စင်ကာပူမှာ သက်ကြီးရွယ်အိုတွေ စားပွဲထိုးနေရတဲ့ နောက်ကွယ်က ဝမ်းနည်းဖွယ်ရာ အကြောင်းရင်း

စင်္ကာပူမှာ ဘယ်ဆိုင်သွားသွား မြင်ရမှာကတော့ ပန်းကန်လိုက်သိမ်းနေတဲ့ သက်ကြီးအလုပ်သမားတွေပါ။ အစတုန်းကတော့ အရမ်းအားနာပြီး သူတို့ကိုယ်စားပြီးသား ပန်းကန်ကို လာသိမ်းရင် မနေတတ်ဘူး သနားလည်း သနားတယ်။

ခုတော့နေတတ်သွားပြီ။ အိုတာမှ လုပ်နိုင်ကိုင်နိုင် ပင်စင်အရွယ် အိုတာမျိုးတောင်မဟုတ်။ တကယ့်ကို လမ်းတောင်မလျှောက်နိုင် ကျောကုန်းပြီး အိုတာမျိုးပါ။ အသက်က မရှိရင် ၇၀ကျော်အနည်းဆုံးနဲ့ ပုံမှန် ၈၀ ကျော်အရွယ်တွေ များပါတယ်။

ဆိုင်တဆိုင်မှာ ပန်းကန်ပတ်သိမ်းရတာ ပင်ပန်းတယ် မပင်ပန်းဘူးဆိုတာကို ကျောင်းတက်တုန်း စားပွဲထိုး လုပ်ဖူးတဲ့ ကိုယ်ကိုယ်တိုင် နားလည်စာနာပါတယ်။ အသက် ၂၀ အရွယ် တပတ်လေးရက်လုပ်တာတောင် ခြေထောက်နာလွန်းလို့ ညညဆို မျက်ရည်တွေတွေကျပြီး လုပ်ခဲ့ရတာပါ။ သူတို့ခမျာ အိုကြီးအိုမနဲ့ တပတ်ခြောက်ရက် လုပ်ရတာ။ တချို့ဆို ခါးကုန်းနေတာ ၉၀ ဒီဂရီဖြစ်နေပြီ။ ကိုယ့်အဖွားသာဆိုရင်ဆိုတဲ့အတွေးနဲ့ ရင်တော်တော်ကွဲပါတယ်။

သတိထားမိတာတခုက အဘိုးကြီးအဘွားကြီး တော်တော်များများက တရုတ်တွေပါ။ မလေး အင်ဒီးယန်းတွေ့ရခဲပါတယ်။ အသိစလုံး တရုတ်မတယောက်ဆိုရင် အက်ဒမင်လုပ်ပါတယ်။ ယောက်ျားကလည်း ဝင်ငွေကောင်းတယ်။ ကလေး၂ ယောက်နဲ့ အိမ်စရိတ်မလောက်လို့ဆိုပြီး သူ့အမေဆီက အိမ်လခ တလ ၃၀၀ ကောက်ပါတယ်။

ဒီတော့ အဖွားကြီးခမျာ ဝင်ငွေမရှိတော့ စားသောက်ဆိုင်မှာ ပန်းကန်ဝင်သိမ်းတယ်။ အဲဒါကျတော့လည်း သူတို့ကို သိက္ခာချတယ်ဆိုပြီး စိတ်ဆိုးတယ်။ နောက်ဆုံးလူမြင်ကွင်း မထွက်ပါဘူး ဆိုင်ထဲမှာပဲ ပန်းကန်ဆေးပါ့မယ်ဆိုမှ သဘောပဲဆိုပြီးပေးလုပ်ပါတယ်။ သမီးက ဘဏ်မန်နေဂျာ အမေကပန်းကန်ဆေး စတဲ့အဖြစ်တွေ အများကြီးပါ။

ပိုက်ဆံချမ်းသာတဲ့ မိသားစုတွေတောင် အသက်ကြီးလာတာနဲ့ အပင်ပန်းခံ အလုပ်ရှုပ်ခံ မပြုစုပါဘူး။ Home လို့ခေါ်တဲ့ လူအိုရုံတွေ ကိုတန်းပို့လိုက်တာပါ။ တပတ်တခါ မိသားစု သွားလည်ကြတယ်။ အဲဒီလူအိုရုံက ဝန်ထမ်းတွေက နှိပ်စက်တဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ ဘယ်လောက်ထိများ မိဘကို မသိတတ်ကြလဲဆိုရင် အစိုးရကတောင် ဥပဒေထုတ်တားမြစ်ဖို့အထိ လွှတ်တော်မှာ အခြေအတင်ဆွေးနွေးနေကြပါတယ်။ တီဗွီမှာ ကြော်ငြာလေးတွေ ဇာတ်လမ်းတိုလေးတွေထည့်ပြီး မိဘကိုပြုစုစောင့်ရှောက်သင့်ကြောင်းပညာပေးတွေ လုပ်နေရပါတယ်။

