ရွှေဈေး (၂၇) သိန်းအထက် ရောင်းတဲ့ ရွှေဆိုင်မှန်သမျှ ပိတ်ပစ်မည်ဟု ရွှေအသင်း ဥက္ကဌ ပြော
ဈေးကွက်အတွင်း ရွှေဈေးကစားခြင်းနှင့် ဈေးဆွဲတင်ရန်ကြိုးစားမှုများ ရှိနေသည့်အတွက် ရွှေတစ်ကျပ်သား (၂၇) သိန်းကျပ်အထက် ရောင်းချသည့် ဆိုင်များကို ဆိုင်လိုင်စင်ပိတ်သိမ်းကာ အမည်ပျက်စာရင်း ကြေညာမယ်လို့ ရွှေလုပ်ငန်းရှင်များ ဥက္ကဌက ပြောလိုက်ပါတယ်။
ယမန်နေ့ ဇန်နဝါရီ (၁၁) ရက်က စတင်ကာ ရန်ကုန်မြို့ တော်စည်ပင်နှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ဈေးကွက်အတွင်း စစ်ဆေးမှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
“ရှိရင် ချက်ချင်း ပြောလိုက် ၊ ဆိုင်လိုင်စင်သိမ်းလိုက်မှာပဲ။ မနေ့က ဆိုင်လိုင်စင်သိမ်းမယ့်အဆင့် တခါတည်း လုပ်လိုက်တာပါ။ (၂၇) သိန်းကျော်လို့ ရှိရင် မြို့တော်စည်ပင်ကို အကြောင်းကြားလိုက်၊ အဲဒီမှာ ဆိုင်လိုင်စင် သိမ်းလိုက်မှာပဲ။ ဘာမှအကြောင်းပြစရာမရှိတော့ တရုတ်နှစ်ကူးတို့ ဘာတို့ လျှောက်ပြီး ပြောနေကြတယ်။ ကျွန်တော်တို့ကတော့ NGO အသင်းပဲဆိုတော့ မေတ္တာရပ်ခံတဲ့ သဘောပဲ လုပ်နေတာ။ ဌာနဆိုင်ရာကတော့ မနေ့ကတည်းက လိုက်ပြီးတော့ စစ်ဆေးနေပါပြီ။ သူတို့ အဆင်မပြေတာတွေ့ရင်တော့ ဆိုင်လိုင်စင်တစခါတည်း ပိတ်သိမ်းပြီးတော့ BlackList တခါတည်း ကြေညာလိုက်မှာပေါ့” ဟု ဦးမျိုးမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ (၂၆) သိန်းခွဲဝန်းကျင်ဖြင့် တည်ငြိမ်နေသည့် ပြည်တွင်း ရွှေဈေးကွက်မှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ (၂၇)သိန်းအထက်သို့ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ဈေးကွက် မတည်မငြိမ်ဖြစ်ရခြင်းမှာ ကောလာဟလ သတင်းဖြန့်ပြီး ဈေးကစားရန် ကြိုးစားမှုများကြောင့်ဖြစ်ပြီး ယင်းသို့ ဈေးကစားရန်ကြိုးစားမှုများအား ဖော်ထုတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်ရွှေအသင်းက ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။
“တို့အသင်းသားတွေထဲက မဟုတ်ဘူးကွ။ အပြင်က လူတွေကလုပ်နေတာ။ အဲဒီတော့ တို့အသင်းမှာလည်း ရွှေဈေးကွက် ပျက်တာပေါ့ကွာ။ ဈေးကွက်တည်တည်ငြိမ်ငြိမ်မရှိတော့ဘူး။ အဲဒါကြောင့် တို့ကမေတ္တာရပ်ခံနေတာပေါ့ ” ဟု ဦးမျိုးမြင့်က ပြောပါတယ်။
ယနေ့ ဇန်နဝါရီလ (၁၂) ရက် ပြင်ပဈေးကွက်တွင် အခေါက်ရွှေ (၁) ကျပ်သား၏ ပေါက်ဈေးမှာ ၂၈၃၅၀၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း ကြားသိရပါတယ်။ ယနေ့ ဇန်နဝါရီ (၁၂) ရက် နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် ကမ္ဘာ့ရွှေတအောင်စပေါက်စျေးမှာ ၁၈၈၄ ဒေါ်လာ ဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၂၁၈၄၀၀ ကျပ်ဖြင့် ဈေးဖွင့်ထားတယ်လို့ သိရပါတယ်။
ထိန်းလို့ မရတဲ့ ရွှေဈေးကို အမိန့်အာဏာနဲ့ အတင်းအကြပ် ပုံသေဈေးနှုန်းထားရှိပါက ရွှေအရောင်းအဝယ် ဈေးကွက် ပျက်စီးသွားနိုင်ပြီး မြန်မာ့ရွှေဈေးကွက် ကမောက်ကမ ဖြစ်သွားနိုင်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတဦးက သုံးသပ်ထားပါတယ်။