နှစ်ပေါင်း (၅၀) နီးပါးအထိ ပရိသတ်ရင်ထဲ မေ့မရသေးတဲ့ “အဖေတခု သားတခု” ရုပ်ရှင်အကြောင်း

အဖေတခု သားတခု၊ ဆောင်းပါးခေါင်းစဉ်ကို ဖတ်လိုက်သည်နှင့် ရုပ်ရှင်ချစ်ပရိသတ်များ ရုပ်ရှင်သရုပ်ဆောင်စိန်မြင့်နှင့် ကလေးသရုပ်ဆောင်အောင်ထွန်းလေးတို့ကို ပြေးမြင်ကြမည်မှာ မလွဲ။ ထိုဇာတ်ကားရုံတင်ပြသခဲ့သည်မှာ ၄၆ နှစ် ကြာခဲ့ပြီဖြစ်သော်လည်း မနေ့တစ်နေ့ကလို အမှတ်ရနေကြဆဲ။

မြန်မာ့ရုပ်မြင်သံကြားမှလည်း ထိုဇာတ်ကားကို ပြန်လည်ပြသပေးနေသည့်အတွက် မျိုးဆက်သစ်များလည်း ကြည့်ကြရမည်ထင်ပါသည်။ နိုင်ငံတဝန်း လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်မျက်ရည်ကို ခြှေချနိုင်စွမ်းရှိသည့် ဇာတ်ကားတစ်ကားပါ။

နယူးဘားမားရုပ်ရှင်ထုတ်လုပ် ရေးမှ ၁၉၇၅ ခုနှစ်တွင် စတင်ရိုက်ကူးခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ရုံတင်ပြသခဲ့ သည့် ဒါရိုက်တာမောင်နန္ဒ၏ လက်ရာ။ သရုပ်ဆောင် စိန်မြင့်၊ ဆွေဇင်ထိုက်၊ ကလေးသရုပ်ဆောင် အောင်ထွန်းလေး၊ ဇော်လင်းတို့နှင့်အတူ ဝါရင့်သမ္ဘာ ရင့် ဇာတ်ပို့များဖြစ်ကြသည့် စိန်ဂျွန်းထွန်းရွှေ၊ သီတာခင်ထွေး၊ ဒေါ်ဂျမ်းစိန်၊ မြင့်ဖေနှင့်မအေးကြည်တို့ ပါဝင်ထားကြသည်။

ဇာတ်လမ်းအကျဉ်းချုပ်မှာ အရှက်နှင့် သိက္ခာအတွက် လူ့အသက် တစ်ချောင်းကို ထည့်မတွက်၊ ဂုဏ်သိက္ခာကို ရှေ့တန်းတင်သော လူ့အသိုင်း အဝိုင်းတခုမှ ဖခင်အမည်မဖော်လိုသည့်အတွက် မွေးကင်းစကလေးငယ်ကို ရက်ရက်စက်စက် စွန့်ပစ်ခဲ့ကြသည်။

‌ေ-သကံမရောက် သက်မပျောက် ကံအကြောင်းတိုက်ဆိုင်၍ တွေ့ရှိသွားသူက ဆင်ခြေဖုံးရပ်ကွက်နေ လက်လုပ် လက်စားကျပန်းစျေးရောင်းသူ စိန်မြင့်။ ကောက်ယူမွေးစားရန် အခက်အခဲများစွာရှိကြောင်း တွေးမိသော်လည်း သူ့တွင် ဥပေက္ခာပြုနိုင်သော နှလုံးသားမရှိ။ အိမ်မရှိဘဲခွေးမွေးဆိုသကဲ့သို့ မိခင်အိုကြီးနှင့် ချို့ချို့ငဲ့ငဲ့နေရသည့်ကြားမှ ထိုကလေးကို ဒုက္ခခံမွေးခဲ့သည်။

မိဘရင်းနှင့်မခြား သူသည်ပင်အဖေ၊ သူသည်ပင် အမေ။ အရေးထဲမိခင်ကြီးဆုံးပါးသွားရာ ပို၍သောကဗျာပါဒများတော့သည်။ တကိုယ်တည်းသမားမို့ ကူဖော် လောင်ဖက်မရှိ။ ကလေးကို အိမ်မှာထားခဲ့၍ မရ။ စျေးရောင်း ထွက်လေတိုင်း ခေါ်သွားရသည်။