သားသမီး အိမ်ထောင်ကျပြီးလို့ အိမ်ခွဲဆင်းတာနဲ့ အဘိုးကြီး အဘွားကြီး တယောက်ကို တယောက် အားကိုးပြီးနေရတာပါပဲ။ တယောက်များ တိမ်းပါးသွားရင် တအိမ်လုံးမှာ တယောက် ကိုယ့်ထမင်း ကိုယ်ရှာစားပြီး ကိုယ့်အသက်ကိုယ်မွေးရပါတယ်။ တစ်သျှုးလေးရောင်းလိုက် စားပွဲလေးသိမ်းလိုက် ပလပ်စတစ်ကောက်လိုက် အလုပ်ကလေးတွေ လိုက်လုပ်ရတယ်။

အစိုးရ က စုပေးထားတဲ့ ပင်စင်က စားလောက်ရုံပဲ ရှိတယ်။ တချို့မိဘတွေမှာ သားသမီးကို တက္ကသိုလ်ထား အိမ်ဝယ်ပေး စတာတွေနဲ့ တင် စု ငွေတွေ သိပ်မကျန်ကြတော့ဘူး။ တခုရှိတာက တချို့ မိဘတွေကလည်း သားသမီးတွေနဲ့ မနေချင်။ ကိုယ့်ဘာကိုယ်နေချင်ကြတယ်။ တချို့ တွေက ၃ခန်းတွဲ အိမ်ပိုင်ရှိပြီးတော့ ရထားဂိတ်မှာ တစ်သျှုးရောင်းကြပြန်တယ်။ အဲလိုမိဘတွေကို မကြည့်ပဲထားပေမဲ့ မိဘတွေကလည်း သိပ်စိတ်ဆိုးတာမျိုးမရှိကြဘူး သဘာဝပဲ လို့ သဘောထားကြတယ်။ ကိုယ်တွေနဲ့ ယှဉ်ကြည့်ရင် အမြင်ချင်းများကွာသွားလို့လား။

ဘာပဲပြောပြော မိဘကိုပြုစုစောင့်ရှောက်တဲ့ ဓလေ့ကိုပဲ အားပေးပါတယ်။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုရှိပေမဲ့ တက်လာတဲ့ ကုန်စျေးနှုန်းတွေ မြင့်လာတဲ့လူနေမှုစရိတ်တွေ ကို ကာမိဖို့ ကိုယ့်မိဘကို စတေးရမယ်ဆိုတာ မဖြစ်သင့်ပါ။ မိဘတွေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ သားသမီးအနေနဲ့ မိဘကို ခြေဆုပ်လက်နယ်ပြုစုနိုင်ရပါမယ်။ ဆင်းရဲလို့ မိခင်အိုကြီး ထွက်ပြီးတောင်းစားတာကြည့်နေရတယ်ထား အိမ်ပြန်ရောက်ရင်တော့ အိမ်ဦးခန်းမှာ ထမင်းခူးခပ်ကျွေးတဲ့ လူတွေ ရှိပါတယ်။ လူအိုတွေ အလုပ်ထွက်လုပ်ရပါလေ့စေ၊ ကိုယ့်ကိုအိမ်မှာမျှော်နေတဲ့မြီးလေးရှိရင် သူ့ အိမ်အပြန်မှာ သူပျော်မှာပါ။

စင်ကာပူကိုပြောလို့ မြန်မာနိုင်ငံမှာ လူဖြစ်ရကျိုးနပ်တယ် အပြောမစောပါနဲ့အုံး။ ဘေးပတ်ဝန်းကျင်မှာ ခုထိ စျေးတောင်းခေါင်းရွက် ရောင်းနေရတုန်း တောင်းနေရတုန်း သက်ကြီးရွယ်အိုတွေ အများကြီးမှာ အိမ်မှာ ပိုက်ဆံရှိပေမဲ့ အသက်ကြီးလို့ ဘေးဖယ်ခံရတဲ့ လူအိုတွေအများကြီးပါ။ တတ်နိုင်သလောက်သူတို့ ရောင်းတာလေးတွေ ဝယ်ပေးပါ။ တောင်းရင်ထည့်ပေးပါ။ လိမ်တာမလိမ်တာ ပြသနာမဟုတ်ပါဘူး။

သက်ကြီးရွယ်အိုများရဲ့ အဓိက သက်ရှည်ဆေးက မိသားစုနွေးထွေးမှုပါ။ မိမိ အဖိုးအဖွားတွေကို စကားစမြည်ပြောပါ။ သူတို့ပေးတဲ့အကြံတွေ လက်တွေ့ကျချင်မှ ကျပါလိမ့်မယ် အသုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။ ဒါပေမဲ့ အဖွားက ဘာသိလို့လဲ ဘာညာပြောတာထက် နားထောင်ပေးလိုက်ပါ။

သက်ကြီးရွယ်အိုတွေ စကားများတာ သူတို့အပြစ်မဟုတ်ပါ။ ဒီလောက် ဘဝမှာ အနှစ် ၇၀ ကျော်နေလာတာ ဒီလောက်တော့ ပြောစရာတွေ များလိမ့်မပေါ့။ ဆင်းရဲတဲ့အမယ်အိုမှ သနားစရာကောင်းတာမဟုတ် ထမင်းမငတ်ပေမဲ့ နွေးထွေးမှုငတ်နေတဲ့ လူအိုတွေ အများကြီး ရှိပါကြောင်း။ (Ko Htwe)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page