေးယောက်ပေမဲ့ အဖိုးနဲ့ အဖွားကိုသနားလို့ ကားရပ်ပေးပြီး ဘယ်သွားမလဲ မေးတော့ အင်းစိန်မီတာရုံးထဲကို ပို့ပေးပါတဲ့။
ကိုယ်လည်းသိချင်တာနဲ့ နည်းနည်းလောက်မေးမြန်းကြည့်တော့ အဘတို့က အလှူခံပြီးပြန်လာတာ ရှက်လည်းမရှက်ပါဘူးတဲ့။ သားသမီးတွေမရှိတော့ဘူး။ အဘိုး အဖွားဘက်က ညီကိုမောင်နှမတွေလည်း မရှိကြတော့ဘူး။
အဖိုးအသက်က ၉၃နှစ်၊ အဖွားအသက်က ၉၂နှစ်ပါ။ အသက်ကြီးနေကြပေမဲ့ သားသမီးကျောထောက် နောက်ခံ မရှိတော့ အလှူခံပြီးစားနေရတယ်။ တူမက နေစရာပေးထားတဲ့အတွက် နေစရာပူစရာမလိုပေမဲ့ ခုချိန်ထိရှာဖွေစားနေတဲ့အဖိုးနဲ့အဖွားအတွက်စိတ်မကောင်းဖြစ်မိလို့ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ခွင့်ပြုပါလို့ခွင့်တောင်းပြီး ဗီဒီယို ရိုက်ခဲ့ပြီး ပြန်လည်မျှဝေပေးတာပါ။
တနေ့ ဘယ်လောက်အလှူငွေရလည်းလို့ မေးကြည့်တာ ရှစ်ထောင်ရတယ်။ ကားခ လေးထောင်ဖယ်ပြီး အဖိုးနှစ်ထောင် အဖွားနှစ်ထောင်ယူတယ်။ ထမင်းဗူးလည်း လှူတဲ့သူရှိတယ်တဲ့။ အဖွားလည်း သနပ်ခါးလေး အဖွေးသားနဲ့ ချစ်စရာကောင်းတယ်။
ကားပေါ်က ဆင်းတော့ ကားခနှစ်ထောင်ပေးရှာတယ်။ မယူပါဘူး။ အဖွားတို့ကို သက်သက် ပို့ပေးတာပါလို့ပြောတော့ ယူပါ သမီးရယ်၊ ဆီဖိုးလေးရတာပေါ့တဲ့ အတင်းပေးရှာတယ်။ မယူရက်ပါဘူး အဖွားလို့၊ ကိုယ့်မိသားစုကလည်း ပိုက်ဆံက အပိုမပါ။ လဘက်ရည်သောက်ဘို့ ထွက်လာတာ မလှူလိုက်ရလို့တောင် စိတ်မကောင်းဖြစ်မိတာ အဖွားနဲ့ အဖိုး စားစရာသောက်စရာဆေးဝါးလေး လှူဒါန်းချင်ရင် အင်းစိန်မီတာရုံးမှာစုံစမ်းလို့ ရမယ်လို့ ထင်တယ်။ (သီတာ)