ရန်ကုန်သားတွေ လုံးဝ နားမလည်နိုင်တဲ့ မန္တလေး ထမင်းပေါင်းနဲ့ ထပ်တရာ အကြောင်း

တကြောင်းစွဲ စွဲတဲ့အထဲ ထိပ်ဆုံးက ဘယ်သူတွေလဲပြပါဆို ရန်ကုန်သားတွေပဲ။ ကျော်တို့ဆို ဆိုင်မှာ ထမင်းပေါင်းစားချင်ရင် ရန်ကုန်ပေါင်းလား၊ မန္တလေးပေါင်းလားမေးလိုက်တာပဲ၊ ရန်ကုန်သားတွေက မရဘူး၊

မန္တလေး ထမင်းပေါင်းနဲ့ ထမင်းသုတ် မတူပါဘူးဆိုပြီး လုပ်ပုံလုပ်နည်းနဲ့ ရှင်းပြလည်း အတူတူပဲ မှတ်တာ။ တုံးတာလည်း မဟုတ်၊ ညံ့တာလည်း မဟုတ်။ ထမင်းပေါင်းဆိုရင် ရန်ကုန်တမျိုးပဲလို့ ဇွတ်ခံယူချင်တဲ့ အတ္တ။ ဟော၊ ပလာတာနဲ့ ထပ်တရာ ရိုက်ပုံ၊ ကြော်ပုံ မတူပါဘူးဆိုလည်း မရဘူး၊ ထပ်တရာ ဆိုတာ မရှိဘူး။ သကြားပလာတာပဲတဲ့။

သကြားဆိုတာ ကြံပင်က လုပ်တဲ့ ဖြူဖြူ အမှုန့်လေးတွေ ဖြစ်ပြီး ရှေ့မှာ သကြားဆိုတဲ့ နာမ်ထည့်လိုက်တာဟာ `သကြားဖြူးထားသော ပလာတာ’ကိုပဲ ဆိုလိုတာ ဖြစ်ကြောင်း၊ ထပ်တရာ ဆိုတဲ့ တကယ်တမ်းအထပ်တရာပြည့်အောင်မရှိသော်လည်း အထပ်အထပ်လေးတွေနဲ့မို့ တင်စားခေါ်ကြသော စားစရာနဲ့ ဘယ်လိုမှ မတူကြောင်း ရှင်းပြလို့မရတာ ဘယ်သူတွေလဲ ရန်ကုန်သားတွေပဲ။ တနိုင်ငံလုံးက အမှား။ သူတို့ပဲ ကွက်မှန်နေတာ။ (သက္ကမိုးညို)

လတ်တလော လူမှုကွန်ရက်မှာ လူပြော များနေကြတာက ရန်ကုန်ထမင်းပေါင်းနဲ့ မန္တလေး ထမင်းပေါင်း ကွာခြားမှု ကိစ္စပဲဖြစ်ပါတယ်။ ရန်ကုန်ထမင်းပေါင်းနဲ့ မန္တလေး ထမင်းပေါင်းတို့ ဘယ်လို ကွာခြားသွားတယ်ဆိုတာ ဆက်လက် ဖော်ပြလိုက်ပါတယ်-

ရန်ကုန်ထမင်းပေါင်းဆိုတာ ထမင်းဖြူပေါ်မှာ အသီးအရွက်စုံနဲ့ ပေါင်းပြီးချက်ထားတဲ့ ကော်ရည်ပူပူကို စမ်းကာ အသားကင် ၊ အခေါက်ကင်၊ ငုံးဥ စတဲ့ အဆာပလာတွေနဲ့ တွဲဖက်စားသောက်ရတဲ့ အစားအစာ ဖြစ်ပါတယ်။ ဘိတ်ချဉ်၊ ကြက်သွန်ချဉ်တို့နဲ့ တွဲစားလေ့ ရှိပါတယ်။ ဝက်သား မစားတဲ့သူတွေကတော့ ကြက်သား၊ ကြက်ပေါင် အစရှိတာတွေနဲ့ ထည့်ပြီး စားသောက်လေ့ ရှိပါတယ်။

မန္တလေးထမင်းပေါင်းကတော့ ထမင်းကို ငရုတ်ဆီနဲ့ နယ်ပြီး ဝက်သားကင်၊ နံရိုးကင်တို့နဲ့ တွဲဖက်စားသောက်ရတဲ့ အစားအစာ တမျိုး ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် ထမင်းသုပ်နဲ့ တူပေမယ့် ထမင်းသုပ်လို ပဲမှုန့်၊ ဆီချက်နဲ့ အနှစ်တို့ မပါဝင်ပါဘူး။ မန္တလေးထမင်းပေါင်းဟာ အရသာ ချိုချိုလေးနဲ့ အမြင် နီနီရဲရဲလေး ဖြစ်ပြီး တွေ့တာနဲ့ စားချင်စရာ အစားအစာ တမျိုး ဖြစ်ပါတယ်။ ဘဲဥ၊ ကြက်ဥ အပြုတ်အကြော်များနဲ့လည်း တွဲဖက် စားလေ့ ရှိပါတယ်။ ဟင်းချို၊ ပဲပင်ပေါက်ချဉ် စတာတွေနဲ့ တွဲစားလေ့ ရှိပါတယ်။

တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းဆိုသလို သူ့အရပ်နဲ့ သူ့ဓလေ့လိုက်ပြီး အစားအသောက်ပြုလုပ်နည်းနဲ့ အခေါ်အဝေါ်တွေ အနည်းငယ် ပြောင်းလဲလေ့ ရှိကြပါတယ်။ ထိုးမုန့်နဲ့ ဂျေဒိုးနပ်တွေကတော့ ဒီလို အငြင်းအခုန်လေးတွေ ရှိကြပေမယ့် အရေးကြီးရင် စည်းလုံးကြတာကတော့ လက်တွေ့မျက်မြင်ပဲ ဖြစ်ပါတယ်။ အမည်နာမ၊ ပြုလုပ်ပုံနည်းတွေ ဘယ်လိုပဲ ကွဲကွဲ သေချာတာကတော့ ကိုယ့်ဒေသရဲ့ မူလအစားအသောက်တွေကို ပိုကြိုက်နှစ်သက်ကြတာကတော့ လူ့သဘာဝပဲ ဖြစ်ပါတော့တယ် ခင်ဗျာ။ (ဖော်ပြပါ ပုံများသည် မန္တလေး ထမင်းပေါင်းနဲ့ ထပ်တရာ ပုံများ ဖြစ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page