သစ်သီးခြင်းတောင်းထဲထည့်၍ တစ်မျိုး၊ တွန်းလှည်းဖြင့် ရောင်းသည့် ရေခဲချောင်းပုံးပေါ်တင်တွန်းသည်က တစ်ဖုံ၊ ပူဖောင်းရောင်းသည့်အခါ လက်ကဆွဲသည်က တစ်နည်း၊ နေပူမရှောင်၊ မိုးရွာမရှောင် ပင်ပန်းကြီးစွာ ရုန်းကန်နေရသော်လည်း ပင်ပန်းသည်ဟုမထင်။ သားအဖနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အပျော် ကြီးပျော်ခဲ့ကြသည်။

ဤသို့ဖြင့် ကလေးငယ်သည် တဖြည်းဖြည်းကြီးပြင်းလာခဲ့ရာ သားအဖနှစ်ဦး၏ သံယောဇဉ် အညွန့်အဖူးလေးတွေကလည်း တဆင့် ထက်တစ်ဆင့် ရင့်သထက် ရင့်သန်လာလေတော့သည်။ ထိုစဉ် မိခင်ရင်းဖြစ်သူ ဆွေဇင်ထိုက်ပေါ်လာပြီး ကလေးကိုပြန်လိုချင်ကြောင်း ပြောလာသည်။

ကလေးမိဘအသိုင်းအဝိုင်းဘက်က ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ကလေးပြန်ရရေးအပြင်း အထန် ကြိုးစားလာရာ စိန်မြင့်ဘက်ကလည်း ပြန်မပေးနိုင်၊ ပြန်မပေးချင်။ ကလေးဘက်ကလည်း စိန်မြင့်ကိုသာ သံယောဇဉ်တွယ်ပြီး မခွဲနိုင်မခွာရက် သောကများကြတော့သည်။

နောက် ဆုံးစိန်မြင့်ကပင် ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုတွေးပြီး အလျှော့ပေးကာ ကလေးဘဝ ကောင်းစားရေးအတွက် ကလေးကိုစွန့်လွှတ်ဖို့ကြိုးစားသည်။ ကြေကွဲသမျှ အံကြိတ်ခံရင်း ကလေးသူ့ကို မခင်တွယ်လေအောင် မုန်းဟန်ပြ သည်။

ကလေးက စိန်မြင့် သူ့ကို မုန်းဟန်ပြသော်လည်း အချစ်မပျက် ခွဲဖို့ခက်သည့်အဆုံး မိခင်ရင်းဘက်က ကလေးကို မရမကဆွဲခေါ်သွားပြီး ချမ်းသာ ကြွယ်ဝသောအသိုင်းအဝိုင်းဖြစ်သည့်အတွက် ကလေးကို လိုလေသေးမရှိထားသည်။

သို့သော် ကလေးသည်မပျော်၊ စိတ်ဆင်းရဲပြီး ဖခင်စိန်မြင့်ကိုသာ တမ်းတလျက် စိန်မြင့်ကလည်း ကလေးနှင့် ခွဲလိုက်ရ သည့်အတွက် မစားနိုင်၊မအိပ်နိုင်၊တမှိုင်မှိုင်။ တစ်နေ့ကလေးသည် မိခင်အလစ် အိမ်မှခိုးထွက်ပြီး ဖခင်ရှိရာ ဆင်ခြေဖုံးရပ်ကွက်သို့ အပြေးပြန်သည်။

ဖခင်ကို တွေ့လိုဇောဖြင့် ကလေးသည် အခြားဘာကိုမှမမြင်၊ သားအဖနှစ်ဦး တဦးနှင့်တဦး မြင်နေရပြီး ပြန်ဆုံကြမည့်ဆဲဆဲတွင် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားနှင့် ကလေးကိုတိုက်မိတော့မည်ဖြစ်ရာ စိန်မြင့်သည် ကလေးကို အသက်နှင့်လဲပြီး ကာကွယ်လိုက်သည့်အတွက် ကလေးသည် အန္တရာယ်မှလွတ်ကင်းသွားသော်လည်း စိန်မြင့်သည် ကားတိုက်ခံရသည့်ဒဏ်ရာဖြင့် ထိုနေရာတွင်ပင်ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်။

