တချိန်က အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးညီမျှအောင် ထုတ်ခဲ့တဲ့ မြန်မာ့အက်ဖ်အီးစီ ငွေစက္ကူအကြောင်း

မဆလခေတ်တုံးက Diplomatic Store ဆိုတဲ့တန်ဘိုးကြီး ဇိမ်ခံပစ္စည်းရောင်းတဲ့ ဆိုင်ကြီး ဆူးလေဘုရားလမ်းမှာ ဖွင့်ခဲ့ဖူးတယ်။ သံရုံးဝန်ထမ်းများနဲ့ အမေရိကန်ဒေါ်လာ တရားဝင်လက်ဝယ်ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံသားသူဋ္ဌေးကြီးများသာ Diplomatic Store မှာဝယ်ယူနိုင်ခွင့် ရှိကြတယ်။

တန်ဘိုးကြီး နိုင်ငံခြားဖြစ်အရက်အမျိုးမျိုး၊ စီးကရက်၊ ရေမွေး၊ တင်းနစ်ရက်ကက်၊ ဂေါ့ဆက်၊ နေကာမျက်မှန်၊အဝတ်အထည်အစုံရှိတယ်။ တပါတီ မဆလခေတ်မှာ မြန်မာပြည်သူ အများစု မမြင်ဘူးမရောက်ဘူးတဲ့လူတန်းစားတရပ်အတွက် ဖွင့်လှစ်ပေးတဲ့ အထူးဆိုင်ကြီးပါ။

၁၉၉၃-၉၄ နဝတစစ်အာဏာရှင်ခေတ် နိုင်ငံခြားကုန်ပစ္စည်းအရောင်းဆိုင်များ ရန်ကုန်မြို့ထဲမှာ ဖွင့်လှစ်ခဲ့တယ်။ FEC (Foreign Exchange Certificate) ရှိတဲ့မြန်မာနိင်ငံသားတိုင်း “ Kyat Plus Dollar ” (FEC + ကျပ်ငွေ) အမည်ပေးထားတဲ့ ရောင်းဝယ်ရေးစနစ်သစ်နဲ့ ကုန်ပစ္စည်းကို ရောင်းချခဲ့တယ်။

ဥပမာ တိုရှီဘာတီဗီ အရောင်းဆိုင်မှာ တီဗီတလုံးကို FEC + ကျပ်ငွေနဲ့ မည်သူမဆို လွတ်လတ်စွာ ဝယ်ယူနိုင်တယ်။ နိုင်ငံပိုင် စက်ရုံထုတ်အပြင်‌ ရောင်းစားရင် မြတ်တဲ့ စက္ကူ၊ ဘိလပ်မြေ၊ ဒီဇယ်၊ ဓါတ်ဆီကို “ Kyat Plus Dollar ” စနစ်နဲ့ ဝယ်ယူပြီး ပြည်တွင်းဈေးကွက်ကို ကျပ်ငွေနဲ့ လွတ်လပ်စွာ ပြန်ရောင်းချနိုင်တဲ့စနစ် ဖြစ်ခဲ့ဖူးတယ်။ 1 FEC = 1 USD တန်ဘိုးသတ်မှတ်ထားတယ်။

FEC ဝင်ငွေရှိသူများသာ အရာရာအားသာခဲ့တယ်။ ကျပ်ငွေပဲဝင်သူ လူများစု ပါးစပ်ဟ ငေးကြည့်ခဲ့ရတယ်။ FEC (Foreign Exchange Certificate) ဆိုတာ FE (Foreign Exchange) ခေါ်တဲ့ နိုင်ငံခြားငွေကြေးကို ထိန်းချုပ်တဲ့ ကရိယာတခု ဖြစ်တယ်။

ဆိုဗီယက် (ရုရှား) ဦးဆောင်တဲ့ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံဟောင်းများ၊ တရုတ်၊ မြောက်ကိုရီးယား၊ ကျုးဘား၊ ပြိုကွဲသွားတဲ့ ယူဂိုဇလားဗီးယား (ဆားဗီးယား)နဲ့ မြန်မာနိုင်ငံမှာ FEC အသုံးပြုခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၃ မတ်လအထိ FEC အသုံးပြုခဲ့တယ်။

