ကျောင်းတွေမှာ အခြေခံစစ်ပညာ မသင်မနေရ သင်ရမည်ဟု စကစ အမိန့်ထုတ်
စကစဟာ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်းသားများကို စစ်ပညာအခြေခံများသင်ကြားပေးရန် လမ်းညွှန်ထားသည်ဟု ရန်ကုန်တိုင်းအတွင်းရှိ နန်းစီဒီအမ် ဆရာတစ်ဦးက ပြောပါတယ်။
“ခေါင်းစဉ်ကတော့ ကာယဆိုတာမျိုးပါ။ သင်ပေးရတာ ဘယ်ညာ၊ ဘယ်ညာ ဆိုတာမျိုးကအစ ၊ စစ်ပညာအခြေခံမျိုးပဲ။ အခြားဒေသတွေအတွက်မသိပေမဲ့ ရန်ကုန်တိုင်းက ကျောင်းတွေအကုန် ညွှန်ကြားထားတယ်လို့သိထားပါတယ်” လို့ ပြောပါတယ်။
သတိအနေအထားတန်းစီရသည်မှ အစပြု၍ လက်သီးဆုပ်ကာ ဘယ်ညာ၊ ဘယ်ညာရွတ်ဆိုပြီး အပြေးလေးကျင့်သည့် စစ်ပညာအခြေခံသင်ခန်းစာများကို ၇ တန်းမှ ၉ တန်းအထိ ကျောင်းသား၊ ကျောင်းသူများအတွက် စကစက သင်ကြားပေးနေခြင်းဖြစ်ပါတယ်။
ယင်း သင်ခန်းစာများကို ဇန်နဝါရီလ တတိယအပတ်မှ စတင်ကာ သင်ကြားပေးရခြင်းဖြစ်သည်ဟု နန်းစီဒီအမ် ဆရာတစ်ဦးက ပြောပါတယ်။ “ဘင်ခရာတီးဝိုင်းတွေမှာ ပါဝင်နိုင် ဖို့ ပြင်ဆင်ခိုင်းတာလို့လည်း ပြောကြတယ်။ တကယ်တော့ မဆိုင်ပါဘူး” လို့ ပြောပါတယ်။
ကျောင်းသားမိဘအချို့ကမူ အဆိုပါသင်ခန်းစာနှင့်ပတ်သက်၍ အသေးစိတ်နားလည်ခြင်းမရှိကြောင်း ပြောပါတယ်။ “ကျောင်းမှာ ဆရာအင်အားမရှိတော့ စာလည်းမသင်နိုင်မယ့်အတူတူ တစ်ခုခုသင်တာမျိုးလို့ပဲထင်ပါတယ်” ဟု ရန်ကုန်တိုင်း ဆင်ခြေဖုံးရပ်ကွက်၌ နေထိုင်သည့် ကျောင်းသားမိခင်တစ်ဦးကဆိုပါတယ်။
လက်ရှိအချိန်တွင် စကစ လက်အောက်ရှိ ကျောင်းများမှာ ကျောင်းသား အရေအတွက် အနည်းငယ် တိုးလာပေမယ့်လည်း သင်ကြားမယ့် ဆရာတွေ အလုံအလောက် မရှိသေးဘူးလို့ သိရပါတယ်။
စကစ ကျောင်းတွေအနေနဲ့ မအောင်မရှိ စနစ်နဲ့ အတန်းတွေ အလျင်အမြန်တင်ပေးလျက် ရှိပြီး ယခုလို ကျောင်းသင်ခန်းစာနဲ့ မသက်ဆိုင်တဲ့ သင်တန်းမျိုးတွေကလည်း ကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားပေးလျက် ရှိတယ်လို့ သိရပါတယ်။