၂၀၂၃ မှာ လာတော့မယ့် ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ကော်ပိုရိတ်လုပ်ငန်းတွေရဲ့ ကျဆုံးခန်း
ကမ္ဘာ့စီးပွားရေး ပျက်ကပ် (Global Financial Crisis) အနှေးနဲ့ အမြန်ဖြစ်လာဖို့က သေချာသလောက်ဖြစ်နေပါပြီ။ မနေ့က စီအန်ဘီစီ သတင်းမှာ သတင်းတခု ဖတ်ရတယ် အမေရိကန်က ဘီလီယံနာတွေက ၂၀၂၂ တစ်နှစ်ထဲ အမေရိကန်ဒေါ်လာ ၆၆၀ ဘီလီယံ ဆုံးရှုံးသွားတယ်တဲ့။
တကမ္ဘာလုံးက ဘီလီယံနာတွေပေါင်းရင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ (2 Trillion) တောင်ဆုံးရှုံးသွားတယ်တဲ့။ သေချာတာက သူတို့တွေတောင် ဒီလောက်ဆုံးရှုံးနေရင် ဒါတွေဟာ လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားတွေကို အနှေးနဲ့ အမြန် ရိုက်ခတ်လာမှာပါ။
အီလွန်မတ်စ်ရဲ့ တက်စ်လာ ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပြုတ်ကျသွားတယ်။ အမေဇုန်သူဌေး ၈၀ ဘီလီယံ ဆုံးရှုံးသွားတယ်။ ဖေ့ဘုတ်ဖောင်ဒါ မတ်ဇူကာဘတ် ၇၈ ဘီလီယံ ဆုံးရှုံးသွားတယ်။ ဂူးဂဲဖောင်ဒါ လယ်ရီပေ့က ၄၀ ဘီလီယံ ဆုံးရှုံးသွားတယ်တဲ့။
ဒါတွေဟာ အနှေးနဲ့ အမြန် စင်ကာပူ ၊ မြန်မာနဲ့ တခြားနိုင်ငံတွေကို သက်ရောက်လာမှာပါ။ ဒီရိုက်ခတ်မှုက ကြီးမားပါလိမ့်မယ်။ ရှေ့နှစ်မှာ အလုပ်ဖြုတ်တာတွေ ဒီထက်ပိုများလာနိုင်ပါတယ်။ အခုတောင် တွစ်တာနဲ့ ဖေ့ဘုတ် အလုပ်ဖြုတ်မှုတွေ တော်တော်ဂယက်ရိုက်နေပါတယ်။
ဆီမီးကွန်ဒက်တာလုပ်ငန်းက အသိအကိုအမတွေကလည်း ရှေ့နှစ်ကျိန်းသေ စီးပွါးရေးပျက်ကပ်လာမှာဆိုပြီး ပြောနေကြပါတယ်။ ၂၀၀၈ လဲမို့ brothers ဒေဝါလီခံတာကနေ စလိုက်တဲ့ အကျပ်အတည်းက စင်ကာပူမှာ သူငယ်ချင်းတချို့လဲ အလုပ်ဖြုတ်ခံရတာ ပါသွားဖူးပါတယ်။ အဓိကပြောချင်တာက အဲဒီအချိန်ကျရင် အလုပ်တွေရှာဖို့ အရမ်းကြီး မလွယ်သလို အလုပ်လျော့တဲ့အထဲလည်း ပါသွားတတ်ကြကြောင်း အခုထဲက ကြိုတင်ပြင်ဆင်ထားဖို့ မေတ္တာဖြင့် သတိပေးလိုက်ရပါတယ်။ (ရဲမင်း)