ကတ္တီပါလမ်းခွဲ မဟုတ်ဘဲ သံမဏိလမ်းခွဲ ဖြစ်သွားတဲ့ ရော်နယ်ဒိုနဲ့ မန်ချက်စတာ ယူနိုက်တက်

ဘောလုံးဂန္ထဝင်တဦး ဖြစ်တဲ့ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာတော့မယ်လို့ ကလပ်အသင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

”ခရစ်စတီယာနို ရော်နယ်ဒိုသည် နှစ်ဖက်သဘောတူညီမှုဖြင့် မန်ချက်စတာယူနိုက်တက်မှ ချက်ချင်းထွက်ခွာမှာ ဖြစ်တယ်”လို့ ကလပ်အသင်းက ထုတ်ပြန်လိုက်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ နှစ်ကျော့ ကစားခဲ့ပြီး ၃၄၆ ပွဲ ကစားကာ ၁၄၅ ဂိုး သွင်းခဲ့တဲ့တာကြောင့် ကျေးဇူးတင်ကြောင်းနဲ့ ရော်နယ်ဒိုရဲ့ မိသားစုအနာဂတ်အတွက် ဆုမွန်ကောင်း တောင်းကြောင်း ပါရှိခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်မှာ ရှိတဲ့လူတိုင်းက နည်းပြ အဲရစ်တန်ဟက်လက်ထက်မှာ အသင်းတိုးတက်ဖို့ အာရုံစိုက်နေပြီး ကွင်းထဲမှာ အောင်မြင်မှုတွေရရှိဖို့ အတူတကွလုပ်ဆောင်နေပါတယ်။” လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“မန်ချက်စတာယူနိုက်တက်နဲ့ စကားပြောဆိုမှုအပြီးမှာ ကျွန်တော်တို့ စာချုပ်ကို စောစောစီးစီးအဆုံးသတ်ဖို့ နှစ်ဦးနှစ်ဖက်သဘောတူထားပါတယ်။ ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ချစ်ပြီး ပရိသတ်တွေကို ချစ်ပါတယ်၊ ဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါပေမယ့် စိန်ခေါ်မှုအသစ်တွေကို ရှာဖို့ ကျွန်တော့်အတွက် အချိန်မှန်လို့ ထင်ပါတယ်။ လက်ကျန်ရာသီနဲ့ အနာဂတ်အတွက် အသင်းအတွက် အောင်မြင်မှုတိုင်းကို ကျွန်တော်ဆုတောင်းပါတယ်။” လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ နည်းပြ တန်ဟက်ကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အင်တာဗျူးရဲ့ အကျိုးဆက်အနေနဲ့ ယခုလို အသင်းနဲ့ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။ ဘောလုံး ဂန္ထဝင်တဦးအနေနဲ့ ကစားသမားဘဝ အဆုံးသတ်ကာနီး အချိန်မှာ ရှေ့ဆက်ပြီး ဘယ်လို ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page