သင်္ကြန်ပွဲတော်ကို ထိုင်းကိုယ်ပိုင်ပွဲတော်အဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းမှာ မှတ်တမ်းတင်တော့မည်
ဆုန်ကရန် (Songkran) လို့ လူသိများတဲ့ ထိုင်းသင်္ကြန်ရေသဘင်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့အတွက် ကနဦးအဆိုပြုချက်ကို ယူနက်စကိုက လက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။
ယူနက်စကိုကလည်း ဆုန်ခရန်သင်္ကြန်ပွဲတော်ကို အမွေအနှစ်စာရင်းတင်သွင်းမှုနဲ့ပတ်သက်လို့ စဉ်းစားဆုံးဖြတ်မယ့်စာရင်းထဲ ထည့်သွင်းထားတယ်လို့လည်း ရေးသားထားပါတယ်။
ထိုင်းရေသဘင်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage – ICH) အဖြစ် စာရင်းသွင်းဖို့အတွက် Songkran in Thailand, traditional Thai New Year festival နာမည်နဲ့ အဆိုပြုခဲ့တာဖြစ်ပြီး ICH ဟာ ကမ္ဘာ့အမွေအနှစ်မဟုတ်ပေမဲ့ ကမ္ဘာ့အမွေအနှစ် (World Heritage site) နဲ့ ထပ်တူဂုဏ်သိက္ခာကြီးမားတယ်လို့ ဖော်ပြကြပါတယ်။
ထိုင်းနိုင်ငံမှာ ခွန်လို့ ခေါ်တဲ့ မျက်နှာဖုံးဝတ်ဆင်ပြီးကပြရတဲ့ ထိုင်းရိုးရာအက၊ ထိုင်းအနှိပ်ပညာနဲ့ ထိုင်းတောင်ပိုင်းက နိုရာ လို့ ခေါ်တဲ့ရိုးရာယဉ်ကျေးမှုအက စတဲ့ ထိုင်းရဲ့ ထင်ရှားတဲ့ ရိုးရာအမွေအနှစ်တွေဟာ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းသတ်မှတ်ခံထားရပြီးဖြစ်လို့ ဆုန်ခရန်ပွဲတော်သာ အမွေအနှစ်စာရင်းမှာထပ်မံပါဝင်လာခဲ့ရင် လေးခုမြောက်ယူနက်စကိုရဲ့ စာရင်းဝင်ဖြစ်လာမှာဖြစ်ပါတယ်။
ထို့အပြင် ထိုင်းနိုင်ငံဟာ မွေထိုင်း၊ ထိုင်းသရက်သီးကောက်ညင်းဟင်းလျာနဲ့ Phi Ta Khon လို့ခေါ်တဲ့ ထိုင်းအရှေ့တောင်ပိုင်းက ရိုးရာပွဲတော်တွေမှာ ကပြဖျော်ဖြေလေ့ရှိတဲ့ ထိုင်းရိုးရာအကတို့ကို ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်း ထပ်မံတင်သွင်းဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းကနေ ၂၀၀၃ ခုနှစ်မှာ ခွဲထွက်ခဲ့တဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိုင်းနိုင်ငံ အနေနဲ့ ၂၀၁၆ ခုနှစ်မှာ အဖွဲ့ဝင်ခဲ့တယ်လို့ သိရပါတယ်။
သင်္ကြန်ပွဲတော်ရဲ့ မူလပိုင်ရှင် မြန်မာနိုင်ငံကတော့ ရိုးရာအမွေအနှစ်ကို နိုင်ငံတကာကို မတင်ပြနိုင်ဘဲ မပျောက်ကွယ်အောင်ဘဲ မနည်းလုပ်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ကမ္ဘာ့မှတ်တမ်းမှာတော့ ရေကစားတဲ့ သင်္ကြန်ပွဲတော်ဆိုတာ ထိုင်းနိုင်ငံရဲ့ ကိုယ်ပိုင်ပွဲတော် အဖြစ် စာရင်းဝင်သွားတော့မှာပဲ ဖြစ်ပါတယ်။