အင်အားကြီးမားလှသည့် မိဘမေတ္တာကိုပေါ်လွင်အောင် ရိုက်ကူးပုံဖော်ထားသည့် ဇာတ်ကား။ ၅၂၈ မေတ္တာကို အခြေခံသည့် ဇာတ်လမ်းများရိုက်ကူးရာတွင် ပရိသတ်ကို ဖမ်းစားရခက်သည်။ အခန့်မသင့်က ပရိသတ်ငြီးငွေ့သွားတတ် သည်။

ဒါရိုက်တာ၏ စေ့စပ်သေချာမှု၊ လက်ရာမြောက်မှု၊ စိန်မြင့်၏ မရှိတာ ရှိတာအပထား မေတ္တာတရားကြီးမားလှသော ဖခင်တစ်ဦး၏ အသွင်ပီပြင်စွာ သရုပ်ဆောင်နိုင်မှု၊ အောင်ထွန်းလေး၏ တွတ်တီးတွတ်တာ ချစ်စဖွယ်အမူအရာများဖြင့် ဖခင်အပေါ် သံယောဇဉ်ကြီးမားလှသည့် ကလေးတစ်ဦးအသွင် ပီပြင်စွာသရုပ်ဆောင်နိုင်မှု၊ ဇာတ်ပို့ဇာတ်ရံတို့၏ ဇာတ်လမ်းနှင့်အံဝင်ခွင်ကျ အထောက်အပို့ကောင်းမှု တို့ကြောင့် ပရိသတ်ငြီးငွေ့ချိန်မရ။ သဘာဝကို ဟာသလေးနှောပြီး တင်ဆက်ထားပြန်သဖြင့် ဇာတ်ကားအစမှ အဆုံးတိုင် ပရိသတ်ကိုအာရုံမပြတ်ဆွဲခေါ်သွားနိုင်သည်။

ဒါရိုက်တာသည် ကြည်နူးဖွယ်ရာ ကောင်းလှသည့်သားအဖနှစ်ဦး၏ သံယောဇဉ်ကို အဆုံးအထိ ဆွဲဆန့်ပြီးမှ ပရိသတ်အရှိုက်ထိအောင် အလွမ်းဖြင့် ဇာတ်သိမ်းပြလိုက်သည့် အတွက် ထိုစဉ်က လက်ကိုင်ပဝါပါမသွားသည့်ပရိသတ်များ အခက်တွေ့ကြသည်။

၁၉၇၇ ခုနှစ်တွင် စိန်မြင့်သည် အဆိုပါ “အဖေတစ်ခု သားတစ်ခု” ဇာတ်ကားဖြင့် အကောင်းဆုံးသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုရရှိခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူး၍ အရှိန်ကောင်းနေဆဲ ၁၉၈၇ခုနှစ် ဇန်နဝါရီလတွင် ကွယ်လွန်သွားခဲ့သည်။

အကယ်ဒမီစိန်မြင့်ကို ၁၉၄၉ ခု အင်္ဂါနေ့မှာ မွေးဖွားသည်။ မင်းသား ဖြစ်ရန်ရည်ရွယ်ရင်း မရှိ။ သို့သော် ဇာတာကပါလာသည်။ အပွေးမြင်အပင်သိ၊ ဒါရိုက်တာ ရှုမဝချစ်စိန်၏ စင်တင်ပေးမှုဖြင့် ရုပ်ရှင်လောကထဲရောက်ရှိခဲ့သူ။ ၁၉၆၈ ခုနှစ်မှ၁၉၈၇ ခုနှစ်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၄၆ ကားရိုက်ကူး ခဲ့ရာ

