တရုတ်ဝယ်လက် မရှိတဲ့ ဖရဲ၊ တောင်သူတွေ ကျတဲ့ မျက်ရည်နဲ့ ပေါက်ဖော်တို့ရဲ့ ဈေးဝယ်ခြင်းဗျူဟာ

တရုတ်ပြည် ရွှေလီ – ဝမ်တိန်တွင် လော့ဒေါင်း မကြာခဏချထားမှုကြောင့် ဂိတ်ပုံမှန်ဖွင့်လှစ်မှု မရှိခြင်း၊ တရုတ်ပြည်ဘက်မှ ဝယ်လက်များ မရှိသဖြင့် သျှမ်းပြည်ထွက် ဖရဲသီး စိုက်ပျိုးသူများ အရှုံးပေါ်နေကြောင်း စုံစမ်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ကိုဗစ် ကူးစက်နှုန်း ပြန်လည်မြင့်တက်လာပြီး လော့ဒေါင်းကို မကြာခဏ ချထားခြင်းကြောင့် တရုတ်ပြည်ဘက်မှ ဝယ်လက်များ မရှိသဖြင့် ဖရဲသီးများကို ၁ တန်လျှင် တရုတ်ယွမ်ငွေ ၁,၆၀၀ (မြန်မာငွေ ကာလပေါက်စျေး ၄၆၀,၀၀၀ ကျော်) ပေးကာ ဝယ်ယူနေကြောင်း သီပေါမြို့ဒေသခံတဦိးက ပြောပါတယ်။

ယခင်က ဖရဲသီးကို ၁ တန်လျှင် တရုတ်ယွမ်ငွေ ၃,၉၀၀(မြန်မာ ငွေကာလပေါက်စျေး ၁၁သိန်းကျော်) ထိရှိသော်လည်း လက်ရှိတွင် တရုတ်ပြည်ဘက်မှ ကိုဗစ်ကို တင်းကြပ်ထားသဖြင့် ဝယ်လက်များမရှိကာ ဖရဲသီးဈေးနှုန်း ကျဆင်းနေတယ်လို့ သိရပါတယ်။

ထို့အပြင် တရုတ်နယ်စပ် မူဆယ်၊ နမ့်ခမ်း နှင့် ဖရဲသီးစိုက်ပျိုးဒေသ ဖြစ်သည့် သီပေါ၊ ကျောက်မဲ စသည့်ဖြင့် တောင်သူများသည် ပြင်ပမှ ကုမ္ပဏီများ ဝင်ရောက်ဝယ်ယူခြင်း မရှိတော့သဖြင့် လက်ရှိ ခြံအတွင်းရှိ ဖရဲသီးများ ပျက်စီးမည်ကို စိုးရိမ်နေတယ်လို့လည်း ဒေသခံ တောင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာ ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု၊ စယ်ဆိုင်ကျေးရွာအုပ်စုရှိ ဒေသခံများ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တရုတ်အစိုးရ ကျန်းမာရေးဌာနမှ ကိုဗစ် လာရောက် စစ်ဆေးပေးခြင်းကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် အကြိမ်ကြိမ် ဆုံးရှုံးခဲ့ရတဲ့ ဖရဲစိုက် တောင်သူတွေအနေနဲ့ လက်ရှိအချိန်မှာလည်း မျက်ရည်ကျရဦးမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page