ဖြေသမျှ အကုန်အအောင်ပေးမယ့် စကစ ဆယ်တန်းစာမေးပွဲ အချိန်ဇယား ထုတ်ပြန်ကြေညာ
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမယ့်ရက်ကို စကစ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
မတ်လ ၈ ရက်နေ့မှာ မြန်မာစာ၊ ၉ ရက်မှာ အင်္ဂလိပ်စာ၊ ၁၀ ရက်မှာ သင်္ချာ၊ ၁၃ ရက်မှာ ဓာတုဗေဒ၊ ၁၄ ရက်နေ့ ရူပဗေဒ၊ ၁၅ ရက်မှာ ဇီဝဗေဒ/ ဘောဂဗေဒ၊ ၁၆ ရက်နေ့မှာတော့ ပထဝီ၊ ၁၇ ရက်မှာတော့ သမိုင်းဘာသာရပ် နဲ့ ၁၈ ရက်နေ့တွင် စိတ်ကြိုက် မြန်မာစာတို့ ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။
စာမေးပွဲရဲ့ အချိန်စာရင်းကိုတော့ နံနက် ၉ နာရီကနေ စပြီး ၁၂ နာရီအထိ ၃ နာရီအကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုဟာ စနစ်ဟောင်း သင်ရိုးဟောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးထားသူတွေနဲ့ မဖြေလိုက်သူတွေ ပြန်ဖြေဆိုခွင့်အတွက် ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁-၂ဝ၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူတွေရဲ့ အောင်စာရင်းကို စာစစ်ဦးစီးဌာနက ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အောင်မြင်သူ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုဗစ်မဖြစ်ခင် နောက်ဆုံးကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျောင်းသား ကိုးသိန်းကျော်အထိ ဝင်ဖြေခဲ့ပေမယ့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ဖြေဆိုသူ ၂၈၁,၇၅၁ ဦးသာ ဖြေဆိုခဲ့ပြီးတော့ အောင်မြင်သူ ၁၃၂,၀၇၇ ဦးရှိခဲ့တယ်လို့ စကစ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန စာရင်းအရသိရပါတယ်။