ငွေလဲလှယ်နူန်းကို အစိုးရက တင်းကျပ်တဲ့ မှုဝါဒနဲ့ ထိန်းချုပ်ထားပြီး မိမိအမျိုးသားငွေကြေးဟာ နိုင်ငံတကာငွေကြေးဈေးကွက်မှာ အလွယ်တကူ လဲလှယ်နိုင်ခြင်း မရှိတဲ့ နိုင်ငံများဟာ FEC ကို FE ကြားခံအဖြစ် အသုံးပြုကြရတယ်။

FEC အသုံးပြုတဲ့ နည်းစဉ်ပုံစံ အမျိုးမျိုးရှိပြီး နိုင်ငံအလိုက် ကွဲပြားကြတယ်။ နိုင်ငံတကာငွေ လဲလှယ်နူန်းတည်ငြိမ်တဲ့ ပေါက်ဈေးရှိပြီး ကမ္ဘာ့မည်သည့်ငွေကြေးဈေးကွက်တိုင်းမှာ အလွယ်တကူ လဲလှယ်ရယူနိုင်ပြီးခိုင်မာတဲ့ငွေကြေး ဥပမာ အမေရိကန်ဒေါ်လာ၊ ယူရိုကို မိမိကိုယ်ပိုင်ငွေကြေးစနစ် (ကျပ်) နဲ့ အလွယ်တကူ မလဲလှယ်နိုင်ရင် ငွေကြေးစနစ်အနာခံပြီး FEC ကိုကြားခံအနေနဲ့ အစိုးရက ယာယီအသုံးပြုကြတယ်။

၁၉၉၃ မှာ မြန်မာနိုင်ငံမှာ FEC စအသုံးပြုခဲ့တယ်။ နှစ်နှစ်ဆယ်ကျော် FEC အသုံးပြုပြီး၂၀၁၃ ဧပြီ (၁) ရက်နေ့ကစပြီး FEC ကို ဖျက်သိမ်းဖို့ ရက်ပေါင်း (၃၀) ကြားကာလသတ်မှတ်ခဲ့တယ်။ မလုံလောက်သေးလို့ ၂၀၁၄ မတ်လ (၃၁) ရက်အထိ ရက်တိုးမြှင့်ပေးခဲ့တယ်။ ဗဟိုဘဏ်ထုတ်ပြန်ချက်အရ ၂၀၁၂ ဒီဇင်ဘာလအထိ မြန်မာတနိုင်ငံလုံးမှာ FEC ၃၀.၉၂ သန်းလည်ပတ်နေတယ်။

၁၉၉၅ မှာကျွန်တော် FEC နဲ့လစာရရှိခဲ့တယ်။ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှာငွေစာရင်းဖွင့်ပြီးအစိုးရကို ၁၀ ရာခိုင်နူန်း အခွန်ပေးဆောင်ရတယ်။ မြန်မာကျပ်ငွေ တန်ဘိုးကျပြီးရင်းကျလို့ FCE ကို မြန်မာငွေနဲ့ဖလှယ်ရင် “ကျပ်” များများရခဲ့တယ်။ လစာကို FEC နဲ့မဟုတ်ပဲ “ကျပ်” နဲ့ရကြတဲ့ မြန်မာနိုင်ငံသားအများစု မြန်မာကျပ်ငွေတန်ဘိုးကျတဲ့ဒဏ်ကို ကျောကော့အောင် ခံစားနေကြရတာ ဒီနေ့အထိ။

မြန်မာကျပ်ငွေ တန်ဘိုးထိုးကျနေလို့ အရပ်ရပ်ကုန်စည်ဈေးနူန်းတက်တဲ့ဒဏ် မြန်မာနိုင်ငံသားများ ခံစားနေကြရတာ ကြာပြီ။ ဘယ်အစိုးရမှ ကုစား မပေးနိုင်ဘူး။ ၂၀၂၂ ဇူလိုင်လအတွင်းက FEC ပြန်ထုတ်မယ် ကောလဟလဖြစ်ခဲ့လို့ ဗဟိုဘဏ်က မဟုတ်ဘူး ဖြေရှင်းချက် ထုတ်ပြန်ခဲ့ရသေးတယ်။ (လွင်ဦး_ရန်ကင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page