ဂျွမ်းပြန်ကျသွားတဲ့ ဂျွန်းနဲ့ ခြေရာဖျောက် ဝက်ဝံလေး (မြန်မာတို့ရဲ့ အသိဉာဏ်ကို စမ်းသပ်ခြင်း)

ယနေ့မနက်မှာပဲ ကြားရတဲ့ သတင်းတွေကတော့ ခိုအားလား လို့ ခေါ်ကြတဲ့ အွန်လိုင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခုက ငွေသိန်းသောင်းချီ လိမ်သွားပြီဆိုတဲ့ သတင်းပါပဲ။ အကျိုးအမြတ် ရချင်လို့ အရင်းအနှီးထည့်ထားတဲ့ သူတွေအတွက် ဝမ်းနည်းစရာ မနက်ခင်း တခု ဖြစ်သွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း ဂျွန်းလို့ ခေါ်ကြတဲ့ ဝက်ဘ်ဆိုက် တခုလည်း သိန်းသောင်းချီ ပမာဏကို လိမ်လည်ပြီး နိဂုံးချုပ်သွားခဲ့ပါသေးတယ်။

အဆိုပါ လူလိမ်အဖွဲ့တွေဟာ အွန်လိုင်းမှာ ဈေးပေါပေါနဲ့ ဝယ်လို့ရတဲ့ ဝက်ဘ်ဆိုက်တွေကို ဝယ်ယူပြီး ကမ္ဘာကျော် ကုမ္ပဏီအယောင်ဆောင်ထားတာ ဖြစ်ပါတယ်။ အွန်လိုင်းနဲ့ မနီးစပ်တဲ့သူတွေကို မက်လုံးပေး ဆွယ်တရားဟောပြီး အလိမ်ခံရတဲ့သူတွေရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကိုပါ ဆက်လိမ်ခဲ့တာပဲ ဖြစ်ပါတယ်။

အများဆုံး အလိမ်ခံရတာက လက်ထဲမှာ ပိုက်ဆံ အနည်းငယ်ရှိပြီး ဘာအလုပ်လုပ်လို့ လုပ်ရမှန်း မသိတဲ့ လူလတ်တန်းစား အိမ်ရှင်မတွေပဲ ဖြစ်ပါတယ်။ ရှိတဲ့ပိုက်ဆံကို ရင်းနှီးမြှုပ်နှံချင်တယ်၊ အိုးမကွာ အိမ်မကွာဘဲ လုပ်လို့ ရတယ်၊ အမြတ်လည်း ပုံမှန်ရတယ်ဆိုတဲ့ ဆွယ်တရားတွေကြောင့် လူအများအပြားက ငွေထည့်ခဲ့ကြပြီး လူလိမ်တွေက လိုချင်တဲ့ ပမာဏ ရောက်တဲ့ အချိန်မှာ ငွေတွေ လိမ်ပြေးသွားတာလည်း ဖြစ်ပါတယ်။

အဲဒီလို ငွေထည့်၊ လူခေါ်ပြီး ကလစ်နှိပ်၊ ပို့စ်တင်၊ အရောင်းအဝယ်လုပ်၊ ဂိမ်းဆော့ပေးရတဲ့ အတုအယောင် ဝက်ဘ်ဆိုက်တွေ ဆယ်နဲ့ ချီပြီး မြန်မာပြည်ထဲမှာ ရှိကြပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ မိတ်ဆွေ အချင်းချင်း ကူညီစောင့်ရှောက်တတ်တဲ့ စိတ်စေတနာကို ကောင်းကောင်း အသုံးချသွားတာပဲ ဖြစ်ပါတယ်။

ယခင်က မာလ်တီလယ်ဗယ်မားကတ်တင်းမှာ လူသုံးကုန်ပစ္စည်းတွေ၊ ကုမ္ပဏီအမှန်အကန်တွေနဲ့ အမြတ်ကြီးစားခဲ့ပေမယ့် ယခုခေတ်မှာတော့ အကောင်အထည် မရှိဘဲ လေထဲက မက်လုံး၊ လေထဲက အပြောတွေနဲ့ပဲ မိမိမှာ တကယ်ရှိတဲ့ ပိုက်ဆံတွေ ပါသွားတာ အလွန် ဝမ်းနည်းဖို့ ကောင်းပါတယ်။

ကိုဇင်ဇေလွင်တို့လို့ တတ်သိနားလည်တဲ့သူတွေက အမှန်တွေကို ဘယ်လောက်ပဲ တရားဟောပါစေ။ လောဘကို အရင်းခံနေကျတဲ့ လူတစုကတော့ အမှန်ကို မမြင်ခဲ့ကြပါဘူး။ မြန်မာပြည်မှာ အွန်လိုင်းအသုံးပြုမှု တွင်ကျယ်လာမှုနဲ့အတူ ရောပြီးပါလာတဲ့ ဒီလို လိမ်လည်ခြင်းမျိုးကို အသိပညာပေးတဲ့ အစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးစနစ် ပျက်စီးမှုကြောင့် ပြည်သူတွေ ဝင်ငွေလျော့နည်းနေချိန်မှာ ရေနစ်သူ ဝါးကူထိုးသလို ဖြစ်ခဲ့တဲ့ ဒီလို အဖြစ်အပျက်တွေကြောင့် မြန်မာပြည်သူတွေ အသိတရား ရလောက် ပါပြီ။ ရလည်း ရသွားပြီလို့ ထင်ပါတယ်။ ဘာပဲ ပြောပြော ဒီနေ့ မနက်ကတော့ လေထဲက ပိုက်ဆံကို မက်တဲ့သူတွေအတွက် ရင်ကွဲပက်လက် မနက်ခင်းတခုပဲ ဖြစ်နေပါတော့တယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page