ပုပ္ပားတောင်ကြီးရဲ့ ချော်ရည်များ ထွက်ရာ မီးတောင်ထိပ်ဝ ရှားရှားပါးပါး မြင်ကွင်းများနဲ့ သမိုင်းကြောင်း
ပုပ္ပါးမီးတောင်ဟောင်းကြီးမှ ချော်ရည်များပွင့်ထွက်ခဲ့ရာ မီးတောင်ထိပ်ဝအကျယ် (၁)မိုင်ခွဲခန့် ရှိပြီး အနက်ပေ (၃၀၀၀) ခန့် နက်ရှိူင်းနေသည့် မီးတောင်ထိပ်ဝသို့ ရောက်ခဲ့သောမှတ်တမ်း (Saya Ko Kyaw Lwin)
ပုပ္ပါးတောင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်တွင် ထီးထီး တည်ရှိနေသည်။ ယင်းတောင်တန်းသည် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၂မိနစ်၊အရှေ့ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၄မိနစ် တွင်တည်ရှိသည်။
ပုပ္ပါးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ မြင့်သည်။ ပုပ္ပါးတောင်၏ မီးတောင်ကတော့ဝမှာ တောင်၏ မြောက်ဘက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ် ယွန်းလျက် နိမ့်၍ တောင်ဘက်၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည်။
ပုပ္ပါးတောင်ကို အနောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်နှစ်ခု မြင်ရ၍ မြောက်ဘက်မှ ကြည့်လျှင် တောင်ထွတ် တစ်ခုသာ မြင်ရသည်။ ပုပ္ပါးတောင်သည် တောင်ထွတ် တစ်ခုတည်းသာ ရှိသည် မဟုတ်ပဲ စပါးပုံတောင်၊ ရေတွင်းတောင်၊ မောင်းတောင်ငုတ်တိုတောင်၊ လပို့တောင်၊ မှန်တောင်၊ ဆေးပွင့်တောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်စွယ်များစွာ ရှိလေသည်။
မီးတောင် ထိပ်ဝသည် တစ်မိုင်ခွဲခန့် ကျယ်၍ ပေ ၂၀ဝ၀၊ ၃၀ဝ၀ ခန့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး ဖြစ်သည်။ ယင်းချောက်ကြီးကို ချုံမတွင်း ချောက်ဟု ခေါ်သည်။ ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပါးတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရသည်။ မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။
ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူ၍ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ်ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြ ထားခဲ့သည်။
ဘူမိပညာရှင်တို့အဆိုနှင့် နှစ်ပရိစ္ဆေဒ များစွာ ကွာခြားလှသော်လည်း ပုပ္ပားတောင်ပေါ်ပေါက်လာပုံ သဘောသဘာဝကား အသိခြင်း တူညီကြသည်ဟု ဆိုနိုင်သည်။ ရှေးမြန်မာနိုင်ငံ အလယ်ပိုင်းသားတို့ ပုပ္ပားတောင်ကို သမိုင်းမတင်မီ ပဝေသနီကာလကတည်းကပင် စိတ်ဝင်စားခဲ့ ကြကြောင်း ခန့်မှန်းရမိပေသည်။
ပုပ္ပားတောင်သည် ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (Anyathian Culture) ထွန်းကားခဲ့ရာ ချောက်၊ ရေနံချောင်းတို့နှင့် ရေမြေ တဆက်တစပ်တည်း ရှိသောကြောင့် ထိုအချိန်ကာလက တည်းကပင် ကျောက်ခေတ် လူသားတို့ နေထိုင်ရာအရပ် ဖြစ်နေ ကောင်းလောက်ပြီ ယုံကြည်ရသည်။
ကျောက်လက်နက်များလည်း ထိုနယ် အနှံ့မှ တွေ့ရှိရဖူးသောကြောင့် ဤအတွေး ဤအယူအဆ မှန်နိုင်ကောင်းမည် ထင်ပါသည်။ အမေရိကန်ပညာရှင် မိုးဗီးယပ်စ် (Movius) က ပုပ္ပါးနယ်တွင် ကျောက်ခေတ်သစ်လူနေ ရှိနေကြောင်း ကိုကား အခိုင်အမာဆိုခဲ့သည်။