အများဆုံးရိုက်ကူးခဲ့သည့် ဒါရိုက်တာများမှာ ရှုမဝချစ်စိန်နှင့် မောင်နန္ဒ၊ မင်းသမီး တင်တင်နွဲ့၊ နွဲ့နွဲ့မူ၊ ဆွေဇင်ထိုက်တို့နှင့် တွဲဖက်ရိုက်ကူးမှုများပြီး အောင်မြင်ကျော်ကြားခဲ့သည့် ဇာတ်ကားများအနက် အချို့ကို ဖော်ပြရလျှင် အဖေတခု သားတခု(ဇော်လင်း၊ ဆွေဇင်ထိုက်၊ အောင်ထွန်းလေးတို့နှင့်)၊ ရုပ်ရှင်ရူးမလေး (ခင်သန်းနုနှင့်)၊ စံရွှေမြင့်ရဲ့ မာမာ(နွဲ့နွဲ့မူနှင့်)၊ လူဆိုးတွေနဲ့ မောင်တိုင်ပင် (မြင့်မြင့်ခင်နှင့်)၊ မောင့်လက်သံတညံညံ(ခင်ယုမေနှင့်)၊ မယား နေစကြောင်သေမှ(ဆွေဇင်ထိုက်နှင့်)၊ ချဉ်သီးနှင့်ဆား (ဒေစီကျော်ဝင်းနှင့်)၊ ဆိတ်မြည်သံ(ခင်မိုးမိုးနှင့်)၊ မဟာဆန်ချင်သူ(ထွန်းဝေ၊ ကြည်ကြည်ဌေးတို့နှင့်)၊ သြော်ရုပ်ရှင် (တွံတေးသိန်းတန်၊ စန္ဒာတို့နှင့်)။

ရုပ်ရှင်အတွက် ရင်းလိုက်ရသည့် စိန်မြင့်၏ တကယ့်ဖြစ်ရပ်လေးတခုမှာ ၁၉၇၅ ခုနှစ်တွင်ရုံတင်ပြသခဲ့သည့်ဒါရိုက်တာမောင်နန္ဒ၏ လက်ရာ ”ရန်စွယ်ကြားက လှဥမ္မာ” ဇာတ်ကားအတွက် စစ်ကိုင်းတောင်ရိုးတစ်ဝိုက်သို့ ဇာတ်ဝင် ခန်းများ သွားရောက်ရိုက်ကူးစဉ် ဇာတ်ကြမ်းကားဖြစ်သည့်အတွက် ပီပြင်အောင် စွန့်စွန့်စားစား ကြမ်းကြမ်းရမ်းရမ်း ရိုက်ကူးကြရသည်။

ဇာတ်လမ်း အရ လူဆိုးများ ဆွေဇင်ထိုက်ကို ဖမ်းခေါ်သွားရာ စိန်မြင့်သည် မြင်းကို ဒုန်းစီးပြီး လိုက်လံကယ်တင်သည်။ ထိုစဉ်ရှေ့လှည်းပေါ်က ဆွေဇင်ထိုက်ကို လှမ်းဆွဲပြီး သူစီးလာသောမြင်းပေါ်သို့ ပွေ့အတင် အခန့်မသင့်၍ စိန်မြင့်မြင်းပေါ်မှ ပြုတ်ကျပြီး ပေါင်ကျိုးသွားခဲ့သည်။ အရေးပေါ်စစ်ကိုင်းဆေးရုံသို့တင်ပြီး ထိုမှတစ်ဆင့် မန္တလေးဆေးရုံသို့ ပို့၍ စတီးချောင်းအစားထိုးကုသခဲ့ရာ ခြောက်လခန့် အနားယူလိုက်ရသည်။

ဘဝလက်တွဲဖော်အဖြစ် အကယ်ဒမီဆွေဇင်ထိုက်နှင့် ဖူးစာဆုံခဲ့ပြီး သမီး နွေးနွေးစိန်မြင့်ကို မွေးဖွားခဲ့သည်။ လှော်ကောင်းတုန်းတက်ကျိုးသည့် အဖြစ်မျိုးကြုံခဲ့ရသော်လည်း ကံပေးသမျှ လူ့ဘဝ၌နေခွင့်ရခိုက် အချိန်ကို အကျိုးရှိစွာ အသုံးချရင်း ရုပ်ရှင်လောကအတွက် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ စိန်မြင့်သို့ ပြန်လည် အမှတ်ရစိမ့်သောငှာ ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။ (SaryarSai Min Thant) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page