ရွှေဈေး (၃) မျိုး၊ ကြီးထွားလာမယ့် ရွှေမှောင်ခိုဈေးကွက်နဲ့ မြန်မာပြည်ရွှေဈေးကွက် ပျက်ချိန်

လက်တလောအချိန်မှာ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ရန်ကုန်မှာရှိတဲ့ ရွှေဆိုင်တွေအားလုံးကို အခေါက်ရွှေတစ်ကျပ်သား ၂,၅၃၀,၀၀၀ ကျပ်နဲ့ရောင်းချဖို့ ပန်ကြားလွှာထုတ်ပြန်ခဲ့ပြီး မနေ့ကဈေးကွက်ပြန်ဖွင့်တဲ့ အချိန်ထိ ရွှေဆိုင်တွေက အဆိုပါဈေးနဲ့ လုံးဝရောင်းချနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်တဲ့ မီးလင်းရွှေတစ်ကျပ်သား ရည်ညွှန်းဈေးက ၁၉ သိန်း ၃ သောင်းကျော်ဝန်းကျင်မှာ ရှိပေမယ့် ဈေးကွက်ထဲရောင်းဝယ်ကြတဲ့ ဈေးနှုန်းကျတော့ ၂၆ သိန်းနဲ့အထက် ဖြစ်တယ်လို့ ရွှေဝယ်ယူသူတွေဆီက သိရပါတယ်။ အတက်အကျအပြောင်းအလဲ အမြဲရှိနေတဲ့ ရွှေဈေးကွက်တစ်ခုကို ပုံသေ သတ်မှတ်ပြီး ရောင်းချခိုင်းတာက မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာနိုင်တယ်လို့ ရွှေရောင်းဝယ်သူတွေ မှတ်ချက်ပြုပါတယ်။

“ဈေးကွက်က ဒေါ်လာဈေးကိုလိုက်ပြီး အတက်အကျနဲ့ သူ့ဖာသာသူဖြစ်နေတာ၊ အမိန့်ထုတ်ပြန်ချက်တွေနဲ့ သတ်မှတ်လိုက်ရင် မှောင်ခိုဈေးကွက်ကဖြစ်လာနိုင်ပြီးတော့ အရောင်းအဝယ်ကြားမှာ ကွာဟချက်ကကြီးမားသွားနိုင်တယ်။

ဆိုင်တွေက သတ်မှတ်ဈေးနဲ့ ရောင်းဆိုရောင်းမှာပဲ ပြီးရင် အလျော့တွက် လက်ခပိုတင်ရောင်းတဲ့အခါကြ ဘာမှမထူးတော့ဘူး ၂၆- ၂၇ လောက်ထိဖြစ်သွားတာတော့ ဝယ်သူပဲရှုံးတာ။ပြန်ရောင်းတဲ့သူတွေကသာ အောက်ဈေးနဲ့ ပြန်ရောင်းရတဲ့အခြေအနေပေါ့။ ရွှေဈေးကတော့ ပေါက်ဈေးအတိုင်းသွားပြီး တက်တက်ကျကျ အဝယ်အရောင်းကြား ကွာဟချက်မကြီးမှပဲ အများပြည်သူမနစ်နာမယ့်အနေအထားပါ” လို့ ရွှေဈေးကွက်နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ရွှေဈေး (၃) မျိုး ဖြစ်နေတဲ့ အချိန်မှာ ရွှေမှောင်ခို ဈေးကွက် ပိုမိုကြီးထွားလာနိုင်ပြီး ရွှေဈေးကွက် ကသောင်းကနင်း ဖြစ်လာနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။ လက်ရှိအချိန် ရွှေဈေးကွက် အတွင်းမှာလည်း ရောင်းလိုအား များနေပြီး ဝယ်ယူသူ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page